ပြီးခဲ့သည့် ရက်များအတွင်း ရွေးကောက်ပွဲ ၂ ခု နောက်သို့ ကျနော်တို့ လိုက်ခဲ့ကြသည်။ တခုက မြန်မာနိုင်ငံတွင် ဖြစ်၍ နောက်တခုက အမေရိကန်နိုင်ငံတွင် ဖြစ်သည်။
COVID-19 ကူးစက်မှု မြင့်တက်နေသည့်တိုင် ၂ နိုင်ငံစလုံးတွင် သန်းနှင့်ချီသော နိုင်ငံသားများက ရဲရင့်စွာ အိမ်ပြင်ထွက်လာခဲ့ပြီး သူတို့၏ ဆန္ဒမဲများကို ပေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ရှိလာမည့်အပေါ် စိုးရိမ်မှုများ၊ ရွေးကောက်ပွဲကို ကိုင်တွယ်မှုနှင့် ပတ်သက်၍ အစိုးရအား တပ်မတော်အကြီးအကဲက မာမာကျောကျော သတိပေးခဲ့ခြင်း၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးခံရခြင်း အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ခြိမ်းခြောက်မှုများနှင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း နှစ်ဖက်ပါတီ ထောက်ခံသူများကြား ရန်ပွဲများဖြစ်ပြီး လူများ ထိခိုက်ဒဏ်ရာရကြသည့် ဖြစ်ရပ်များ ကနဦးတွင် ရှိနေခဲ့သည့်တိုင် ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာဖြင့် အဆုံးသတ်နိုင်ခဲ့သည်။
အများစု အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်မှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၅ ရွေးကောက်ပွဲထက်ပင် သာလွန်၍ ပြတ်သားသော နိုင်ပွဲတခု ရရှိခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်မှလွဲ၍ NLD ပါတီက တိုင်းရင်းသား ပြည်နယ်များတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး တိုင်းရင်းသား လူနည်းစု အသိုင်းအဝိုင်းများပင် NLD အတွက် တခဲနက် မဲပေးခဲ့ကြသည်။
သို့သော်လည်း တိုင်းရင်းသားပါတီများအတွက် အားတက်ဖွယ် လက္ခဏာများ လည်းရှိခဲ့သည်။ ကချင်၊ မွန်၊ ရခိုင်နှင့် ကယားပြည်နယ်များရှိ ပေါင်းစည်းထားသည့် တိုင်းရင်းသားပါတီများ အလုပ်ဖြစ်ခဲ့ခြင်း၊ ကိုယ်စားလှယ် နေရာများ ပိုမိုရရှိခဲ့ခြင်း၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားပြည်နယ်များတွင် အနာဂတ်ရွေးကောက်ပွဲများနှင့် တိုင်းရင်းသားပါတီများ တိုးတက်လာရေးတို့အတွက် အလားအလာကောင်းများ ပြသခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။
ယခုအချိန်အထိ အရိပ်လက္ခဏာ အားလုံးက နောက်လာမည့် အုပ်ချုပ်ရေးဆီသို့ ချောချောမွေ့မွေ့ ငြိမ်းချမ်းသော ကူးပြောင်းမှုတခုကို ညွှန်ပြနေသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီကို မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ထိုစဉ်က အာဏာရပါတီ ဖြစ်သည့် တပ်မတော် ကျောထောက် နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အာဏာလွှဲပြောင်းပေးခဲ့သည်။ ကျနော်တို့ ရင်တမမဖြင့် စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့သည့် အချိန်အချို့ရှိခဲ့သော်လည်း NLD သို့ အာဏာလွှဲပြောင်းမှုမှာ ထူးခြားဖြစ်စဉ် မရှိဘဲ ပြီးဆုံးသွားခဲ့သည်။ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် အရပ်သား အစိုးရ ရှိလာခဲ့သည်။ အောင်မြင်သော ဇာတ်လမ်းတပုဒ် အဖြစ် ပြည်တွင်းနှင့် ပြည်ပတွင် ချီးကျူးခံခဲ့ရသည်။
မြန်မာ့ရွေးကောက်ပွဲနှင့်အတူ အမေရိကန်ပြည်ထောင်စုတွင်လည်း သမ္မတ ရွေးကောက်ပွဲနောက်ဆက်တွဲ ဂျိုးဘိုင်ဒင် Joe Biden က လူထုဆန္ဒမဲတွင်ရော သမ္မတရွေးချယ်ရေးအဖွဲ့၏ မဲတွင်ပါ ရှင်းရှင်းလင်း အနိုင်ရရှိခြင်းနှင့် အတူ မဲဆန္ဒပေးခြင်းက ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သင့်သည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်က ရှုံးနိမ့်ခြင်းကို ဝန်ခံရန် ငြင်းဆန်ခဲ့ပြီး ရွေးကောက်ပွဲတွင် မသမာမှုများ ရှိနေကြောင်း အထောက်အထားမဲ့ ပြောဆိုချက်များကို ထပ်တလဲလဲ ပြုလုပ်နေခဲ့သည်။
ခိုင်လုံသော အထောက်အထားများမရှိဘဲ သူက “ရွေးကောက်ပွဲသည် အလိမ်အညာ ဖြစ်သောကြောင့် သူ (Joe Biden) အနိုင်ရခဲ့သည်” ဟု Twitter တွင် ရေးသည်။
အမေရိကန်သတင်းစာများတွင်ပင် အာဏာသိမ်းမှုတခုအကြောင်းကို ပြောဆိုခဲ့ကြပြီး အာဏာဆက်လက်တည်မြဲရေး ဒေါ်နယ်ထရမ့် ဆက်လုပ်မည့် အတိုင်းအတာနှင့် ပတ်သက်သည့် သီအိုရီများကို ဖော်ထုတ် ရေးသားလာခဲ့ကြသည်။
အမှန်မှာ ရွေးကောက်ပွဲ ရလဒ်ကို ဝန်ခံရန်နှင့် အိမ်ဖြူတော်မှ မိမိဆန္ဒအလျောက် ထွက်ခွာရေး သဘောတူရန် ဒေါ်နယ်ထရမ့်၏ ငြင်းဆန်မှုက ရွေးကောက်ပွဲမတိုင်မီ ကာလကြာမြင့်စွာကတည်းကပင် အများစု စိုးရိမ်နေမှုများကို အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
အမေရိကန်သတင်းစာများတွင်ပင် အာဏာသိမ်းမှုတခုအကြောင်းကို ပြောဆိုခဲ့ကြပြီး အာဏာဆက်လက်တည်မြဲရေး ဒေါ်နယ်ထရမ့် ဆက်လုပ်မည့် အတိုင်းအတာနှင့် ပတ်သက်သည့် သီအိုရီများကို ဖော်ထုတ် ရေးသားလာခဲ့ကြသည်။
ထိုသို့သော ဇာတ်ညွှန်းက ကျနော်တို့ တတိယကမာ္ဘနိုင်ငံများနှင့် ဆက်နွယ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခ၏ ဂန္ထဝင်ပုံစံနှင့် ဆင်တူနေသည်။ သို့သော်လည်း ဤနေရာတွင် ကျနော်တို့က ပထမကမာ္ဘ အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန် အကြောင်းကို ပြောနေခြင်းဖြစ်ပါသည်။
အမှန်စင်စစ်အားဖြင့် အမေရိကန်နိုင်ငံ၏ သမိုင်းတွင် မည်သည့် သမ္မတကမျှ သူ ထင်ထင်ရှားရှား ရှုံးနိမ့်ခဲ့သောရွေးကောက်ပွဲကို လက်ခံရန် ကာလရှည်ကြာစွာ ငြင်းဆန်ခြင်း မရှိခဲ့ပါ။ ဘေးက ရပ်ကြည့်ရင်း ကမာ္ဘတဝှမ်းလုံးက အလေးအနက် စိုးရိမ် နေပါသည်။ ဟုတ်သည်။ အမှန်တကယ် စိုးရိမ်နေမိပါသည်။ အမေရိကန်သတင်းစာများ ဆောင်းပါးရှင်များကပင် သူတို့၏ တိုင်းပြည် အဘယ်ကြောင့် ကျရှုံးနိုင်ငံတခုကဲ့သို့ ပြုမူနေသည်ကို သိလိုကြသည်။
