မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံအဆင့်သို့ ဦးတည်နေသည်။ ကယားနှင့် ချင်းတိုင်းရင်းသားပြည်နယ်များတွင် စစ်ကောင်စီတပ်ကတဖက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အသစ်ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်များကတဖက် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူသိန်းချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ လူငယ်တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများသည် စစ်သင်တန်းတက်ရန် တောတောင်များဆီသို့ သွားနေကြသည်။ တနိုင်ငံလုံးတွင် နေ့စဉ်ပေါက်ကွဲမှုများနှင့် ပစ်မှတ်ထား သတ်ဖြတ်မှုများအကြား ပညာတတ်လူငယ်အများအပြားသည် နိုင်ငံကို စွန့်ခွာနေကြသည်။
စီးပွားရေးသည် ကျန်းမာရေးစနစ်ကဲ့သို့ပင် ပြိုကွဲပျက်စီးလုနီးဖြစ်နေသည်။ နှစ်ဖက်လုံးမှ အကြမ်းဖက်မှုများသည် ပိုမိုဆိုးရွားလာရန်သာရှိပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများသို့ ဒုက္ခသည်များနှင့် အစိုးရဆန့်ကျင်သူများ အလုံးအရင်းဖြင့် စတင်ထွက်ခွာနေပြီဖြစ်သည်။
မြန်မာနိုင်ငံ ဖရိုဖရဲအခြေအနေသို့ ကျဆင်းမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် မအံ့သြသည့်ဟန်ပြုနေသည်။ ၎င်း၏ မြန်မာနှင့် ချစ်ကြည်ရင်းနှီးမှုအပေါ် မြန်မာပြည်တွင်းပြည်ပအခြေအနေ ပြောင်းလဲမှုက သက်ရောက်မှုရှိမည် မဟုတ်ကြောင်း၊ မြန်မာပြည်သူများသို့ မျက်နှာမူကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောသည်။ ထိုပြောကြားချက်မှာ ချုံချင့်တွင် လွန်ခဲ့သောအပတ်က ကျင်းပသည့် ASEAN- တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးတွင် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သော စကားကို အနှစ်ချုပ် ဖြစ်သည်။
မြန်မာတွင် အဓိက ရင်းနှီးမြှုပ်နှံပြီး လက်နက်ရောင်းချသည့် နိုင်ငံအနေဖြင့် ဘေ့ဂျင်းသည် နေပြည်တော်အပေါ် အတော်သြဇာလွှမ်းမိုးသည်။ ၎င်း၏ မြန်မာမှ နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားကို ကာကွယ် ရှေ့တန်းတင်ရန် စိတ်အားထက်သန်သော တရုတ်သည် အာဏာသိမ်းချိန်မှ စတင်ပြီး မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးအတွက် ASEAN ကို ဖိအားပေးသည်။ ရှင်းရှင်းပြောရလျှင် တရုတ်သည် စစ်ကောင်စီကို တရားဝင်စေရန် ASEAN ကို အသုံးချနေသည်။
“အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်တွင် တရုတ်နိုင်ငံသည် အမျိုးသားအခြေအနေများနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လွတ်လပ်စွာရွေးချယ်ရန် မြန်မာနိုင်ငံကို ထောက်ခံသည်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ရွေးချယ်သော လမ်းသည် မြန်မာနိုင်ငံကို ဖရိုဖရဲနှင့် မတည်ငြိမ်မှုများဖြစ်စေကာမူ ထိုစကားသည် မှန်သည်။ တချိန်တည်းတွင် မြန်မာပြည်သူများနှင့် တရုတ်၏ ပေါက်ဖေါ်ဆက်ဆံရေးသည် လမ်းဆုံးသွားသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချလိုက်ပြီး မကြာမီ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထိုလက်နက်ကိုင်အာဏာသိမ်းမှုသည် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတခုမျှသာဖြစ်ကြောင်း ဖေါ်ပြသည်။ တရုတ်သည် စစ်အာဏာသိမ်းဖြိုခွဲမှုများကို ရှုတ်ချရန် ပျက်ကွက်ပြီး စစ်ကောင်စ်ီဘက်က အပြည့်အ၀ ရပ်တည်သည်ဟု ယူဆခြင်းကြောင့် ထိုအချိန်မှ စတင်ပြီး တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ လွန်စွာပြင်းထန်သွားသည်။
တရုတ်သည် ကျယ်ကျယ်ပြန့်ပြန့် မုန်းတီးစက်ဆုတ်ခံရသော အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပူးပေါင်းလိုလျှင် ပူးပေါင်းနိုင်သည်။ တရုတ်၏ မြန်မာမှ ပထဝီသေနင်္ဂဗျူဟာ ရည်မှန်းချက်များနှင့် စီးပွားရေး အကျိုးစီးပွားများသည် နယ်နိမိတ် ကန့်သတ်ချက် မရှိပေ။ ဘေ့ဂျင်းသည် မြန်မာ့နိုင်ငံရေးတွင် အသာစီးရသူ မည်သူနှင့်မဆို မိတ်ဆွေဖွဲ့မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်မသွားလျှင်ပင် မြန်မာမှ စီမံကိန်းများကို ငွေကြေးထောက်ပံ့ရန် ဘေ့ဂျင်းအခြေစိုက် အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က တံခါးဖွင့်ထားကြောင်း Financial Times သတင်းတပုဒ်က ဖေါ်ပြနေသည်။ ၎င်းတို့ဘဏ်သည် မြန်မာနိုင်ငံအတွက် စဉ်းစားနေသည့် စီမံကိန်းသစ် တခုမျှ မရှိသော်လည်း တရားဝင် မဟုတ်သော အစိုးရများနှင့် ဆက်ဆံရန် မူဘောင်တခုရှိကြောင်း AIIB ဒုဥက္ကဌ ယိုအာခင် ဗွန် အမ်းစ်ဘတ်က ထိုသတင်းစာသို့ပြောသည်။
“ကျနော်တို့က အစိုးရတရပ်ရဲ့ ပုံစံအနေနဲ့ မစဉ်းစားဘူး။ ကျနော်တို့ စိစစ်စရာ စာရင်းအတိုင်းပဲ သွားမှာ” ဟု သူပြောသည်။
ထိုသို့ လတ်တလော အလုပ်ဖြစ်ရေးကိုသာ ကြည့်သည့် အမြင်များကြောင့် အနောက်နိုင်ငံများမှ လုပ်ငန်းများမြန်မာမှ ထွက်ခွာသွားပါက တရုတ်လုပ်ငန်းများသည် ထိုလစ်ဟာသွားသော နေရာကို ပျော်ရွှင်စွာ ဝင်လာမည်ဟူသည့် စိုးရိမ်မှုများကို လေ့လာသူများအကြားတွင် ဖြစ်စေသည်။
သို့သော် ထိုကဲ့သို့သော လုပ်ငန်းများသည် မြန်မာတွင် ရင်းနှီးမြှုပ်နှံခြင်းမပြုမီ သို့မဟုတ် မြန်မာသို့ ငွေမချေးမီ နှစ်ကြိမ်ပြန်စဉ်းစားသင့်သည်။ လက်ရှိ စစ်ကောင်စီ၏သက်တမ်းနှင့် မြန်မာပြည်သူများအကြား တရုတ်ဆန်ကျင်ရေး စိတ်ဓါတ်များ၏ နက်ရှိုင်းမှု အပါအဝင် သက်ဆိုင်သော အချက်အလက်များအားလုံးကို ၎င်းတို့၏ စိစစ်ရန် စာရင်းတွင် ထည့်သွင်းသင့်သည်။
