အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) သည် တနင်္ဂနွေနေ့က ကျင်းပသော ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရသည်။ ထိုအချက်မှာ ရိုးရှင်းလှသည်။ အာဏာရပါတီသည် ယခုအခါတွင် ဒုတိယသက်တမ်းအတွင်းသို့ ကြီးမားသော လုပ်ပိုင်ခွင့်များဖြင့် ဝင်ရောက်လာတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကြိုတင်ဟောကိန်းထုတ်ခဲ့ကြသည့် မြန်မာ့နိုင်ငံရေး လေ့လာသူများနှင့် ကျွမ်းကျင်သူများ ထပ်မံမှားယွင်းကြောင်းကိုလည်း သက်သေပြလိုက်ခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးအန္တရာယ်ကို ရင်ဆိုင်ပြီး မြန်မာနိုင်ငံသား သန်းပေါင်းများစွာသည် မဲရုံများသို့ သွားခဲ့ကြသည်။ အကြမ်းဖက်မှုများ စိုးရိမ်နေခဲ့ကြရသော်လည်း ရွေးကောက်ပွဲက ငြိမ်းချမ်းချောမွေ့စွာ ပြီးစီးသွားခဲ့သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများစွာရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည်ကိုလည်း မိမိတို့ တွေ့မြင်နေရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းသည် ရက္ခိုင့်တပ်တော် AA ၏ အခြေစိုက်ဒေသနှင့် မွတ်ဆလင် စစ်သွေးကြွများကြောင့် မငြိမ်သက်သည့် ဒေသဖြစ်သည်။ ထိုနှစ်ဖွဲ့လုံးကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်း အဖြစ်ကြေညာထားသည်။
ရွေးကောက်ပွဲမတိုင်မီ ရက်သတ္တပတ်များအတွင်း AA သည် NLD ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယခုတိုင် ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။ သို့သော် ရွေးကောက်ပွဲနေ့တွင် မည်သည့် အကြမ်းဖက်မှုမျှ ပေါ်ပေါက်ခြင်း မရှိ၊ မည်သည့် ဗုံးပေါက်ကွဲမှု၊ မည်သည့် သတ်ဖြတ်မှုမျှ မရှိပေ။
နှာခေါင်းစည်းများ ဝတ်ဆင်ထားသည့် မြန်မာနိုင်ငံသားများသည် တန်းစီပြီး NLD အတွက် မဲသန်းနှင့်ချီပေးသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ ထိုအချက်တခုတည်းကပင် မြန်မာနိုင်ငံသား သန်းပေါင်းများစွာတို့သည် နိုင်ငံအတွက် ငြိမ်းချမ်းသော ဒီမိုကရေစီအကူးအပြောင်းကိုသာ လိုလားကြောင်း ပြသနေပေသည်။
နှာခေါင်းစည်းများ ဝတ်ဆင်ထားသည့် မြန်မာနိုင်ငံသားများသည် တန်းစီပြီး NLD အတွက် မဲသန်းနှင့်ချီပေးသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ ထိုအချက်တခုတည်းကပင် မြန်မာနိုင်ငံသား သန်းပေါင်းများစွာတို့သည် နိုင်ငံအတွက် ငြိမ်းချမ်းသော ဒီမိုကရေစီအကူးအပြောင်းကိုသာ လိုလားကြောင်း ပြသနေပေသည်။
အာဏာရပါတီ ထပ်မံ အနိုင်ရအပြီးတွင် အောင်ပွဲခံမှုများပေါ်ပေါက်လာပြီး ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုများကို အစုလိုက်အပြုံလိုက် စိတ်မကောင်းစရာ ချိုးဖေါက်လာခဲ့ကြသည်။
ရွေးကောက်ပွဲ၏ ရလဒ်မှာမူ ရှင်းလင်းပြတ်သားလွန်းလှသည်။ NLD သည် ကျယ်ပြန့်သော အများစု အနေအထားဖြင့် အနိုင်ရပြီး လွှတ်တော်တွင် ပိုမိုခိုင်မာသည့် လုပ်ပ်ိုင်ခွင့်အာဏာကို ရရှိသည်။ ထိုသို့ဖြစ်သောကြောင့် NLD ၏ အတိုက်အခံများ၊ တပ်မတော်နှင့် လွှတ်တော်တွင် မျက်နှာသစ်များ မြင်ရရေး ရင်းနှီးမြှုပ်နှံခဲ့သည့် အဖွဲအစည်းများကို ကြက်သေသေသွားစေသည်။ အစိုးရကို အယုံအကြည်မဲ့အောင်လုပ်ပြီး ဖြုတ်ချမည့် လျှို့ဝှက်လှုပ်ရှားမှုများအတွက်ဆိုလျှင် မည်မျှအထိဖြစ်သွားမည်ကို ထည့်ပြောရန် လိုမည်မဟုတ်ပေ။
ပကတိအဖြေမှာ NLD နှင့် ၎င်း၏ အထင်ကရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အာဏာပြန်ရသည် ဟူသောအချက်သာဖြစ်သည်။
