အယ်ဒီတာ့အာဘော်

အာဏာသိမ်း စစ်ကောင်စီတွင် အုပ်ချုပ်ရေး စွမ်းရည်နှင့် တရားဝင်မှု မရှိ

Want create site? Find Free WordPress Themes and plugins.

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို နှိမ်နင်းသော စစ်အုပ်စုသည် ထိုနှစ် စက်တင်ဘာလတွင် သွေးချောင်းစီးသော အာဏာသိမ်းပြီးနောက် ၎င်း၏အာဏာကို ခိုင်မာအောင်လုပ်ပြီး နိုင်ငံကို စီမံနိုင်ခဲ့သည်။

ယခု ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီး ၆ လကြာသည်အထိ စစ်ကောင်စီကမူ မြန်မာနိုင်ငံကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ လွန်ခဲ့သော ရက်သတ္တပတ်ကုန်က အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့စေကာမူ စစ်ကောင်စီကို ဆန့်ကျင်သူများသည် ခိုင်မာအားကောင်းနေဆဲ ဖြစ်သည်။

၁၉၈၈ ခုနှစ်က အာဏာသိမ်းခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ကြောက်စရာကောင်းသော စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးခင်ညွန့်တို့သည် အာဏာလုယူပြီးနောက် ရက်သတ္တပတ်အတန်ကြာတွင် နိုင်ငံကို အခိုင်အမာချုပ်ကိုင်လိုက်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမည်ဖြင့် စီမံအုပ်ချုပ်ခဲ့ကြသည်။

ယခု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဲ့သို့ပင် ယခင် စစ်ခေါင်းဆောင်များသည် ရက်စက်ကြမ်းကြုတ်သော လူသတ်သမားများဖြစ်သော်လည်း နိုင်ငံအပေါ် သြဇာအာဏာခိုင်မာအောင် လုပ်နိုင်ခဲ့ကြသည်။

ယခု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဲ့သို့ပင် ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော လူသတ်သမားများဖြစ်သော်လည်း နိုင်ငံအပေါ် သြဇာအာဏာခိုင်မာအောင် လုပ်နိုင်ခဲ့ကြသည်။

၁၉၈၈ အာဏာသိမ်းပြီးလပိုင်းအတွင်း သပိတ်မှောက် နိုင်ငံဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ပြီး ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများ ပုန်းအောင်း ပြေးလွှား သို့မဟုတ် ဖမ်းဆီးခံထားရသောကြောင့် လမ်းမပေါ် ဆန္ဒပြပွဲများ ရပ်ဆိုင်းသွားသည်။

ထို့အပြင် စစ်တိုင်းမှူးများသည် အုပ်ချုပ်ရေးကို ထိထိရောက်ရောက် ကိုင်တွယ်ပြီး နိုင်ငံကို ငြိမ်ဝပ်ပိပြား အောင်လုပ်သည်။ ထို့ကြောင့် ထိုစစ်အုပ်စုသည် ၁၉၉၀ ခုနှစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားကို ဆွဲဆောင်နိုင်သည့် တံခါးဖွင့်ဈေးကွက် စီးပွားရေးနှင့် စီးပွားရေးဖွင့်ပေးသော မူဝါဒကို ချမှတ်ခဲ့သည်။

ယနေ့ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံတော် ကမ်းပါးစွန်းတွင် ဒယိမ်းဒယိုင်ဖြစ်နေသည်။ စစ်အုပ်ချုပ်ရေးပြန်ခေါင်းထောင်လာသည်ကို မလိုလားကြောင်း ပြည်သူလူထုက ပြတ်ပြတ်သားသား ဖေါ်ပြနေပြီး စစ်ကောင်စီတွင် နိုင်ငံကို အုပ်ချုပ်နိုင်သည့် သြဇာအာဏာမရှိကြောင်းလည်း ထင်ရှားသည်။ စစ်တပ်သည် အရိုင်းအစိုင်းများသဖွယ် ပြုကျင့်နေကြပြီး တိုင်းပြည်ကို နိုင်ငံခြားစစ်တပ်တတပ်က ဝင်သိမ်းထားသလို အကြမ်းဖက်မှုများသာ ဖြစ်လာနေသည်။

ဆန္ဒပြပွဲများ၏ ကြီးမားကျယ်ပြန့်မှု အတိုင်းအတာကြောင့်သာမက ထိုဆန္ဒပြပွဲများကို စီစဉ်ပုံကြောင့်ပါ စစ်ကောင်စီ အံ့သြတုန်လှုပ်သွားခဲ့သည်။ လူငယ်များ အထူးသဖြင့် နည်းပညာအရူးအမူးနှစ်သက်သည့် Generation Z များ၏ လျှော့ရဲသော ကွန်ယက်များက ထိုဆန္ဒပြပွဲများကို စီစဉ်ခြင်းဖြစ်သည်။

နိုင်ငံဝန်ထမ်းများက စစ်ကောင်စီအတွက် အလုပ်လုပ်ရန် ငြင်းဆန်ကြသည်။ ပုဂ္ဂလိက ဘဏ်များမှာ ပြန်လည်ဖွင့်လှစ်ရန် ရုန်းကန်နေရဆဲဖြစ်ပြီး တယ်လီနောအပါအဝင် နိုင်ငံခြားကုမ္ပဏီအများအပြား မြန်မာနိုင်ငံမှ ထွက်ခွာသွားကြသည်။

စီးပွားရေးသည် နိုင်ငံသား သန်းပေါင်းများစွာကို ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ အငတ်ဘေးတို့ဖြင့် ခြိမ်းခြောက်နေသည်။ တနှစ်အတွင်း သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားဖွယ် ရှိနေသည်။