တချိန်တည်းတွင် အမေရိကန်ပြည်ထောင်စု၏ မြန်မာအကျပ်အတည်းအပေါ် သဘောထားသည် တရုတ်နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြသူများအား အကြမ်းဖက်ခြင်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ်လတွင် ရှုတ်ချပြီး “ဒီကိစ္စက တော်တော်ဒေါသထွက်စရာ ကောင်းတယ်။ ကျနော်ရထားတဲ့သတင်းတွေအရ လုံးဝမလိုအပ်ဘဲ လူတွေအများကြီးကို သတ်နေတယ်” ဟုပြောသည်။ ထိုလတွင်ပင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျာမဏီ၊ အီတလီ၊ ဒိန်းမတ်၊ ဂရိ၊ နယ်သာလန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် ဂျပန်စသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကာကွယ်ရေးအကြီးအကဲများက ကြေညာချက်တစောင် ထုတ်ပြန်ပြီး “လက်နက်မဲ့ပြည်သူတွေအပေါ် မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေက လူသတ်လက်နက် သုံးနေတာကို ရှုတ်ချတယ်”ဟုပြောသည်။
စစ်ကောင်စီ၏ ထိပ်တန်းအဖွဲ့ဝင်အချို့၊ စစ်ကောင်စီနှင့် ဆက်ဆံရေးအဆင်ပြေပြီး စီးပွားရေးများထူထောင်ထားသည့် ခရိုနီအချို့အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ချမှတ်သည်။ မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီခေါင်းဆောင်များနှင့် ရင်းနှီးသည့် လူငယ်ခရိုနီသစ် အများအပြားသည် တရုတ်နှင့် ရုရှားမှ လက်နက်ဝယ်ယူရန် သဘောတူညီချက်များအပါအဝင် စီးပွားရေးစီမံကိန်းသစ်များလုပ်ကိုင်နေသည်ဟု မြန်မာ့အရေးလေ့လာသူများနှင့် အတွင်းလူများက သံသယရှိကြသည်။
မြန်မာနိုင်ငံအတွင်း ယိုယွင်းနေသော လုံခြုံရေးအခြေအနေကိုလည်း ဝါရှင်တန်က စိုးရိမ်ကြောင်းဖေါ်ပြသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်မားလာနေသည်ဟု သမ္မတဘိုင်ဒင်၏ အင်ဒိုပိစိဖိတ်ဒေသဆိုင်ရာ မူဝါဒ ညှိနှိုင်းသူ ကတ် ကမ့်ဘဲလ်ပြောသည်။
အမေရိကန်အစိုးရသည် ASEAN ၏ အားထုတ်မှု အထူးသဖြင့် အင်ဒိုနီးရှား၊ စင်္ကာပူနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နှင့် ရွေးကောက်ပွဲသို့ ပြန်လည်ပို့ဆောင်ရန် အားထုတ်မှုကို ထောက်ခံသည်ဟု Center for a New American Security က မကြာသေးမီက ကျင်းပသည့် အွန်လိုင်းဆွေးနွေးပွဲတွင် ကမ့်ဘဲလ်ပြောသည်။ “ဒါဟာ နှိုင်းယှဉ်ချက်အားဖြင့် ခက်ခဲပြီး စိန်ခေါ်မှုများတဲ့ လမ်းကြောင်းပါပဲ။ အားလျော့သွားအောင် လုပ်လိုက်ဖို့ ဆိုတာ ခက်တယ်၊ အခြေအနေက ပိုဆိုးရွားလာနေတာကိုး” ဟုလည်း သူပြောသည်။
