တိုင်းရင်းသားဒေသများတွင် တရုတ်သြဇာကြီးထွားမှုက စိုးရိမ်ရသည်
တရုတ်နိုင်ငံသည် အိမ်နီးချင်းများကို အနိုင်ကျင့်ရန် သို့မဟုတ် ထိပ်တိုက်ရန်စရန် ဝန်မလေးပေ။ မြန်မာနိုင်ငံသည် ထိုကြီးမားလှသော အိမ်နီးချင်းနိုင်ငံနှင့် အတွေ့အကြုံများစွာရှိသော နိုင်ငံဖြစ်သည်။ မကြာသေးမီက အိန္ဒိယ၊ ဘူတန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်တို့နှင့် နယ်နမိတ်အငြင်းပွားမှုများတွင် တရုတ်နိုင်ငံ၏ ကျူးကျော်ရန်စမှုများက မြန်မာအာဏာပိုင်များအတွက် စိုးရိမ်စရာ ဖြစ်သည်။
တရုတ်နိုင်ငံသည် အတိတ်ကလည်း သံတမန်ရေးနှင့် ပထဝီနိုင်ငံရေးအကျိုးဆက်များကို ဂရုမစိုက်ဘဲ အိမ်နီးချင်းများကို ကျူးကျော်ရန်စဖူးသည်။ ထိုကျူးကျော်ရန်စမှုများသည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၏ တရုတ်ပိုင်နက်တောင်းဆိုမှုများ၊ စီးပွားရေးအကျိုးစီးပွားများနှင့် ကမ္ဘာတဝှမ်း သေနင်္ဂဗျူဟာ ရည်မှန်းချက်များကို ထင်ဟပ်နေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း လိမ္မာပါးနပ်စွာ သတိထားနေနေရသည်။

မကြာသေးမီက ဘူတန်နိုင်ငံက ပိုင်ဆိုင်သည်ဟု ပြောကြားထားသော နယ်မြေထဲ တရုတ်က ကျေးရွာတရွာ တည်ဆောက်ခြင်းသည် အိန္ဒိယနှင့် အခြားဝေးကွာသော နယ်စပ်ဒေသ အများအပြားတွင် တရုတ်၏ ကျူးကျော်ရန်စသော လုပ်ရပ်များကို ထပ်မံ ပဲ့တင်ထပ်ခြင်းသာဖြစ်သည်။
အောက်တိုဘာလတွင် ကျရောက်သည့် အမျိုးသားနေ့ မတိုင်မီလေးတွင်ပင် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံ တိဗက်ဒေသနှင့် ဘူတန်ဘုရင့်နိုင်ငံတို့ ဆုံတွေ့သည့် တောင်တန်းများအထက်တွင် ကျေးရွာသစ်တခု တည်ဆောက်ပြီးစီးခဲ့သည်။ လူ ၁၀၀ ခန့်သည် တော်ဆာမြစ်ကမ်းရှိ နေအိမ်သစ် ၂ ဒါဇင်ခန့် သို့ ပြောင်းရွှေ့လာပြီး တရုတ်အလံကိုထောင်ကာ တရုတ်အမျိုးသားသီချင်းကို သီဆိုပြီး အောင်ပွဲခံခဲ့ကြသည်။
ထိုဗြောင်ကျကျ ကျူးကျော်သောလုပ်ရပ်ကြောင့် အိန္ဒိယနိုင်ငံအတွက် ဖိအားဖြစ်စေသည်။
တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့သည် တိဗက်က်ိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် လာဒက်ဝန်းကျင်ရှိ ပန်ဂေါင်ရေအိုင် အနီး အငြင်းပွားမှုနှင့် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ဆစ်ကင်အကြားနယ်စပ်ဒေသ အပါအဝင် နှစ်နိုင်ငံနယ်စပ်တွင် အသေအပျောက်များသည့် ထိပ်တိုက်တွေ့မှုဖြစ်နေကြသည်။ အမှန်တကယ် ထိန်းချုပ်နယ်စပ်မျဉ်း (LAC) တလျှောက် အရှေ့ပိုင်း လာဒက်ဒေသတွင် ပိုမိုများပြားသည့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

အိန္ဒိယနိုင်ငံသည် သူပုန်နှိမ်နင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် ဘူတန်ပိုင်နက်တည်မြဲရေးကို ကာကွယ်ရေးတို့တွင် ဘူတန်တော်ဝင်တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်သော်လည်း တရုတ်နိုင်ငံ၏ အငြင်းပွားဒေသများတွင် လူနေရပ်ကွက်များ တည်ထောင်ခြင်းက နယ်နိမိတ်အငြင်းပွားမှုများကို ပိုမိုဆိုးရွားစေသည်။