မကြာသေးမီကထုတ်ပြန်သည့် ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သည့် နိုင်ငံရေး ပြဿနာများကို တပြိုင်နက် ရင်ဆိုင်နေရသောကြောင့် မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ် နောက်ဆုံး ၃ လပတ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ဖေါ်သည်။ စီးပွားရေး ကျုံ့သွားခြင်းသည် နိုင်ငံသား သန်းပေါင်းများစွာကို ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ အငတ်ဘေးတို့ဖြင့် ခြိမ်းခြောက်နေသည်။ တနှစ်အတွင်း သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားဖွယ် ရှိနေသည်။

ယနေ့ခေတ် မြန်မာနိုင်ငံကိုကြည့်သောအခါ လျှောက်လှမ်းနေသည့် လမ်းကြောင်းသည် တုန်လှုပ်ဖွယ် ဖြစ်သည်။ နိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည့် လွန်စွာပြင်းထန်သည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည်။ စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင် တရားမဝင်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများကို ကြီးထွားစေပြီး ကပ်ဆိုးသဖွယ် သက်ရောက်မှုရှိသည်။

တချိန်တည်းတွင် လက်နက်ကိုင် အုံကြွမှုများသည် ကျေးလက်တွင်သာမက မြို့ပြတွင်ပါ ပျံ့နှံ့နေသည်။ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခြင်း၊ ဗုံးခွဲခြင်း၊ စစ်ကောင်စီအရာရှိများနှင့် ဒလန်များကို သတ်ဖြတ်မှုများဆက်လက်ဖြစ်ပေါ်နေသည်။ ထိုပုန်ကန်မှုများကို ငြိမ်ဝပ်သွားရန် စစ်ကောင်စီက နှိမ်နင်းနိုင်ခြင်း မရှိပေ။

နိုင်ငံ၏ တိုင်းရင်းသားဒေသများဖြစ်သည့် ချင်းနှင့် ကယားပြည်နယ်တွင် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး အကျယ်ပြန့်ဆုံး ပုန်ကန်မှုများဖြစ်နေသည်။ လက်နက်ကိုင် ပုန်ကန်မှုသစ်များသည် ကိုလိုခေတ်ကအတိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းသို့လည်း ပျံ့နှံ့နေပြီး မကြာသေးမီလများအတွင်း စစ်စခန်းများကို မကြာခဏ တိုက်ခိုက်ကြသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်မတူဘဲ ထိုအရပ်သား ခုခံတိုက်ခ်ိုက်ရေးသမားများသည် အော်တိုမက်တစ် ရိုင်ဖယ်များမဟုတ်ဘဲ အမဲလိုက် တူမီး သေနတ်များ၊ လက်လုပ်သေနတ်များ၊ လက်လုပ်ဗုံးများသာ လက်နက်တပ်ဆင်နိုင်သည်။ မည်သို့ဆိုစေကာမူ ထိုပုန်ကန်မှုပုံစံသစ်သည် စစ်ကောင်စီကို အပြင်းအထန် ခြိမ်းခြောက်နေသည်။

၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီ အိမ်စောင့်အစိုးရက ကတိပေးခြင်းသည် လက်တွေ့မကျပေ။ အတိတ်ကအတိုင်း စစ်အုပ်စုသည် အစိုးရသစ်သို့ အကူးအပြောင်းကို ထိန်းချုပ်နိုင်ပြီဟု ထင်သောအခါမှသာ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံကို ပြန်ဖွင့်ပေးမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယုံကြည်သည်ကို သံသယရှိစရာ ကောင်းသည်။ ၎င်းသည် ကျားမြီးစွဲပြီး ပြန်မလွှတ်နိုင်တော့ပေ။

၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယုံကြည်သည်ကို သံသယရှိစရာ ကောင်းသည်။ မည်သည့်အတွက်နည်း။ စစ်ကောင်စီသည် ၎င်းတို့၏ အပြန်လမ်းများကို မီးရှို့ဖျက်ဆီးထားပြီးဖြစ်နေသည်။ ၎င်းတို့သည် ကျားမြီးစွဲပြီး ပြန်မလွှတ်နိုင်တော့ပေ။

အနာဂတ်တွင် ရွေးကောက်ပွဲ ရှိသည်ဆိုလျှင်ပင် စစ်ကောင်စီသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများကို အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဖြုတ်ချခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပေးဘဲ ပိတ်ပင်တားဆီးထားမည်ဖြစ်သည်။

ယနေ့တိုင် စစ်အာဏာသိမ်းမှုသည် မအောင်မြင်သေးဘဲ ပြည်သူလူထု၏ ပြင်းထန်သော ဆန့်ကျင်မှုကို ရင်ဆိုင်နေရသကဲ့သို့ နိုင်ငံတကာအသိုက်အဝန်းအများစုကလည်း စစ်ကောင်စီကို မြန်မာနိုင်ငံ၏တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြပေ။

နိုင်ငံအနာဂတ်အတွက် ရုန်းကန်ရသောတိုက်ပွဲသည် ရှည်ကြာမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကြားဝင်ဆောင်ရွက်မှုများလည်း လိုအပ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Military Regime Lacks Legitimacy and Capacity to Govern ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဘာလဲ ဘယ်လဲ

ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး စစ်ခေါင်းဆောင်၏ မုသားများ

ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်

အိမ်စောင့်အစိုးရ အသုံးအနှုန်းက ရှည်ကြာသော စစ်အာဏာရှင်စနစ် ထူထောင်ရန် ရည်ရွယ်လိုပုံ ရ

ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်

Did you find apk for android? You can find new Free Android Games and apps.
Loading