“ ပွင့်ပွင့်လင်းလင်းပြောရရင် ပတ်ဝန်းကျင်ဒေသက တခြားနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အထီးကျန်ထားသလို စစ်ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဖို့လည်း ၂ နည်းစလုံးအတွက် လိုအပ်တာတွေ လုပ်ဖို့ ကျနော်တို့ ပြောဆိုနေတယ်” ဟု သူပြောသည်။ ကမ့်ဘဲလ်သည် အိုဘားမား အစိုးရသက်တမ်းအတွင်း အာရှဆိုင်ရာ မူဝါဒ၏ အဓိက ဗိသုကာဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် သူသည် နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် အဆင့်အမြင့်ဆုံးအရာရှိ ဖြစ်ပြီး စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိုစဉ်က အတိုက်အခံခေါင်းဆောင် မကြာသေးမီက ဖြုတ်ချခံလိုက်ရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။
တချိန်တည်းတွင် မြန်မာနိုင်ငံတဝန်းတွင် ASEAN ကို အယုံအကြည် မရှိကြပေ။
မည်သို့ဆိုစေ အမေရိကန်နှင့် တရုတ်တို့သည် မြန်မာပြဿနာကို လုံး၀ ဆန့်ကျင်ဖက် အမြင်များဖြင့် ရှုမြင်ကြသည်။
မြန်မာနိုင်ငံတွင် အနောက်တိုင်းသြဇာကြီးထွားလာခြင်းနှင့်အတူ တရုတ်နိုင်ငံသည် မြန်မာမှ ကျယ်ပြန့်သည့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို စိုးရိမ်နေသည်။ ထိုလှုပ်ရှားမှုတွင် ကဏ္ဍပေါင်းစုံမှ နိုင်ငံဝန်ထမ်းများသည် စစ်ကောင်စီအတွက် အလုပ်လုပ်ရန် ငြင်းဆန်ကြသည်။ တချိန်တည်းတွင် တရုတ်သည် ကြီးထွားနေသည့် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များနှင့်လည်း ရင်ဆိုင်နေရသည်။
တရုတ်သည် အနောက်နိုင်ငံများမှ ငွေကြေးထောက်ပံ့ထားသောအဖွဲ့အစည်းများ မြန်မာနိုင်ငံသို့ရောက်ရှိ သြဇာကြီးထွားလာမည်ကို မကြာခဏ စိုးရိမ်နေပြီး ထိုစိုးရိမ်မှုကို စစ်ခေါင်းဆောင်များကိုလည်း ယခင်ကပင် ပြောကြားထားပြီးဖြစ်သည်။
နိုင်ငံတွင်းတွင် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် ၎င်းမှပေါက်ဖွားလာသော စစ်ကောင်စီအပေါ် ဒေါသနှင့် စက်ဆုတ်မှုများဖြင့် အပြင်းအထန် တိုက်ခိုက်လိုစိတ်များ မြင့်မားနေသည်။ မြန်မာပြည်သူများသည် စစ်ကောင်စီ၏ မဟာမိတ်များကိုလည်း စက်ဆုပ်ကြာင်း ဖေါ်ပြကြသည်။ စစ်ကောင်စီ၏ မဟာမိတ်များတွင် တရုတ်နှင့် ရပ်နီးရပ်ဝေးမှ အခြားစစ်ကောင်စီ လိုလားသည့် အစိုးရများပါဝင်သည်။
လက်ရှိအချိန်တွင်ပင် မြန်မာအကျပ်အတည်း၌ အမှန်တကယ် ဆုံးရှုံ့းသူများသည် မည်သူတို့ဖြစ်သည်ကို အလွယ်တကူ တွေ့မြင်နိုင်ပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Those Who Support Myanmar’s Junta Can Only Lose ကို ဘာသာပြန်သည်။)
You may also like these stories:
အာဏာသိမ်းအလွန် မြန်မာမှာ ပွဲကြီးပွဲကောင်း စပြီ
အာဏာသိမ်းမှုက စစ်တပ်အသိုင်းအဝိုင်း စီးပွားရေးများကိုပါ ထိခိုက်ဆုံးရှုံးစေသည်
စစ်အာဏာသိမ်းပြီးနောက် ကြံ့ခိုင်ရေး ပါတီဝင် ၇၀ နီးပါး အသတ်ခံခဲ့ရဟု ဆို
အလောင်း မကောက်နိုင်တော့သည်အထိ စစ်တပ် အခြေအနေဆိုး