တောင်တရုတ်ပင်လယ်တွင်လည်း ထိုအတိုင်းသာဖြစ်သည်။ လတ်တလော စစ်မဖြစ်စေနိုင်သော်လည်း ရေရှည်တွင် အခြားသေးငယ်သည့် လုပ်ရပ်များနှင့် ပေါင်းစပ်လိုက်သောအခါ တရုတ်အတွက် အကျိုးအမြတ်ဖြစ်စေမည့် ဥပဒေနှင့်မညီသည့် နယ်မြေများကို အနည်းငယ်စီ သိမ်းပိုက်သည့် နည်းလမ်းမှာ တရုတ်နိုင်ငံ၏ ပါးပါးလှီးရေး salami slicing သေနင်္ဂဗျူဟာဖြစ်သည်။
တရုတ်နှင့်မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ခြင်း ၂၂၂၇ ကီလိုမီတာ ထိစပ်နေသည်။ နှစ်နိုင်ငံတို့သည် နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၁ ခုနှစ်က ချုပ်ဆိုခဲ့ပြီး ထိုစာချုပ်အရ သတ်မှတ်ထားသော နယ်နိမိတ်ကို ၅ နှစ်တကြိမ် ပူးတွဲ စစ်ဆေးရမည်ဖြစ်သည်။ သို့သော် ၁၉၈၄-၈၆ က တကြိမ်နှင့် ၁၉၉၂-၉၂ ကတကြိမ် နှစ်ကြိမ်သာ စစ်ဆေးနိုင်ခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်အကြား နယ်နိမိတ်အငြင်းပွားမှုတခုသည် ၂၀၀၈ ခုနှစ်မှ စတင်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ကမူ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ရွှေလီမြစ်ရှိ နိုင်ငံနယ်စပ်တည်နေရာနှင့် ပတ်သက်ပြီး အငြင်းပွားမှု တခုပေါ်ပေါက်ခဲ့သည်။
တရုတ်ရွာသားများက ဖိုင်ခေါင်ကျေးရွာတွင် မြန်မာနိုင်ငံအတွင်း မီတာ ၃၀ နီးပါးဝင်ရောက်ကာ ခြံစည်းရိုးခတ်သောအခါ မူဆယ်ရှိ ကျုကုတ်-ပန်ဆိုင်း မြို့နယ်ခွဲတွင် အငြင်းပွားမှုတခု ပေါ်ပေါက်လာသည်။ မြန်မာကျေးရွာသားများက ခရိုင်အရာရှိများထံ ထိုကိစ္စကို တိုင်ကြားသောအခါ နောက်ဆုံးတွင် တရုတ်ကျေးရွာသားများက ၎င်းတို့၏ လုပ်ရပ်ကို ရပ်ဆိုင်းပြီး ခြံစည်းရိုးကာသည့် ပစ္စည်းများကို ပြန်လည်သယ်ဆောင်သွားခဲ့သည်။
တုံ့ဆိုင်းနေသည်မှာ ကြာမြင့်ပြီဖြစ်သော ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ကို အကောင်အထည်ဖေါ်ရန် တရုတ်အစိုးရက မြန်မာအစိုးရကို တွန်းအားပေးနေခြင်းနှင့်အတူ မကြာမီ အနာဂတ်တွင် ပိုမိုများပြားသည့် မတည်ငြိမ်မှုများနှင့် နယ်စပ်အငြင်းပွားမှုများကို ပိုမိုမျှော်လင့်ရနိုင်သည်။
ရှမ်းနှင့် ကချင်ပြည်နယ်များသည် အရေးပါသော BRI စီမံကိန်းများနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် Corridor (CMEC) အတွက် အဓိကကျသောကြောင့် တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ပိုမိုခံရနိုင်သည်။ ထိုစီးပွားရေး စင်္ကြန်သည် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးအထိ ရောက်မည်ဖြစ်သည်။ ထိုမှတဆင့် တောင်ပိုင်းတွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဆက်သွယ်မည်ဖြစ်သည်။

