ဘန်ကောက်မြို့အနောက်တောင်ဖက် စမွန်စခွန်ခရိုင်မှ မြန်မာရွှေ့ပြောင်းလုပ်သား တထောင်ကျော် ကူးစက်ခံရသော ကိုဗစ်-၁၉ ဖြစ်ပွားမှုသစ်သည် ထိုင်းနိုင်ငံတွင် အဆိုးရွားဆုံးသော ကူးစက်မှုဖြစ်သည်။ တိုင်းပြည်ကို လုံး၀လော့ဒေါင်းပိတ်ဆို့မှုလုပ်ရန် လိုလျှင် လုပ်ငန်းအစီအစဉ်တခုရေးဆွဲရန် ကျန်းမာရေးအာဏာပိုင်များကို ထိုင်း ဝန်ကြီးချုပ်ပရာယွဒ် ချန်အိုချာက ညွှန်ကြားခဲ့သည်။ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများကို ပစ်မှတ်ထားခွဲခြားဆက်ဆံသည့် စိတ်ပူစရာကောင်းသော လက္ခဏာများကိုလည်း တွေ့မြင်လာနေရသည်။
ထိုင်းအာဏာပိုင်များနှင့် ကျန်းမာရေးအရာရှိများသည် အရေးပေါ် အစည်းအဝေးများ ကျင်းပပြီး စမွတ်စခွန်ဈေးကို ပိတ်ပစ်ခြင်းနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ထွက်ခွာမသွားနိုင်စေရန် အဆောင်များကို ပိတ်ထားခြင်း အပါအဝင် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် အစီအမံများကို လုပ်ဆောင်ခဲ့သည်။
လော့ဒေါင်း ပိတ်ဆို့ခြင်းကြောင့် ခရိုင်အနေဖြင့် တနေ့လျှင် ဘတ် တဘီလျှံ (ကျပ် ၄၃ ဘီလျှံ) ဆုံးရှုံးစေမည်ဖြစ်ကြောင်း စမွတ်စခွန် ကုန်သည်များ အသင်းကပြောသည်။ ပင်လယ်စာလုပ်ငန်းတခုတည်းတွင် အလုပ်သမား ၉၀ ရာခိုင်နှုန်းမှာ ရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး တနေ့လျှင် ဘတ် သန်း ၄၀၀ မှ ၅၀၀ ဖိုး အထိရောင်းချရသည်။
ထောင်နှင့်ချီသော ရွှေ့ပြောင်းလုပ်သားများကို ကျပ်တည်းသော အခြေအနေတွင် အတင်းအကျပ်စုရုံးထားသောကြောင့် ၎င်းတို့အတွက် ကူးစက်မှု အန္တရာယ် ပိုမိုကြီးနေကြောင်း ဘန်ကောက်ပို့စ် သတင်းစာကဖေါ်ပြသည်။
“စမွန်စခွန်မှ ထိုင်းများသည် ခရီးသွားနိုင်ဆဲဖြစ်သော်လည်း အာဏာပိုင်များကို ကြိုတင်အကြောင်းကြားရမည်ဖြစ်သည်။ ထိုင်းနိုင်ငံသားများအတွက် ထိုသို့သော အစီအမံကို အကောင်အထည်ဖေါ်ခွင့်ရှိမရှိကိုမူ ရှင်းလင်းစွာ မသိရပေ” ဟု ထိုသတင်းစာ အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။
“ထိုကဲ့သို့ စံနှုန်းနှစ်မျိုး ကျင့်သုံးခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားများကို ခွဲခြားဆက်ဆံခြင်း ဟုတ်မဟုတ် ဆိုသည့် မေးခွန်းထွက်ပေါ်လာသည်” ထိုအယ်ဒီတာ့အာဘော်က သတိပေးသည်။
လွန်ခဲ့သောအပတ်က ပထမဆုံး ရောဂါကူးစက်မှုကို သိရှိချိန်တွင် ထိုင်းကျန်းမာရေး ဝန်ကြီး အနုတင် ချန်ဗီရာကူက မည်သည့်အထောက်အထားမျှ မပြဘဲ ပိုး အဓိက ဖြန့်ချိသူဟု ယူဆရသည့် အသက် ၆၇ နှစ်အရွယ် ထိုင်းဈေးသည်ကို ရောဂါကူးစက်စေသည်မှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ်နိုင်ကြောင်း ပြောကြောင်း Khaosod သတင်းက ဖေါ်ပြခဲ့သည်။
ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးဌာနကဲ့သို့သော အခြားဌာနများကလည်း ခွဲခြားဆက်ဆံသည် အစီအမံများ ချမှတ်ရန် ဝန်မလေးပေ။ အခြားညွှန်ကြားချက် အများအပြားအပြင် အခြေအနေကောင်းမွန်လာသည်အထိ ရွှေ့ပြောင်းလုပ်သားများကို အလှူအတန်းလုပ်ခွင့်မပြုရန် ဘာသာရေးနှင့်ဆိုင်သောနေရာများကို မြို့အာဏာပိုင်များက ပြောကြားလိုက်သည်။ ထိုကဲ့သို့သော အမိန့်များ သိမ်းကြုံး ထုတ်ပြန်ခြင်းကြောင့် ဘန်ကောက်သည် ရွှေ့ပြောင်းလုပ်သားများကို ချိုးနှိမ်ရာရောက်ကြောင်း ဘန်ကောက်ပို့စ်က ရေးသားပြီး မျှတမှု ရှိပါသလား ဟု မေးခွန်းထုတ်သည်။
မဲခေါင် ရွှေ့ပြောင်းနေထိုင်မှုကွန်ရက် (MMN) ၏ အဆိုအရ ထိုင်းနိုင်ငံတွင် နိုင်ငံခြားလုပ်သား ၄ သန်း ခန့်ရှိပြီး အများစုမှ မြန်မာနိုင်ငံမှဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က ထိုင်းနိုင်ငံမှ လုပ်သား ဆယ်ဦးလျှင် တဦးသည် ရွှေ့ပြောင်းလုပ်သားဖြစ်ပြီး ထိုင်းနိုင်ငံ၏ စုစုပေါင်းအမျိုးသား ထုတ်လုပ်မှု၏ ၆.၆ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးကြောင်း သိရသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံစီးပွားရေးသို့ အကြီးအကျယ် အကျိုးပြုကြောင်းမှာ ထင်ရှားလှသည်။
ဇူလိုင်နှင့် သြဂုတ်လများအတွင်းက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာသောအခါ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးရေးအတွက် အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းသတင်းစာများက စာဖတ်သူမျာကို အာမခံကြသည်။ ထိုစဉ်က ရိုက်ကူးထားသော ဓါတ်ပုံများတွင် လက်နက်အကြီးအကျယ်တပ်ဆင်ထားသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံမဲဆောက်နှင့် ကရင်ပြည်နယ် မြဝတီအကြား နယ်စပ် သောင်ရင်းမြစ်တွင် ကင်းလှည့်နေပုံကို ပြသထားသည်။ ထိုပုံများနှင့် နယ်စပ်တွင်ကင်းလှည့်နေသော စစ်သားများကိုတွေ့ရခြင်းကြောင့် ထိုင်းပြည်သူများကို အာမခံသကဲ့သို့ ဖြစ်နေသည်။ ထိုစဉ်က ထိုင်းပြည်သူများသည် ကမ္ဘာတွင် အောင်မြင်သော ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး သေနင်္ဂဗျူဟာများကို အကောင်အထည်ဖေါ်ခဲ့သည့် ထိုင်းနိုင်ငံကို နိုင်ငံတကာချီးကျူးဂုဏ်ပြုများကို ခံစားနေချိန်ဖြစ်သည်။