Johns Hopkins တက္ကသိုလ်မှ အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ၁၀ လ ပင် မပြည့်သည့် ကာလတခုအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက တခုမှ ၁၀ သန်းအထိ ရောက်ရှိသွားခဲ့သည်။ ယခုအခါ ဗိုင်းရပ်စ်က အမေရိကန်ပြည်ထောင်စု ဒေသအားလုံးတွင် ပို၍ ပို၍ လျင်မြန်စွာ ပျံ့နှံ့နေသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ အထိ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၅၀ မှ ၄၃ ခု တွင် COVID-19 ဖြစ်ပွားမှုသည် ပြီးခဲ့သည့် အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းဆုံး ၁၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်း Johns Hopkins တက္ကသိုလ်၏ အဆိုအရ သိရသည်။
အန္တရယ်ကြီးသော ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်၊ ကာကွယ်ဆေး ဖော်ထုတ်ရန်နှင့် mask မျက်နှာဖုံးများ ဝတ်ဆင်ခြင်းနှင့် လူမှုရေးအရ ခပ်ခွာခွာနေသည့် အလေ့အထကို ကျင့်သုံးခြင်းတို့အား ပြည်သူများသို့ အခြေခံစည်းမျဉ်းများအဖြစ် ဆက်သွယ်ပေးရန် ကမာ္ဘကြီးက ခေါင်းဆောင်မှု လိုအပ်နေပါသည်။ ရာသီဥတုပြောင်းလဲခြင်း၊ ကမာ္ဘ့စီးပွားရေး ပြန်လည်ရှင်သန်လာရေး၊ ဆင်းရဲချမ်းသာ မညီမျှမှု အဆုံးသတ်ရေးနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတို့ အပါအဝင် ဒါဇင်နှင့် ချီသည့် နိုင်ငံတကာ၏ အခြားသော စိုးရိမ်ပူပန်မှုများစွာကို ထည့်သွင်း ရည်ညွှန်းရန်ပင် လိုမည်မဟုတ်ပါ။
သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဂျိုးဆက် အာရ် ဘိုင်ဒင် ဂျူနီယာ Joseph R. Biden Jr က စနစ်တကျ အာဏာလွှဲပြောင်းရေးတွင် ပူးပေါင်း ဆောင်ရွက်ရန် သမ္မတ ဒေါ်နယ်ထရမ့်၏ ငြင်းဆန်မှုအပေါ် သူ၏ ဝေဖန်မှုကို ပိုမိုပြင်းထန်စွာ ပြုလုပ်လာခဲ့သည်။ အကယ်၍ ကာကွယ်ဆေးတခု ရလာသည့် အချိန်တွင် အမြောက်အများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ရာ၌ ပူးပေါင်း ဆောင်ရွက်ရန် သမ္မတက သဘောမတူညီခဲ့ပါက COVID-19 ကြောင့် ပြည်သူများ ပိုမို သေဆုံးကြရလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။
မြန်မာနိုုင်ငံတွင်လည်း ထရမ့်နည်းတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ရလဒ်များကို ကန့်ကွက်ဆန္ဒပြခြင်း၊ လိမ်လည်မှုအဖြစ် စွပ်စွဲခြင်းတို့ အားဖြင့် ရွေးကောက်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရမှုအပေါ် တုန့်ပြန်ခဲ့သည်။