တရုတ်နယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ နေရာ သုံးခုတွင် နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ တည်ထောင်ရန် မြန်မာအစိုးရက လွန်ခဲ့သော နှစ်က အတည်ပြုခဲ့သည်။ ထိုဇုန်များတွင် ကုန်သွယ်ရေးဌာနများ၊ စက်မှုဇုန်များနှင့် အခြားအဆောက်အအုံများပါဝင်မည်ဖြစ်သည်။
သို့သော် မြေအသုံးပြုမှုနှင့်ပတ်သက်ပြီး မြန်မာနှင့်တရုတ်အကြားတွင် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည်။ ထိုဒေသတွင် လမ်းအခြေခံအဆောက်အအုံများ တည်ဆောက်ရေးသည် ကျေးရွာများ၊ ရပ်ကွက်များ၊ မြို့နယ်များနှင့် အခြားယဉ်ကျေးမှု ဆိုင်ရာတည်တံ့မှုများကို မထိခိုက်စေရန် အရေးကြီးသည်။
တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် မြောက်ပိုင်းနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မြန်မာပိုင်နက်တွင် မြို့ကြီးများနှင့် ကာစီနိုလောင်းကစားရုံများကို တည်ဆောက်ကြသည်။ ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တရုတ်နိုင်ငံ၏ အိတ်ကပ်အတွင်းသို့ ရောက်နေပြီး တရုတ်တို့ကလည်း ထိုဒေသများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသည်။
ယနေ့ ၀ လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ပန်ဆန်းသည် တရုတ်မြို့ကြီးတခုသဖွယ်ဖြစ်နေသည်။

ပန်ဆန်းသည် ၀ဒေသ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည်။ ထိုဒေသသည် မြန်မာန်ိုင်ငံမှ အင်အား အကြီးမားဆုံးနှင့် လက်နက်အကောင်းဆုံး တပ်ဆင်ထားသည့် လက်နက်ကိုင်ဖြစ်သော ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) အခြေစိုက်ဒေသဖြစ်သည်။ ထိုအဖွဲ့တွင် ခန့်မှန်းခြေ တပ်ဖွဲ့ဝင် ၃၀၀၀၀ နှင့် အရန်တပ်ဖွဲ့ဝင် ၁၀၀၀၀ ရှိသည်ဟု ဆိုသည်။
ပန်ဆန်းတွင် လူအများစုသည် မန်ဒရင်းဘာသာစကားဖြင့် ဆက်သွယ်ပြီး တရုတ်စာများကို မြန်မာနှင့် ၀ ဘာသာပြန်စာများနှင့်အတူ ဆိုင်မျက်နှာစာများတွင် အထင်အရှား တွေ့နိုင်သည်။ တရုတ် ယွမ်ငွေကို အများအားဖြင့် သုံးစွဲပြီး တရုတ်မိုဘိုင်းဖုန်းများနှင့် အင်တာနက်လိုင်းများကို သုံးသည်။ စတိုးဆိုင်များတွင် တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်စည်များဖြင့် ပြည့်နေသည်။
ပန်ဆန်းသည် ယနေ့တွင် ၀ဒေသမှ တရုတ်ပိုင်နက်ဖြစ်နေသည်ကို သံသယဖြစ်ရန် မလိုပေ။ ကောင်းစွာ ခင်းထားသော လမ်းများနှင့်အတူ လျှပ်စစ်ဓါတ်အား ဖြန့်ချိမှုသည် ပြတ်တောက်ခြင်းမရှိဘဲ အထပ်မြင့်အဆောက်အအုံများ မှိုလိုပေါက်နေသည်။
ယခုအခါ တရုတ် ရင်းနှီးမြှုပ်နှံသူများသည် ပန်ဆန်းမြို့အနီးတွင် မြို့သစ်တခု တည်ဆောက်နေသည်ဟု ထိုနေရာသို့ မည်သူကိုမျှ သွားရောက်ခွင့်မပေးကြောင်း သတင်းများက ဆိုသည်။ အတွင်းသတင်းသိသော ရင်းမြစ်များ၏ အဆိုအရ ထိုမြို့သစ်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ် စီးပွားရေးသမားများ လာရောက်လည်ပတ်ရန် ဖြစ်သည်ဟု ဆိုသည်။