သို့သော် မည်သူမျှ မသိဘဲ နှစ်နိုင်ငံလုံးသို့ တရားမဝင် ဝင်ထွက်နေသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် ကူးစက်မှု အများအပြားကို တွေ့လာရသောအခါ သတိပေးခေါင်းလောင်းသံ မြည်လာသည်။ နိုဝင်ဘာလအတွင်းက ကန့်သတ်ချက်များကို ဖောက်ဖျက်ကာ ဖျော်ဖြေရေးလုပ်ငန်းနှင့် ဘားများဖွင့်ထားဆဲဖြစ်သည့် မြန်မာနိုင်ငံနယ်စပ်မြို့ တာချီလိတ်တွင် အလုပ်လုပ်ရန် သွားသည့် ထိုင်းနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ ပြန်လည်ခိုးဝင်ရန် ကြိုးစားသောအခါ ၎င်းတို့တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း တွေ့ရသည်။
တရားမဝင်ရွှေ့ပြောင်းလုပ်သားများကိုတားဆီးရန် နယ်စပ်ကို အလုံပိတ်ရန် မဖြစ်နိုင်ကြောင်း ထိုင်းစစ်တပ်ပြောခွင့်ရသူတဦးပြောသည်။
“ ကျနော်တို့က နယ်စပ်ကို တပ်တွေအများကြီးချပြီး ပိတ်ထားတာတောင် တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေက တောလမ်းတွေကနေ ဝင်ရောက်နေတုန်းပဲ။ ကျနော်တို့ရဲ့ နယ်စပ်က စုစုပေါင်း ၅၅၂၆ ကီလိုမီတာရှည်တယ်” ဟု ထိုပြောခွင့်ရသူက ဘန်ကောက်ပို့စ်သို့ ပြောသည်။
တရားမဝင်ရွှေ့ပြောင်းလုပ်သားများသည် မြန်မာမှ ထိုင်းသို့ ခိုးဝင်နေဆဲဖြစ်ကြောင်း အထူးသဖြင့် တာ့ခ်၊ ချင်းရိုင်နှင့် ကန်ချနာဘူရီတွင် များကြောင်း သူ ဝန်ခံသည်။ ထိုင်းစစ်တပ်သည် မောင်းသူမဲ့လေယာဉ်များ၊ ရွေ့လျားကင်းလှည့်ခြင်းနှင့် အန္တရာယ်များသောနေရာများတွင် သံဆူးကြိူးများကာရံခြင်းအပါအဝင် နယ်စပ်ကာကွယ်ရေးအတွက် ပိုမိုများပြားသည့် ရင်းမြစ်များကို အသုံးပြုနေကြောင်းလည်း သူပြောသည်။
အမှန်ဆိုရလျှင် မဲဆောက်-မြဝတီ နယ်စပ်ဒေသ တခုတည်းတွင်ပင် အာဏာပိုင်များ မသိရဘဲ နေ့စဉ် လူရာချီ တရားမဝင် နယ်စပ်ဖြတ်ကျော်နေသည်။ အများအပြားက ထိုင်းနှင့် မြန်မာလုံခြုံရေး အရာရှိများ၊ အခိုင်အမာ ကွန်ရက်ဖွဲ့ထားသည့် မှောင်ခိုကူးသူများ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်များကို စောင့်ရှောက်ခပေးကာ နယ်စပ်ဖြတ်ကျော်ကြသည်။
ဒီမိုကရက်တစ် ကရင် အကျိုးပြုတပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့အပါအဝင် ကရင်တိုင်းရင်းသားလက်နက်ကိုင်များကလည်း အချို့သော နယ်စပ်ဂိတ်များကို ထိန်းချုပ်ထားသည်။ ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လိုသော ရွှေ့ပြောင်းလုပ်သားများသည် ကရင်နှင့် ထိုင်းအရာရှိများကို လာဘ်ထိုးကြသည်ဟု ယုံကြည်ရသည်။ မကြာသေးမီလများအတွင်းက လူကုန်ကူးသူအများအပြားနှင့် နှစ်န်ိုင်ငံလုံးမှ အရာရှိများ စီးပွားဖြစ်ခဲ့ကြသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများသည် တရားဝင် စစ်ဆေးရေးစခန်းများမှ နေရပ်ပြန်လာသော်လည်း အချို့မှာ ထိုင်းနိုင်ငံဖက်သို့ တရားမဝင်ပြန်လည် သွားရောက်ကြသည်။ လူကုန်ကူးသူများက မဲဆိုင်မှ ချင်းမိုင်သို့ လူတဦးကို သယ်ဆောင်ပေးရန် ဘတ် ၈၀၀၀ တောင်းခံသည်။ လွန်ခဲ့သော လေးလအတွင်း ထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်းလုပ်သား မည်မျှပြန်သွားသည်ကို မသိရသေးပေ။
ထိုင်းလုံခြုံရေးအရာရှိများ၊ မြန်မာဖက်မှ လက်နက်ကိုင်အုပ်စုများနှင့် နယ်စပ်တလျှောက် လှုပ်ရှားနေသည့် လူကုန်ကူး ဂိုဏ်းများ၏ အကူအညီမပါဘဲ မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံတွင်းသို့ မရောက်နိုင်ပေ။
မြန်မာနှင့် ထိုင်းခေါင်းဆောင်များသည် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်အတွက် ကတိပြုထားကြောင်း ဒေသရေးရာ ဝါရင့်သတင်းထောက် ကဗီ ချောင်ခစ်တာဗွန်က ရေးသားသည်။ ရွှေ့ပြောင်းလုပ်သား ပြဿနာ၊ ၎င်းတို့ကို ကာကွယ်ပေးရေးနှင့် မျှတစွာ ဆက်ဆံရေးတို့သည် နိုဝင်ဘာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာတို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုစဉ်က အလေးထားပြောကြားသောအချက်များဖြစ်သည်။
ကိုဗစ်-၁၉ ကို မကြာမီ ထိန်းချုပ်နိုင်တော့မည့် မျှော်လင့်ချက်များ မြင့်မားနေသည်။ ကမ္ဘာတဝှမ်း ကူးစက်ရောဂါကို ကျော်လွန်သောအခါ အကျပ်အတည်းအတွင်း မိမိတို့ကို မည်ကဲ့သို့ ပြုမူခဲ့သည်များနှင့် မည်သူတို့သည် မိတ်ဆွေများဖြစ်သည်ကို ပြည်သူများအနေဖြင့် ပြန်လည်အမှတ်ရကြမည်ဖြစ်သည်။ ယခုအချိန်သည် လူသားဆန်မှု၊ အိမ်နီးချင်းချစ်ကြည်မှုနှင့် ဗိုင်းရပ်စ်ကို ချေမှုန်းရန် ပူးပေါင်းဆောင်ရွက်မှု တို့ကို ပြသရမည့် အချိန်ဖြစ်သည်။ ယခုအကျပ်အတည်းအတွင်း ဘက်ပေါင်းစုံမှ မည်သို့ပြုမူကြသည် ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ဆုတ်ခွာပြီးနောက် ကာလရှည်ကြာစွာ မှတ်မိနေကြမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thailand’s New COVID-19 Outbreak: Myanmar Migrants Mustn’t Be Scapegoated ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာလုပ်သားများကို ပိတ်လှောင်ထားမှု ပြန်သုံးသပ်ရန် ထိုင်းအစိုးရကို တိုက်တွန်း
ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာမှာ COVID-19 အစုလိုက် ကူးစက်မှု တွေ့ရှိ
ထိုင်းသို့ တရားမဝင် ဝင်ရောက်ခြင်း မပြုရန် မြန်မာလုပ်သားများကို သတိပေး
ငတ်နေတော့ ပိုးကူးမှာလည်း မကြောက်တော့ပါဘူး