သို့သော် တနိုင်ငံလုံးတွင် ဖြတ်သန်းသွားသော NLD ၏ အနီရောင်ပင်လယ်ကို ကျနော်တို့ အားလုံး မျက်မြင် တွေ့ခဲ့ရပြီး ဖြစ်သည်။ သို့ဖြစ်ရာ NLD က ရွေးကောက်ပွဲကို မသမာမှုလုပ်ရန် ဘာကြောင့်လိုမည်နည်း။ အဓိပ္ပာယ်မရှိပါ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ဆန္ဒမဲပေးပြီးနောက် ပြည်သူတို့၏ ဆန္ဒကို ထင်ဟပ်သော ရလဒ်ကို သူ လက်ခံမည်ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီတွင် အစိုးရ အပေါ် သူ၏ တိုက်ခိုက်ပြောဆိုမှုများကြောင့် အာဏာသိမ်းမှုတခု ဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် သူ၏ အဆိုပါ မှတ်ချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
ထပ်မံ၍ ဆိုရလျှင် အကယ်၍ နိုင်ငံရေး ပရောဟိတ်များ၊ မြန်မာ့အရေး “လေ့လာသုံးသပ်သူများ” နှင့် မြန်မာ့အရေး “ကျွမ်းကျင်သူများ” ၏ ရွေးကောက်ပွဲ ရလဒ် ဟောကိန်းများ မှန်ကန်ခဲ့ပါက ယနေ့အချိန်တွင် NLD ကို အနိုင်ရသော်လည်း အရွယ်အစား လျော့ကျသွားသော လူများစုတခု အနေဖြင့် မြင်ကြရမည် ဖြစ်ပြီး USDP နှင့် တိုင်းရင်းသားပါတီများ အပါအဝင် တပ်မတော်က ကျောထောက်နောက်ခံ ပေးထားသော ပါတီအများအပြားက ကိုယ်စားလှယ်နေရာ ပိုမိုရရှိလာခြင်းအတွက် ပျော်ရွှင် ကျေနပ်နေသည်ကို တွေ့ရပါလိမ့်မည်။
“မြန်မာနိုင်ငံ လေ့လာစောင့်ကြည့်သူများ” ဟု ဆိုသူများအနေဖြင့် ယခုအခါတွင် မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်၍ သူတို့၏ အသိအမြင် ဗဟုသုတ အတိုင်းအတာကို ပြန်စဉ်းစားရတော့မည် ဖြစ်သည်။ မြန်မာ့အရေးကိစ္စများနှင့် ပတ်သက်၍ အဓိပ္ပါယ် ပြည့်ဝစွာ မှတ်ချက်ပေးရန် ဗုဒ္ဓဘာသာဝင် ဗမာလူများစုနှင့် အခြားသော တိုင်းရင်းသား လူနည်းစုများကြားမှ အားပြိုင်မှု ပဋိပက္ခ သက်သက်ဟု ဆိုသည့် စိတ်ဝမ်းကွဲပြားစေသော အထောက်အထားမဲ့ ထင်မြင်ယူဆချက်ထက် ပိုကြောင်း သူတို့ သဘောပေါက်သင့်ပါသည်။
လုံခြုံရေး အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့သော လက်နက်ကိုင် ပဋိပက္ခ ဒေသများရှိ မြို့နယ်နှင့် ကျေးရွာအချို့မှ အပ မြန်မာနိုင်ငံ၏ လူနည်းစု တိုင်းရင်းသားများ ရွေးကောက်ပွဲတွင် ငြိမ်းချမ်းစွာ မဲပေးခဲ့ကြသည်။ (ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်နေရာများတွင် ကြားဖြတ် ရွေးကောက်ပွဲ တခု ကျင်းပပေးရန် ရခိုုင် လက်နက်ကိုင် AA က တောင်းဆိုခြင်းကို မြန်မာ့တပ်မတော်က ကြိုဆိုခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကလည်း ကျင်းပ ပြုလုပ်ပေးရန် အာမခံခဲ့သည်။)
ထင်ရှားသည့် အချက်မှာ အစိုးရများနှင့် ဒေသတွင်း ခေါင်းဆောင်များက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်း အတွက် ချီးကျူးဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။
အမေရိကန်သံရုံး အပါအဝင် ရန်ကုန်အခြေစိုက်သံရုံးများကလည်း ချီးကျူးဂုဏ်ပြုမှုများ ပြုလုပ်ခဲ့ကြသည်။
ရွေးကောက်ပွဲနေ့ပြီးသည့် နောက်တရက်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို Mike Pompeo က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးကြီးသော ခြေလှမ်းတခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဖြစ်စဉ်နှင့် ပတ်သက်၍ စိုးရိမ်မှုကို ထုတ်ဖော် ပြောဆိုခဲ့သည်။
“အမေရိကန်ပြည်ထောင်စု အနေနဲ့ ရွေးကောက်ပွဲဖြစ်စဉ်ကို အနီးကပ် ဆက်လက် စောင့်ကြည့်သွားမှာပါ” ဟု မိုက်ပွန်ပီယိုက ကြေညာချက်တွင် ပြောသည်။ “သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံးက မဲ ရေတွက်ခြင်းနဲ့ တိုင်ကြားမှုတွေကို ဖြေရှင်းတဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုရှိစွာ ယုံကြည်လက်ခံဖွယ်ရာ ဖြစ်အောင် လုပ်ဆောင်ဖို့ ကျနော်တို့ တောင်းဆိုလိုက်ပါတယ်။”
ရက်အနည်းငယ် ကြာသည့်အခါ မိုက်ပွန်ပီယိုက သူ့န်ိုင်ငံ၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မှတ်ချက်ပေးရင်း အမေရိကန် နိုင်ငံသား အများအပြားကို သတိပေးခဲ့သည်။ ” ဒေါ်နယ်ထရမ့်အစိုးရ ဒုတိယသက်တမ်းကို ချောချောမွေ့မွေ့ ကူးပြောင်းနိုင်ပါလိမ့်မယ်” ဟု သူက အခိုင်အမာပြောသည်။ “ဟုတ်ပြီလား၊ ကျနော်တို့ ကတော့ အဆင်သင့်ပဲ” ဟုလည်း ထပ်ပြောခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် သူ၏ ဝန်ကြီးဌာနက ဂျိုးဘိုင်ဒင်၏ အာဏာ အလွှဲအပြောင်းလုပ်မည့် အဖွဲ့နှင့်အတူ အလုပ်လုပ်ရန် ပြင်ဆင်နေခြင်း ရှိ မရှိနှင့် အာဏာလွှဲပြောင်းရန် နှောင့်နှေးနေခြင်းက ဖြစ်နိုင်ခြေရှိသည့် အမျိုးသား လုံခြုံရေးအန္တရာယ် တခုကို မြင့်တက်စေခြင်း ရှိ မရှိ သို့မဟုတ် ချောမွေ့စွာ အာဏာလွှဲပြောင်းရေးကို အဟန့်အတား ဖြစ် မဖြစ် တို့နှင့်ပတ်သက်၍ Fox News သတင်းထောက်၏ မေးခွန်းကို ပြန်လည်ဖြေကြားရင်း ထိုသို့ မှတ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။ မိုက်ပွန်ပီယိုက ထိုမေးခွန်းကို တိုက်ရိုက်တုန့်ပြန်ခြင်း မရှိပဲ အာဏာလွှဲပြောင်းမှု လိုအပ်လိမ့်မည် မဟုတ်ဟု သွယ်ဝိုက်၍ ဆိုလိုခဲ့ခြင်း ဖြစ်သည်။
ချို့ယွင်းချက်များ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု ဒေသများတွင် ရွေးကောက်ပွဲ ဖျက်သိမ်းခြင်းများ ရှိသည့်တိုင် ခြုံငုံ၍ ကြည့်လျှင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲက အမေရိကန်န်ိုင်ငံမှ ရွေးကောက်ပွဲထက် ပိုမို လွတ်လပ်၍၊ ပိုမို ဒီမိုကရေစီကျပြီး အားလုံး ပါဝင်နိုင်ခဲ့သည်။