ရွေးကောက်ပွဲမတိုင်မီရက်များက ပြည်တွင်း မီဒီယာတခုနှင့် တွေ့ဆုံရာတွင် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစိုးရအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မကျွမ်းကျင်မှုဟု ယူဆရသည့် အချက်များနှင့် ပတ်သက်သည့် သတိပေးချက်သည် လူအများအပြား မဲထွက်ပေးရန် အားပေးလှုံ့ဆော်မှုကိုသာ ဖြစ်စေခဲ့သည်။
မဲရလဒ်၏ သတင်းစကားက ရှင်းလင်းလှသည်။ မြန်မာပြည်သူများသည် စစ်အုပ်ချုပ်ရေး သို့မဟုတ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် တပ်မတော်၏ လောင်းရိပ်မိနေသော ပါတီများ၏ အုပ်ချုပ်ရေးသို့ ပြန်မသွားလို ဟူသော သတင်းစကားပင်ဖြစ်သည်။ တပ်မတော်၏ သတိပေးချက်များနှင့် ရွေးကောက်ပွဲမတိုင်မီ မတည်ငြိမ်မှုနှင့် ရှုပ်ထွေးမှုများဖြစ်စေရန် အချို့နိုင်ငံရေး အုပ်စုများ၏ အားထုတ်မှုများက သာမန် မဲဆန္ဒရှင်ပြည်သူများအား NLD ကို မဲပေးရန် တွန်းအား ဖြစ်သွားခဲ့သည်။
ယခုအခါ အနိုင်ရပါတီသည် အစိုးရသစ် ဖွဲ့စည်းရေးကို အာရုံစိုက်ရတော့မည်ဖြစ်သည်။ သို့သော် အနာဂတ်ကို ရှုမျှော်ချိန်တွင် အတိတ်ကိုလည်း ပြန်ကြည့်ပြီး အမှားအချို့ကို ပြင်ဆင်ရမည်ဖြစ်သည်။
ယခုအခါ အနိုင်ရပါတီသည် အစိုးရသစ် ဖွဲ့စည်းရေးကို အာရုံစိုက်ရတော့မည်ဖြစ်သည်။ သို့သော် အနာဂတ်ကို ရှုမျှော်ချိန်တွင် အတိတ်ကိုလည်း ပြန်ကြည့်ပြီး အမှားအချို့ကို ပြင်ဆင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သောကြောင့် NLD အစိုးရသည် လွန်ခဲ့သော ၅ နှစ်အတွင်း လမ်းများနှင့် အဝေးပြေးလမ်းများကို တည်ဆောက်ရေး အာရုံစိုက်ပြီး ကုန်သွယ်ရေးကို တံခါးဖွင့်ကာ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းဖန်တီးခြင်း၊ လျှပ်စစ် ဓါတ်အား ဖြန့်ချိမှု တိုးတက်အောင် လုပ်ဆောင်ခြင်းနှင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် လိုအပ်နေသည့် အားပေးမှုများကို ပြုလုပ်ခဲ့သည်။ ထိုကိစ္စများအတွက် အစိုးရကို ဂုဏ်ပြုထိုက်ပေသည်။
ကျေးလက်ဒေသများတွင် လမ်းသစ်များနှင့် လျှပ်စစ်ဓါတ်အား ပိုမိုရရှိခြင်း၊ အကျင့်ပျက် ခြစားမှုနည်းသော အစိုးရအရာရှိများနှင့် အများပြည်သူဝန်ဆောင်မှုများကဲ့သို့သော အစိုးရ ဝန်ဆောင်မှု၏ အခြေခံအဆောက်အအုံတွင် သိသာသော တိုးတက်မှု လက္ခဏာများကို တွေ့ရသောကြောင့် ပြည်သူများ ကျေနပ်ကြသည်။ ယခင် အကျင့်ပျက် ဖိနှိပ်သော အစိုးရများနှင့် နှိုင်းယှဉ်ပါက NLD အစိုးရလက်ထက် ကြီးမားသော တိုးတက်မှု ခံစားရသည်ဟု ကျေးလက်ပြည်သူများက မြင်ကြသည်။
သို့သော် အစိုးရအပေါ် ဝေဖန်မှုများလည်း ရှိသည်။ နိုင်ငံမှ တက်ကြွလှုပ်ရှားသူများ၊ ဒီမိုကရေစီနှင့် မီဒီယာအဖွဲ့အစည်းများကို ပြုစုပျိုးထောင်ရန် ပျက်ကွက်သောကြောင့် အစိုးရကို ဝေဖန်သူများ ရှိသည်။ ဒုတိယအချက်အနေဖြင့် NLD သည် ၂၀၁၆ ခုနှစ်က အစိုးရဖွဲ့စည်းသောအခါ လူမှန် နေရာမှန် မလုပ်နိုင်ခဲ့ကြောင်း အများအပြားက ထောက်ပြသည်။ ထိုဝေဖန်မှုများသည် အစိုးရ၏ စီးပွားရေးမူဝါဒကို လမ်းညွှန်သည့် ပါတီ၏ စီးပွားရေးအဖွဲ့ဝင် အချို့သို့ ဦးတည်နေသည်။
နောက်ဆုံးအချက်မှာ အစိုးရသည် တုံ့ဆိုင်းနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တိုင်းရင်းသား လူနည်းစုများအရေးကို ပိုမိုအာရုံစိုက်သင့်သည်ဆိုသည့် ဝေဖန်မှုဖြစ်သည်။ တိုင်းရင်းသား နိုင်ငံရေးပါတီများသည် ရှမ်း၊ ကယားနှင့် ရခိုင်ပြည်နယ်များတွင် လွှတ်တော်နေရာ အချို့အနိုင်ရကြသော်လည်း ကျန်ပြည်နယ်များ NLD ၏လက်ထဲ ကျဆင်းခဲ့ရသည်။
ယင်းသည် အစိုးရအဖွဲ့အစည်းများတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခပြဿနာများနှင့် ပတ်သက်ပြီး ယုံကြည်လေးစားစရာ နောက်ခံနှင့် စွမ်းဆောင်ရည်ရှိသူများကို တာဝန်ပေး ခန့်အပ်ရန်လည်း လိုသည်ဟု အဓိပ္ပါယ် သက်ရောက်သည်။
