ကိုဗစ်-၁၉ တတိယလှိုင်းကို မြန်မာရင်ဆိုင်နေရပုံမှာ ဝမ်းနည်းစရာကောင်းပြီး စိတ်ဖိစီး တုန်လှုပ်စရာပင်။ ပြည်သူများသည် သေလုမျောပါးဖြစ်နေပြီး ရန်ကုန်နှင့် နိုင်ငံအနှံအပြားမှ သုသာန်များတွင် အလောင်းများ ပုံလာနေသည်။ ဖေဖေါ်ဝါရီလမှ စတင်ပြီး စစ်အာဏသိမ်း ဆန့်ကျင်ရေး ပြည်သူအများ ထူးထူးခြားခြား ရဲရင့်စွာ ဆောင်ရွက်နေချိန် ကိုဗစ် တတိယလှိုင်းက ထပ်ဆင့် ထိုးနှက်လိုက်ပြန်သည်။
ရောဂါကူးစက်မှု အကြီးအကျယ်မြင့်မားလာပြီး လူနာများကို ကုသရန် အောက်ဆီဂျင်မလုံလောက်ခြင်းကြောင့် နေ့စဉ် သေဆုံးမှု လွန်စွာ မြင့်မား မြန်ဆန်လာသောကြောင့် နာရေးကိစ္စများဆောင်ရွက်ရန် ရုန်းကန်နေရပြီး မီးသင်္ဂြိုဟ်စက်များ မရပ်မနားလည်ပတ်နေရကြောင်း ပရဟိတအဖွဲ့များက ယခုအပတ်အတွင်း ပြောကြသည်။
မိမိတို့သည် ရန်ကုန်ရှိ သင်္ချိုင်းများသို့ အလောင်းရာချီ ပို့ဆောင်ပေးနေရသည်ကို နေ့စဉ် တွေ့နေရသည်။ (ပြည်သူများသည် ပြည်နယ်နှင့်ကျေးလက်များတွင်လည်း သေဆုံးနေကြသော်လည်း အသေးစိတ်တိကျသော သတင်းအချက်အလက်များကို မရနိုင်ပေ။ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် မည်သည့်ကိန်းဂဏန်းမဆိုကို မယုံကြည်ရဘဲ သေဆုံးမှုအရေအတွက်သည် စစ်ကောင်စီသတင်းစာများတွင် တွေ့ရသည်ထက် များစွာ ပိုမိုမြင့်မားသည်။)

မြန်မာ့ကျန်းမာရေးစနစ်သည် ပြိုကွဲပျက်စီးနေပြီး ဆေးရုံများ ကစဉ့်ကလျားဖြစ်နေကာ ကာကွယ်ဆေးနှင့် ကူးစက်မှုရှာဖွေရေးလုပ်ငန်းများမှာ တပိုင်းတစစီဖြစ်နေသည်။ စစ်အာဏာသိမ်းမှုကို ဖေဖေါ်ဝါရီလမှစတင်ပြီး သိန်းပေါင်းများစွာသော ပြည်သူများသည် လမ်းမများတွင် ဆန့်ကျင်နေခဲ့သည်။
ဆရာဝန်များ၊ သူနာပြုများ၊ ကျောင်းဆရာဆရာမများ၊ ပရဟိတလုပ်သားများနှင့် လူငယ်များသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် လူမှုအာဏာဖီဆန်ရေး လုပ်ငန်းများတွင် ပါဝင်နေကြသည်။
စစ်ကောင်စီက သမားတော်များနှင့် သူနာပြုမျာအား အလုပ်မှ ထုတ်ပစ်ကာ ဖမ်းဆီးနှိပ်စက်သည်။ ပရဟိတလုပ်သားများကိုလည်း ဖမ်းဆီးနှိပ်စက်သည်။ အချို့သည် အသက်ဆုံးရှုံးသည်အထိပင် နှိပ်စက်ခံရသည်။ စစ်ကောင်စီတပ်များသည် ပရဟိတအဖွဲ့များ၏ ရုံးခန်းများကိုလည်း ဝင်ရောက်စီးနင်းကာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ယခင်အစိုးရခေတ်က ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သော စေတနာ့ဝန်ထမ်းများကို ဖမ်းဆီးသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ သို့မဟုတ် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သောကြောင့် အများပြည်သူဝန်ဆောင်မှုကဏ္ဍမှ နိုင်ငံ့ဝန်ထမ်းထောင်ပေါင်းများစွာကို စစ်ကောင်စီက အစိုးရ အိမ်ရာများမှ မောင်းထုတ်သည်။
