အယ်ဒီတာ့အာဘော်

အာဆီယံ တောင်းဆိုချက်က လေးစား အထင်ကြီးစရာ လုံးဝ မရှိ

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင်အာရှ ၏ ဒေသဆိုင်ရာအဖွဲ့ဖြစ်သည့် အာဆီယံက (ပထမဆုံးအကြိမ်တော့ မဟုတ်) မီးနှင့်ကစား နေသည်။ ဧပြီလ ၂၄ရက်နေ့က ဂျကာတာတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လက်ခံ တွေ့ဆုံခြင်းသည် မြန်မာပြည်သူများကို ဒေါသထွက်စေပြီး စစ်အစိုးရ၏ ရက်စက်သောခေါင်းဆောင်ကို ပိုမို အတင့်ရဲလာစေရန်သာ ဖြစ်စေခဲ့သည်။ အန္တရာယ်ကအမှန်ပင် ရှိနေသည်။ အာဆီယံသည် ၎င်း၏ အားနည်းနေပြီး ဖြစ်သော ရပ်တည်မှုနှင့် အရှေ့တောင်အာရှနှင့် ပြင်ပမှ လူသန်းပေါင်းများစွာ၏ အမြင်တွင် ယုံကြည်လက်ခံမှု အကြွင်းအကျန်ကို လျင်လျင်မြန်မြန်ပင် ဆုံးရှုံးနေသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ထိပ်သီးအစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများ ကြားတွင် မည်သည့်အငြင်းပွားမှုမျှ မရှိဘဲ အဆုံးသတ်ခဲ့သည်။ အစည်းအဝေးမတိုင်မီ တရက်တွင် ဖြန့်ဝေခဲ့သော ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် ကြေညာချက်မူကြမ်း၌ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး တောင်းဆိုမှုကို ထည့်သွင်းထားသော်လည်း “အများသဘောတူ” အဖြစ် နောက်ဆုံး ထုတ်ပြန်ရာတွင်မူ သူတို့ကို လွှတ်ပေးရန်အတွက် ခိုင်မာသော တောင်းဆိုသည့် ထိုစကားလုံးများ ပျောက်ဆုံးသွားခဲ့သည်။ ဤပျက်ကွက်မှုက မြန်မာနိုင်ငံအပြင် အခြားနိုင်ငံများရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို စိတ်ပျက်စေခဲ့သည်။

အာဆီယံ ခေါင်းဆောင်များ၏ တစိတ်တဝမ်းတည်း သဘောတူသည့် အချက် ၅ ချက်မှာ (၁) မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေး (၂) ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတခုကို ရှာဖွေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကြား အပြုသဘော ဆောင် ဆွေးနွေးရေး (၃) အာဆီယံဥက္ကဋ္ဌ၏ သံတမန်တဦးက အထွေထွေအတွင်းရေးမှူး၏ အကူအညီဖြင့် ဖျန်ဖြေပေးရေး ( ၄) အာဆီယံ၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre)မှ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး (၅) သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်တွေ့ဆုံရန် အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ရေးတို့ ဖြစ်သည်။

အကြမ်းဖက်မှု ရပ်တန့်ရေးဆိုင်ရာ အချက်၌ အဖြစ်မှန်တွင် စစ်အာဏာသိမ်းတပ်ဖွဲ့များက ရက်စက်စွာ အကြမ်းဖက်နှိမ်နှင်းခြင်းများကြောင့် မြန်မာပြည်သူများက ၎င်းတို့၏ ရာဇဝတ်မှုများတွင် ဆက်လက် သားကောင်များဖြစ်နေခြင်းအပေါ် ဥပေက္ခာပြု၍ အာဆီယံသည် “အဖွဲ့အစည်း အားလုံး အတတ်နိုင်ဆုံး ထိန်းချုပ် လုပ်ဆောင်ရမည်” ဟုပြောခဲ့သည်။ အာဆီယံနှင့်မြန်မာနိုင်ငံ အခြေစိုက် သံအမတ်များသည် လက်တွေ့ ဖြစ်ရပ်မှန်များနှင့် ထိတွေ့မှုမရှိကြောင်း ဤအချက်က ပြသနေသည်။ သို့မဟုတ် သူတို့သည် ယခင်က လုပ်ခဲ့သည့်အတိုင်း မမြင်ချင်ယောင်ဆောင်ခြင်း သက်သက်လော။ တနည်းပြောရလျှင် လုပ်နေကျအတိုင်း လုပ်လိုက်ခြင်းလော။