၀ဒေသကို ၀ အာဏာပိုင်များက စီမံအုပ်ချုပ်နေသောကြောင့် မြန်မာအာဏာပိုင်များသည် ထိုစီမံကိန်းကို တားဆီးနိုင်ခြင်းမရှိပေ။ လက်တွေ့တွင် ထိုလုပ်ရပ်သည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖေါက်ခြင်းဖြစ်သည်။ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့သည် ထိုကိစ္စများကို တုံ့ပြန်ဆောင်ရွက်သင့်သည်။
ယနေ့ ၀ စစ်သားများကို သံချပ်ကာယာဉ်များနှင့် အမြောက်ကြီးများအပါအဝင် ခေတ်မီတရုတ်လက်နက်များဖြင့် လက်နက်တပ်ဆင်ထားသည်။ စတုရန်းကီလိုမီတာ ၂၀၀၀၀ ကျော် ကျယ်ဝန်းသော ထိုဒေသကို UWSA က ထိန်းချုပ်ထားသည်။ ဝတို့သည် မြန်မာန်ိုင်ငံအတွင်းရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း လက်နက်များရောင်းချစေသောကြောင့် မြန်မာ့တပ်မတော်ကို ဒေါသထွက်စေသည်။
UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်၏ တိုက်ရိုက်နှင့် သွယ်ဝိုက်ထောက်ခံမှုများက နေပြည်တော်ရှိ မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးပွဲပေါင်းစုံတွင် တရုတ်သြဇာလွှမ်းမိုးမှုကို ဖြစ်စေသည်။
ရွှေတြိဂံဒေသမှ မိုင်းလားအဖွဲ့သည်လည်း အလားတူပင်ဖြစ်သည်။ ယခင်ကွန်မြူနစ်များသည် ၁၉၉၀ ခုနှစ်များတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထိုဒေသတွင် ကာစီနိုလောင်းကစားရုံများ၊ ဟိုတယ်များ၊ ဖျော်ဖြေရေး အချက်အခြာနေရာများနှင့် အခြားအဆောက်အအုံများ မှိုလိုပေါက်နေသည်။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NDAA) ကို ၁၉၈၉ ခုနှစ်က တည်ထောင်ပြီး ထိုအဖွဲ့သည် မြန်မာစစ်အစိုးရနှင့် ပထမဆုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးသည့်အဖွဲ့ဖြစ်သည်။
ရှမ်းပြည်အရှေ့ပိုင်းတွင် တည်ရှိသော မိုင်းလားသည် စတုရန်းမိုင် ၄၉၅၂ ကျယ်ဝန်းပြီး လူဦးရေ တသိန်း ရှိသည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများကြောင့် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ထွန်းကားနေသည်။ တရုတ်သြဇာ ချဲ့ထွင်လာခြင်းမှာ ထင်ရှားလှသည်။
ဘူတန်ဘုရင့်နိုင်ငံက ပိုင်နက်အဖြစ်ကြေညာထားသော နယ်မြေတွင် တရုတ်ကျေးရွာ တည်ဆောက်သည့် သတင်းသည် ဒေသတွင်းမှ နိုင်ငံအများအပြားကို တုန်လှုပ်စေသည်။ ပါးပါးလှီးခြင်း salami slicing သို့မဟုတ် တရုတ်ဒေသများ ထူထောင်ခြင်းစသည်ဖြင့် မည်သို့ခေါ်သည်ဖြစ်စေ ထိုကိစ္စသည် နေပြည်တော်အတွက် သတိပေးခေါင်းလောင်းတီးလိုက်ခြင်းသာ ဖြစ်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ China’s Growing Influence in Myanmar Ethnic States Raises Alarm ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တရုတ်အရေးကျွမ်းကျင်သူ အလိုရှိသည်
တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်
နွေးထွေးလာသော ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးကြောင့် တရုတ်ခေါင်းကိုက်