ယခုအခါ စစ်ကောင်စီသည် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု မရတော့ဘဲ ပြည်သူလူထုက စစ်တပ်ကို နက်နက်ရှိုင်းရှိုင်း ယုံကြည်မှုကင်းမဲ့ကာ မုန်းတီးနေသည်။ ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာ မျိုးကွဲကူးစက်လာသောအခါ နိုင်ငံကို တရားမဝင် အုပ်ချုပ်နေသူများသည် ထိုတိုက်ပွဲကို နိုင်ရန် ခက်ခဲကြောင်း သိရှိလာသည်။
ကပ်ရောဂါကို ရင်ဆိုင်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် စစ်ကောင်စီ၏ အနှစ်သာရ ကင်းမဲ့ပြီး ရှုပ်ထွေးသော ကြေညာချက်များကိုလည်း ပြည်သူလူထုက အယုံအကြည် မရှိတော့ပေ။ အများပြောသည့်အတိုင်း အပြောတခြား အလုပ်တခြားဖြစ်နေသော အချက်မှာ စစ်ကောင်စီသည် လက်နက်နှင့် ကျည်ဆံဝယ်ရန် ကြီးမားသော ရင်းမြစ်များရှိသော်လည်း လူနာများကို ကူညီရန် သို့မဟုတ် ကိုဗစ်-၁၉ ကို တိုက်ဖျက်ရန် ရည်ရွယ်ချက် မရှိပေ။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီ ခေါင်းဆောင်များသည် မကြာသေးမီ လများ သို့မဟုတ် ရက်သတ္တပတ်များအတွင်း အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြသမားများကို ပစ်သတ်ရန်ပင် အမိန့်ပေးနေကြသည်။ ထို့ကြောင့် ပြည်သူလူထုက စစ်ကောင်စီကို အယုံအကြည်မရှိဘဲ ကိုဗစ်-၁၉ တိုက်ဖျက်မည်ဆိုသည့် စစ်ကောင်စီ၏ အနှစ်သာရ မရှိသော ကတိကိုလည်း မယုံကြပေ။ ပြည်သူများက အိမ်တွင်သာနေပြီး အသေခံရန် ရွေးချယ်ထားကြောင်း မိမိတို့ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုများက ကြေကွဲဖွယ် ဖေါ်ပြနေသည်။
မကြာသေးမီလများအတွင်း အာဏာသိမ်းသူများသည် အုံကြွမှုကို နှိမ်နင်းရန်အတွက် အလုပ်ရှုပ်နေပြီး မြန်မာတနိုင်ငံလုံးမှ ပြည်သူများနှင့် အရပ်သား တိုက်ခိုက်ရေးသမားများကို သတ်ဖြတ်ရန် အဆင်မြင့်သတ်ဖြတ်ရေးတပ်များ၊ ရဟတ်ယာဉ်များနှင့် ဂျက်တိုက်လေယာဉ်များကို စေလွှတ်နေသည်။
မကြာသေးမီကပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာလုံခြုံရေးညီလာခံ တက်ရောက်ရန်နှင့် နောက်ထပ် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရေး စက်ရုံများကို လေ့လာရန် ရုရှားသို့ သွားရောက်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့များသည် ရုရှား၊ ဆာဗီးယား၊ ဘယ်လာရုစ် တို့တွင် လက်နက်ဝယ်ရန် ခိုးကြောင်ခိုးဝှက် သွားရောက်ကြသည်။ သို့သော် နိုင်ငံတွင် ကာကွယ်ဆေး လုံလုံလောက်လောက် မရှိသလို တတိယလှိုင်းကို တိုက်ဖျက်ရန် ကြိုတင်ပြင်ဆင်မှုလည်း မရှိပေ။

စစ်အာဏာသိမ်းခေါင်းဆောင်က ၎င်း၏လမ်းပြမြေပုံ ၅ ချက်တွင် စစ်ကောင်စီသည် ကာကွယ်ဆေးအစီအစဉ်နှင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်သော စီးပွားရေးလုပ်ငန်းများကို ကူညီရေး အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအမံများကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ကိုဗစ် တတိယလှိုင်းဖြစ်ပွားသောအခါ စစ်ကောင်စီသည် ကြိုတင်ပြင်ဆင်ထားမှုနှင့် ညှိနှိုင်းဆောင်ရွက်မှု လုံးဝ မရှိပေ။
“ကျနော်တို့မှာ အောက်ဆီဂျင် လုံလုံလောက်လောက် ရှိတယ်” ဟု ပြီးခဲ့သည့် အပတ်အတွင်း စစ်ကောင်စီခေါင်းဆောင်က ရုပ်သံတွင်ပြောကြားပြီးနောက် နိုင်ငံတွင်း အောက်ဆီဂျင်ပြတ်လပ်ကြောင်း ဝန်ခံပြန်ကာ အောက်ဆီဂျင်အိုးများ အလုအယက်ဝယ်ယူသော ပြည်သူများကို အပြစ်တင်ပြန်သည်။
စစ်တပ်က ပြည်သူများအတွက် အောက်ဆီဂျင်ကို ဖြတ်တောက်နေသည့်ဆိုသည့် သတင်းအတုကို တိုင်းပြည်၏ နိုင်ငံရေးနှင့်ပတ်သက်သည့် မကောင်းသော ရည်ရွယ်ချက်ရှိသော ပြည်သူများက ဖြန့်ချိနေသည်ဟု သူစွပ်စွဲသည်။
“ဒီကိစ္စမှာ နိုင်ငံရေး အမြတ်မထုတ်ဖို့ လိုတယ်။ ဒါက လူမှုရေး၊ ကျန်းမာရေးပြဿနာ၊ သေရေးရှင်ရေး ပြဿနာ၊ နိုင်ငံရေးမဟုတ်ဘူး။ ပြဿနာမရှာဖို့ အရေးကြီးတယ်” ဟု စစ်အာဏာသိမ်းခေါင်းဆောင်ပြောသည်။
နားလည်ရန် အတော်ခက်ခဲသည်။ ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံများအနေဖြင့် လူတဦးချင်းစီထက် ဆေးရုံများကို ဦးစားပေးရန် ကန့်သတ်ချက်များ ထုတ်ပြန်ထားကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခင်က ပြောခဲ့ဖူးသည်။
အချို့လူနာများကို ဆေးရုံများက လက်မခံဆိုသည့် သတင်းကလည်း မှန်သည်။ လူအများအပြားသည် ၎င်းတို့နေအိမ်များတွင်ပင် ကုသမှုခံယူရပြီး ကိုယ့်အောက်ဆီဂျင် က်ိုယ်ရှာနေရသည်။ ထို့ကြောင့် အလုအယက် ဝယ်ယူပြီး အောက်ဆီဂျင်အိုးများ ပြတ်လပ်သည်ကို သံသယရှိရန် မလိုပေ။
ထို့ကြောင့် စစ်ကောင်စီသည် ပြည်သူများကို ကျည်ဆံမသုံးဘဲ သတ်နေသည်ဟု အောက်ခြေမှ ကိုဗစ်-၁၉ လူနာ အများအပြားက ပြောသည်။ “ ဒါ တမင်ကို လုပ်နေတာ” ဟု ထိုလူနာများပြောသည်။ လူနာအများအပြားနှင့် မိသားစုများတွင် အိမ်တွင်း ကုထုံးရှာဖွေပြီး နေအိမ်များတွင်သာ ကုသကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း အသက်စွန့်လိုကြသည်။ စစ်ကောင်စီ၏ ရည်ရွယ်ချက်နှင့် ကိုဗစ်တတိယလှိုင်းတိုက်ဖျက်ရန် အစီအစဉ်နှင့် ပတ်သက်ပြီးမေးသောအခါ “ဒီကောင်တွေ လူမဆန်ဘူး” ဟု ရန်ကုန်နေ ပြည်သူအများအပြားက ပြောကြသည်။