နောက်ဆက်တွဲ သတင်းကောင်းမှာ ဒီဇင်ဘာလ မကုန်ခင် ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေး AA က မေတ္တာရပ်ခံလိုက်ပြီး တပ်မတော်ဘက်က လက်ခံကြိုဆိုကာ သဘောတူပါသည် ဟု ဧရာဝတီကို ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်လည်း ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိသည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားပါမည်ဟု ထည့်သွင်းရေးသားထားသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်မည့် အလားအလာများလားဟု မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပေါင်းတို့က မျှော်လင့်နေကြပြီ ဖြစ်သည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်မည့် အလားအလာများလားဟု မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပေါင်းတို့က မျှော်လင့်နေကြပြီ ဖြစ်သည်။
အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်သည့် သြဂုတ်လက ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးသည်လည်း သတိထားရမည့် ပျော်ရွှင်စရာ ရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။ ထိုကိုယ်စားလှယ်များက ၂၀၂၀ နောက်ပိုင်း တက်လာမည့် အစိုးရအောက်တွင် ရပ်ဆိုင်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်ရန် သဘောတူခဲ့သည်။
ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အကောင်အထည်ဖေါ်ရန်လည်း ၎င်းတို့ သဘောတူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုသဘောတူညီချက်သည် ၂၀၂၀ အလွန် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စီမံချက်သစ် အဖြစ် သူမ၏ နိဂုံးချုပ်မိန့်ခွန်းတွင် ခေါ်ဝေါ်သုံးစွဲသည်။
ရွေးကောက်ပွဲအောင်မြင်ပြီးနောက် ကြာသပတေးနေ့တွင် NLD က တိုင်းရင်းသားပါတီ ၃၉ ပါတီသို့ ပေးပို့သောစာကို ဖေ့ဘွတ်တွင် တင်ပြီး အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်မည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် တိုင်းရင်းသားတို့၏ ဆန္ဒကို ပိုမိုဦးစားပေးမည်ဖြစ်ကြောင်း ကတိပြုသည်။
သို့သော် NLD သည် တိုင်းရင်းသားပါတီများကို ယခင်က လျစ်လျူရှုထားခဲ့သောကြောင့် ၎င်း၏ ကတိကဝတ်ကို သံသယအနည်းငယ်ဖြင့် လက်ခံရမည်ဖြစ်သည်။ NLD အနေဖြင့် စကားဖြင့်မဟုတ် အလုပ်ဖြင့် အမြန်ဆုံး သက်သေပြရန် လိုသည်။
သို့သော် NLD သည် တိုင်းရင်းသားပါတီများကို ယခင်က လျစ်လျူရှုထားခဲ့သောကြောင့် ၎င်း၏ ကတိကဝတ်ကို သံသယအနည်းငယ်ဖြင့် လက်ခံရမည်ဖြစ်သည်။ NLD အနေဖြင့် စကားဖြင့်မဟုတ် အလုပ်ဖြင့် အမြန်ဆုံး သက်သေပြရန် လိုသည်။
နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်မြင့်မားနေသောကြောင့် စိန်ခေါ်မှုများနှင့် သံသယများအကြား ချောမွေ့စွာကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသော ရွေးကောက်ပွဲသည် ဘဝင်ကျဖွယ် ဖြစ်သည်။ ၎င်းသည် သန်းပေါင်းများစွာသော မဲဆန္ဒရှင်များ အောင်ပွဲခံရမည့်အချိန်ဖြစ်သည်။
သို့သော် မိမိတို့သည် အနာဂတ်ကို ရှုမြင်လိုလျှင် မိမိတို့၏ အကောင်းမြင်မှုကို သတိတရားဖြင့် ခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Votes for a Continued Peaceful Transition ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။)
You may also like these stories:
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ
တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ
မြန်မာ့ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာမှ ချီးကျူးအသိအမှတ်ပြု