အမေရိကန်ရွေးကောက်ပွဲကို မဆုံးဖြတ်ရသေးကြောင်း မိုက်ပွန်ပီယိုက ပြောသည်။ သူက သမ္မတ ဒေါ်နယ်ထရမ့် အနိုင်ရလိမ့်မည်ဟု မျှော်လင့်ပြီး ရွေးချယ်တင်မြှောက်ခံ ထားရသည့် ဂျိုးဘိုင်ဒင်၏ အစိုးရသို့ အကူးအပြောင်းကို စတင်ရန် သူ၏ အထက်လူကြီးက တွန့်ဆုတ်နေမှုကို ထောက်ခံခဲ့သည်။
ချို့ယွင်းချက်များ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု ဒေသများတွင် ရွေးကောက်ပွဲ ဖျက်သိမ်းခြင်းများ ရှိသည့်တိုင် ခြုံငုံ၍ ကြည့်လျှင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲက အမေရိကန်န်ိုင်ငံမှ ရွေးကောက်ပွဲထက် ပိုမို လွတ်လပ်၍၊ ပိုမို ဒီမိုကရေစီကျပြီး အားလုံး ပါဝင်နိုင်ခဲ့သည်။
ကမာ္ဘတဝှမ်းရှိ ဒီမိုကရေစီ ကျင့်သုံးသည့် ရွေးကောက်ပွဲများကို ကျနော်တို့ အကဲဖြတ် ကြည့်သည့်အခါ ၂၀၁၆ ခုနှစ်တွင် ဟေလာရီကလင်တန် Hillary Clinton က ဒေါ်နယ်ထရမ့်ထက် လူထု မဲ ၃ သန်း ပိုရခဲ့သော်လည်း သမ္မတ ရွေးချယ်ရေး အဖွဲ့တွင် အနိုင်မရခဲ့သည့် အတွက် ရှုံးနိမ့်ခဲ့ရကာ ပထမဆုံးသော အမျိုးသမီး အမေရိကန် သမ္မတ ဖြစ်လာမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရကြောင်း အမှတ်ရသင့်ပါသည်။
တခါတရံ မတည်မငြိမ် ဖြစ်နေသည့်တိုင် တချိန်က စစ်တပ်အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သည် ယခုအခါ အောင်မြင်သော ရွေးကောက်ပွဲ တခုနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုကို ဖော်ဆောင်နိုင်စွမ်းရှိပြီ ဖြစ်ကြောင်း ရပ်နီးမှ ဖြစ်စေ ရပ်ဝေးမှ ဖြစ်စေ မြန်မာနိုင်ငံ၏ မိတ်ဆွေများ အနေဖြင့် စတင် အသိအမှတ်ပြုရမည့် အချိန်ရောက်ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့က ရှေ့သို့ ဆက်သွားရန် ဆန္ဒပြင်းပြနေကြပါသည်။ သူ့တို့ကို အလေးပေးရန်လည်း ထိုက်တန်ပါသည်။ မြန်မာနိုင်ငံကို (အခြားသူများထံမှ) အထူးစောင့်ရှောက်မှု ရယူရမည့် နိုင်ငံတခု၊ သြဝါဒ ခံယူရမည့် နိုင်ငံတခု အဖြစ် သဘောမထားသင့်တော့ပါ။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အတိတ်က ဖိနှိပ်ချုပ်ခြယ်ခဲ့သော အပယ်ခံစစ်အစိုးရ၏ လက်အောက်တွင် မရှိတော့သောကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် ကိုလိုနီဝါဒနှင့် မြင့်မြတ်သည့် မဟာလူဖြူ ဝါဒ မျက်မှန်များမှတဆင့် တိုင်းပြည်ကို ရှုမြင်ခြင်းက သင့်တော်မည် မဟုတ်တော့ပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော A Tale of Two Elections ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
အိမ်ဖြူတော်မှ ထွက်လာမည့် ဒေါ်နယ်ထရမ့်ကို အမှုများက စောင့်ကြိုနေ
ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ မယူ
ရန်ကုန်ဝန်ကြီးချုပ်သစ် ဘယ်သူ ဖြစ်လာမလဲ