လွန်ခဲ့သောနှစ်က တနိုင်ငံလုံးတွင် ကပ်ရောဂါတိုက်ဖျက်ရေး အကြီးအကျယ် ထောက်ပံ့လှူဒါန်းခဲ့သော ချမ်းသာကြွယ်ဝသူများ၊ လူလတ်တန်းစားများနှင့် ယခင်အရပ်သားအစိုးရခေတ် တက်တက်ကြွကြွဆောင်ရွက်ခဲ့သော စေတနာ့ဝန်ထမ်းများက စစ်ကောင်စီကို ရှောင်ရှားကြသည်။
လက်တွေ့တွင် စစ်သားများနှင့် တပ်မိသားစုများသည်လည်း ကပ်ရောဂါကြောင့် သေနေကြသည်။ သို့သော် စစ်တပ်အတွင်း ကိုဗစ်ကူးစက်သည့် သတင်းများကို ပိတ်ပင်ထားသည်။
တတိယလှိုင်းကူးစက်မှုကို သိသောအခါ ဖမ်းဆီးခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေအနေအတွက် လွန်စွာစိုးရိမ်ကြောင်း ပြောသည်။
သူ၏အစိုးရခေတ်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ ကျန်းမာရေး ဝန်ကြီးဌာနကို ၂၀၂၀ ဇန်နဝါရီလကပင် နှိုးဆော်ထားပြီး မည်သူမျှ နောက်ကျမကျန်ရေး ကတိပေးသည်။ ပူးပေါင်းဆောင်ရွက်သူများ၏ အကူအညီဖြင့် ကိုဗစ်-၁၉ လူနာအားလုံးကို အခမဲ့ကုသသည်။
ပြည်သူလူထုသို့ အပတ်စဉ် အသိပေးပြောကြားရာတွင်လည်း နှစ်သိမ့်သည့် သတင်းစကားများပေးပြီး ပြည်သူများအနေဖြင့် ထိုဗိုင်းရပ်စ်ကို ကြောက်စရာမလိုသော်လည်း လျှော့မတွက်ရန် တိုက်တွန်းသည်။ ထိုကျန်းမာရေးအကျပ်အတည်းမှ လွတ်မြောက်ရေးတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အရေးပါသောကြောင့် ကျန်းမာရေးလမ်းညွှန်များကို တိတိကျကျ လိုက်နာရန် ပြည်သူများကို တိုက်တွန်းသည်။ ကိုဗစ်-၁၉ ကို မြန်မာနိုင်ငံတွင် အပြည့်အ၀ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သော်လည်း မြန်မာနိုင်ငံသည် အခြေအနေကို ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ထိုအချိန်အထိ အလွန်ကောင်းစွာ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုယ်စားလှယ်က ထိုစဉ်က ပြောသည်။
ထိုစဉ်က ထိုမျှအထိ အောင်မြင်မှုရခြင်းအကြောင်းရင်းမှာ ကြိုတင်ပြင်ဆင်စောင့်ကြည့်မှုဖြစ်သည်။ တရုတ်နိုင်ငံ ဝူဟန်တွင် နားမလည်နိုင်သော နမိုးနီးယား ရောဂါဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများက အသိပေးပြီး နောက်တနေ့မှ စတင်ကာ နယ်စပ်များတွင် ပြင်ဆင်စောင့်ကြည့်မှုများကို အထူးသဖြင့် လုပ်ဆောင်သည်။

မှန်ကန်သော သတင်းစကားများကို လူများနိုင်သမျှ အများဆုံးထံ ရောက်စေသောကြောင့် ရုပ်မြင်သံကြားတွင် ဒေါ်အောင်ဆန်းစုကြည်က လက်ဆေးနည်း သရုပ်ပြခြင်းသည် အရေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် Facebook ကို ထိထိရောက်ရောက်သုံးပြီး ကျွမ်းကျင်သူများ၊ ကျန်းမာရေး လုပ်သားများနှင့် ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ကာ ကပ်ရောဂါအကြောင်း ဗီဒီယိုဖြင့် ဆွေးနွေးသည်။ အောင်မြင်မှု ရရှိခဲ့သည်။