ထိပ်သီးအစည်းအဝေး၏ တံခါးပိတ် ဆွေးနွေးမှုအပိုင်းတွင် အာဆီယံအတွင်းရေးမှူးချုပ်ထံသို့ မြန်မာနိုင်ငံ၏ အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) မှ ပေးပို့သော သတင်းစကားကို ဖတ်ပြခဲ့သည်။ NUG ကို ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) အဖွဲ့ဝင်များ နှင့် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည်။ “ ရှေ့ဆက်သွားမည့်နည်းလမ်းများကို ရှာဖွေရန် တိုင်းပြည်မှ အဓိက နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ အားလုံးနှင့် ထိတွေ့ရေးပေါ် အာရုံစိုက်နိုင်သည့်” အာဆီယံ သံတမန်တဦးကို ခန့်အပ်ရန် NUG က တောင်းဆိုခဲ့သည်။

ထိပ်သီး အစည်းအဝေးအပြီး ချက်ချင်းလိုလိုပင် မြန်မာစစ်အစိုးရ အာဘော် သတင်းမီဒီယာများ၏ ထိပ်တန်းသတင်းများမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျကာတာသို့ ရောက်ရှိလာပြီး သူ့ကို အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန် ရေးရာဌာန အကြီးအကဲ Andy Rachmianto က ကြိုဆိုသည့် အကြောင်း ဖြစ်သည်။ အာဏာသိမ်း ခေါင်းဆောင် မြန်မာပြည်သို့ပြန်လာသောအချိန်၌ အားရပါးရ ပြုံးနေသည့် ဓာတ်ပုံတပုံကိုလည်း ဖော်ပြခဲ့သည်။

စစ်အစိုးရက တရားဝင်ဖြစ်မှုကို အသည်းအသန် လိုအပ် နေခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးသို့ အာဆီယံ၏ ဖိတ်ကြားကြိုဆိုခြင်းသည် မြန်မာနိုင်ငံမှ ဖိနှိပ်ခံ ပြည်သူများ ခံစားခဲ့ရသည့် အမျက်ဒေါသကို ပိုဆိုးစေခဲ့သည်။

လေ့လာစောင့်ကြည့်သူ အချို့က အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသည့် ကာလရှည်ကျင့်သုံးခဲ့ သော အစဉ်အလာကို ကိုးကား၍ ဖေဖော်ဝါရီ ၁ ရက်မှစ၍ လူပေါင်း ၇၀၀ ကျော်သတ်ဖြတ်မှုအတွက် အာဆီယံက စစ်အစိုးရကို ပြစ်တင်ရှုတ်ချသည့် အခြေအနေအထိ မရောက်ခဲ့ဟု ဆိုလျှင်ပင် ထိပ်သီး အစည်းအဝေးသည် ရှေ့တိုးလာသည့် ခြေလှမ်းတခုကို ကိုယ်စားပြုသည်ဟု ထောက်ခံခဲ့ကြသည်။

သို့သော်လည်း အာဆီယံက တိုးတက်မှုကို ပြသရန် ကြိုးစားနေ သည်ဆိုပါက ၎င်းအနေဖြင့် အကြမ်းဖက်မှုကို ရှုတ်ချခြင်း နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်နှင့် ထိန်းသိမ်းခံထားရသူများအပေါ် နှိပ်စက်ခြင်းနှင့် အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခြင်းတို့ဖြင့် ပို၍ ရှေ့တိုးသင့်ပါသည်။

အာဆီယံ၏ တစိတ်တဝမ်းတည်း သဘောတူညီမှု အပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပြုသဘော တုန့်ပြန်ခဲ့ကြောင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုန်း က “ ကျနော်တို့ ပြောတာ သူ နားလည်ပါတယ်။ အထောက်အကူ ဖြစ်တယ်လို့ သူ ယူဆတဲ့ အချက်တွေကို ယူပါမယ်၊ အာဆီယံက အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍ ကပါဝင်တာ သို့မဟုတ် အာဆီယံ ကိုယ်စားလှယ်အဖွဲ့လာရောက်တာ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီ စတာတွေကို သူ မဆန့်ကျင်ပါဘူး။ အာဆီယံနဲ့ အတူ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ရှေ့ဆက်သွားမယ် လို့ ပြောပါတယ်” ဟု ထိပ်သီး အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ကြောင်း ဒေသတွင်း သတင်း မီဒီယာ တခု၏ အဆိုအရ သိရသည်။ သတိပြုသင့်သည်မှာ စင်ကာပူသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီး မြှုပ်နှံသူများထဲမှ တဦး ဖြစ်ပြီး မြန်မာနိုင်ငံ၏ အရင်းအမြစ်များကို အမြတ်ထုတ်ရာတွင် တရုတ်နိုင်ငံပြီးလျှင် အများဆုံးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ခံထားရခြင်း ဖြစ်သည်။

အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး စစ်ကောင်စီက တနင်္လာနေ့က ထုတ်ပြန်ကြေညာရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်တွင်း အခြေအနေများ အေးချမ်းတည်ငြိမ်ပြီးမှ နိုင်ငံရေးအကျပ်အတည်းများ ကြားဝင်ညှိနှိုင်းဖြေရှင်းရန် အာဆီယံအသင်း၏ တောင်းဆိုချက်များကို သတိထား စဉ်းစားမည်ဟု ပြောကြားလိုက်ကြောင်း ရေးသားသည်။ ယင်းသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အစည်းအဝေးက တောင်းဆိုချက်များကို တုံ့ပြန်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီက ချမှတ်ထားသော အချက် ၅ ချက်ပါ လမ်းပြမြေပုံကို အကောင်အထည်ဖော်ရာတွင် အာဆီယံအနေဖြင့် ဝိုင်းဝန်းကူညီနေသည်နှင့်အမျှ ၎င်းတို့၏ အကြံပြုချက်များကို အကောင်းမြင်ကာ ထည့်သွင်းစဉ်းစားမည်ဟု အာဆီယံအစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။

အာဆီယံအဖွဲ့ဝင် အများအပြား ကိုယ်တိုင်က အကျင့်ပျက်ခြစားမှု ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ကြုံတွေနေရသကဲ့သို့ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရေးနှင့် ပတ်သက်လျှင် အများ၏ လက်ခံယုံကြည်မှုနည်းပါးသော အာဏာရှင်အစိုးရများ ဖြစ်ကြောင်း သတိရရန်လည်း အရေးကြီးပါသည်။ သူတို့သည် ရာဇဝတ်မှုတွင် လက်တွဲဖော်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံမှ ဆိုရှယ်မီဒီယာသုံးစွဲသူများကလည်း ၎င်းကို ကောင်းစွာသိကြပြီး ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ အွန်လိုင်းတွင် သူတို့၏ ထင်မြင်ချက်ကို ဖော်ပြချိန်တွင် ထိုအချက်ကို မြင်တွေ့ခဲ့ကြရသည်။ သူတို့က အာဆီယံကို ပြစ်တင်ရှုတ်ချကြပြီး လူရွှင်တော်များအဖြစ် ကျိန်ဆဲကြသည်။

အမှန်တကယ်တွင်လည်း မြန်မာနိုင်ငံ၏ ပေါက်ကွဲမှုသည် အာဆီယံကို သနားစရာကောင်းသော၊ အားကိုးအားထားပြု၍ မရ နိုင်သော အဖွဲ့အစည်းတခု အဖြစ် ထပ်မံ၍ ပြသလိုက်သလိုသာရှိသည်။ မြန်မာလူငယ်များနှင့် CDM လှုပ်ရှားမှုမှ တက်ကြွ လှုပ်ရှားသူများက တီထွင်ပေးခဲ့သော မြန်မာဘာသာစကားလုံး “ဖာဆီယံ” ဆိုသော နာမည်ပြောင်ဖြင့် အနှစ်ချုပ်ခြင်း ခံလိုက်ရသည်။ ဖာဆိုသည်မှာ “ ပြည့်တန်ဆာ” ဟု အဓိပ္ပာယ်ရသော်လည်း “ဖာထေး ဖုံးကွယ်ခြင်း” သို့မဟုတ် “ အကာအကွယ်ပေးခြင်း” ကိုလည်း ဆိုလိုသည်။ အတိတ်နှင့် လက်ရှိတွင် ဖိနှိပ်ချုပ်ခြယ်သော စစ်အစိုးရ အဆက်ဆက်အတွက် အကာအကွယ်ပေးရန် တရုတ်နိုင်ငံကဲ့သို့ပင် အမြင်တင့်သော်လည်း အနှစ်မရှိသည့် အာဆီယံက လုပ်နေကျအတိုင်း အတိအကျပင် ဖြစ်သည်။