ထိုကဲ့သို့သော အခြေအနေများတွင် ဒေါ်အောင်ဆန်းစုကြည်သည် ခေါင်းဆောင်တဦး လုပ်သင့်သည်ကို လုပ်နေသည်ဟု ပြည်သူများက ယုံကြည်ကြသည်။ သို့သော် စစ်တပ်နှင့် လက်ဝေခံပါတီများအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတိုက်အခံများက သူ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အားထုတ်မှုများသည် ရွေးကောက်ပွဲတွင် မဲရရန် လုပ်နေခြင်းဖြစ်ကြောင်း ဝေဖန်ကြသည်။ ပြည်နယ်နှင့်တိုင်းများအားလုံးမှ သိန်းနှင့်ချီသော စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ၊ ဆင်းရဲချမ်းသာ ပြည်သူများက အစိုးရ၏ အားထုတ်မှုများကို ဝိုင်းဝန်းကူညီရင်း အကျိုးပြုကြသည်။ သို့သော် စစ်တပ်သည် အာဏာလုပြီးနောက် ပရဟိတ ဖေါင်ဒေးရှင်းများ၏ ကွာရန်တင်းစင်တာများကို ဝင်ရောက်စီးနင်းကာ ဆေးပစ္စည်းကိရိယာများကို လုယက်သည်။ ကျော်ကြားသည့် ပရဟိတသမားများ၊ လုပ်ငန်းရှင်များမှာ ၎င်းတို့၏ လှူဒါန်းမှုအတွက် ဝင်ငွေရင်းမြစ်ကို စုံစမ်းစစ်ဆေးခံကြရသည်။
ယနေ့တွင် အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူလူထု၏ အနာဂတ်မျှော်လင့်ချက်ကို ချေမွှလိုက်ပြီးဖြစ်သည်။ အာဏာသိမ်းပြီး ရက်သတ္တပတ်များစွာ စစ်ကောင်စီ ကမကထပြုသော အကြမ်းဖက်မှုနှင့် စနစ်တကျ ဖိနှိပ်မှုကြောင့် ယနေ့မြန်မာနိုင်ငံသည် နိုင်ငံရေးအုံကြွမှု၊ စီးပွားရေးပြိုလဲမှုနှင့် ကပ်ရောဂါကို ရင်ဆိုင်ရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီး တိုင်းပြည်ကို ငရဲပြည်ဖြစ်အောင်လုပ်နေသည်ဟု ယခုအခါ မြန်မာနိုင်ငံသားများ ပြောဆိုနေကြသည်။ ထွက်ရပ်လမ်းသည် မည်သည့်နေရာတွင် ရှိသနည်း။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏အစိုးရကို ဒုတိယ သက်တမ်းသာ ထမ်းဆောင်ခွင့်ပေးခဲ့ပါက ယခုကပ်ရောဂါကို မည်သို့ရင်ဆိုင်မည်၊ မည်သို့ ကုသမည်ကို ပြည်သူများက တမ်းတနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ အားထုတ်မှုသည် သွေးစွန်းနေသော စစ်ဗိုလ်ချုပ်များထက် များစွာသာလွန်မည်မှာ သေချာလှပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Amid COVID’s Third Wave, Myanmar Descends Into State Failure ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး စစ်ခေါင်းဆောင်၏ မုသားများ
ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ
ပဲခူးနှင့် ရန်ကုန်တွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံး ဖြစ်နေ
ရန်ကုန်မြို့မှ သုသာန်များ ရုပ်အလောင်းများ ပုံနေ