စစ်အစိုးရကို ပြစ်တင်ရှုတ်ချရန် ပျက်ကွက်မှုအပြင် ထိပ်သီးအစည်းအဝေး၏ “သဘောတူညီမှု” သည် စစ်အစိုးရခေါင်း ဆောင်များကို အချိန်ပိုရစေခြင်းက တကယ့်စိုးရိမ်စရာဖြစ်သည်။ အတိတ်ကာလက မြန်မာနိုင်ငံ၏ နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်ခေါင်းဆောင်များသည် အာဆီယံတွင် ခိုလှုံရာ ရခဲ့ကြသည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကျင့်ပျက်ခြစားမှုများမှ ပုန်းရှောင်ရန် သူတို့ကို ကူညီသည့် အဖွဲ့အစည်းတခုနှင့် အတူ စိတ်သက်သာမှုကို အတိုင်းအတာတခုအထိ ခံစားခဲ့ကြရသည်။

ထို့ပြင် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီမှုသည် ဧရာမ အိမ်နီးချင်း ၂ နိုင်ငံဖြစ်သည့် တရုတ်နှင့်အိန္ဒိယတို့အားလည်း စိတ်သက်သာရာ ရသွားစေသည်။ ၎င်း၏ နောက်ကွယ်တွင် သူတို့ ပုန်းခို နေနိုင်ကြပြီး “ပဏာမခြေလှမ်း(အာဆီယံ၏ ကမကထပြုမှု)” အောင်မြင်ရေးအတွက်သာ အချိန်ပေးလိုက်လျှင် အားလုံးကောင်းသွားလိမ့်မည်ဟု သူတို့ ခံငြင်းကြတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်တိုင်အတွက်မူ ထိပ်သီးအစည်းအဝေးက ပြောင်းလဲမှု အနည်းငယ်သာ ရှိခဲ့သည်။ လက်တွေ့မြေပြင်တွင် စစ်အစိုးရ က ဆန္ဒပြပွဲများကို ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲမှုများ ဆက်လက်ပြုလုပ်နေသည်။ ဆန္ဒပြသူများကို ဆက်လက်၍ ဖမ်းဆီး တရားစွဲနေသည်။ ထိန်းသိမ်းရေးစခန်းများတွင် သူတို့ကို နှိပ်စက်ညှင်းပန်းမှုများ ဆက်လက် ပြုလုပ်နေသည်။ ထိုအချိန်တွင် ပြည်သူလူထုကလည်း စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်ပြီး တရားမဝင်သော အစိုးရကို ဆက်လက် တွန်းလှန်နေသည်။

စစ်တပ်က အာဏာသိမ်း၍ အာဏာကို ရယူလိုက်သည့် အချိန်မှ စ၍ မြန်မာနိုင်ငံသည် “ကျရှုံးနိုင်ငံ” အဆင့်သို့ ဖြည်းဖြည်း မှန်မှန် ဆင်းသက်သွားနေသည်။ ဤယိုယွင်းပျက်စီးမှုသည် ဒေသအတွက် အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် ထိုင်းနိုင်ငံအတွက် တုန်လှုပ်စရာ အကျိုးဆက်များ ရှိလာပါလိမ့်မည်။

အာဆီယံအနေဖြင့် စစ်အစိုးရ နောက်ထပ် ပို၍ တရားဝင်ဖြစ်စေရန် နှင့် ရဲတင်းလာစေရန် ခွင့်ပြု၍ မရပါ။ မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် အာဆီယံ၏ အကျပ်အတည်းဖြစ်သည်။ ၂ ဘက်လုံး အတွက် အချိန်က နည်းလာနေပြီ ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Editorial: Myanmar People’s Disdain for ASEAN Borne Out by Pathetic ‘Consensus’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

တိုင်းပြည်အေးချမ်းမှ အာဆီယံကိစ္စ စဉ်းစားမည်ဟု စစ်ကောင်စီ ပြော

ဆွေးနွေးမှုများ မစတင်မီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် NUG တောင်းဆို

ကျရှုံးနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံ ရှောင်လွှဲနိုင်မလား

မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူညီချက်အပေါ် အမြင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading