လက်နက်ဖြင့် အာဏာသိမ်းမှုတိုင်းသည် နောက်ဆုံးတွင် တိုင်းပြည်ကျရှုံးမှုနှင့်သာ အဆုံးသတ်လေ့ရှိကြောင်း သမိုင်း က သက်သေခံလျက် ရှိသည်။
သို့ရာတွင် ထိုနည်းလမ်းကို ခုံမင်စွာအသုံးပြုပြီး တိုင်းပြည်ကျရှုံးအောင် လုပ်နေသူများ ရှိနေခြင်းက များစွာ စိတ်ပျက်ဖွယ်ရာပင် ဖြစ်၏။
မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက် တပ်မတော်သည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ၃ ကြိမ်တိုင်တိုင် အာဏာသိမ်းခဲ့သည်။
တိုင်းပြည် ချောက်ထဲကျရန် လက်နှစ်လုံးအလိုဟု ဆိုကာ ဗိုလ်ချုပ်ကြီးနေဝင်း က ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းခဲ့သလို နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးတော့မည် ဆိုပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဗိုလ်ချုပ်ကြီး စောမောင်က အာဏာသိမ်းခဲ့၏။
ထိုသို့ စစ်တပ်က အာဏာ တခါသိမ်းလိုက်တိုင်း လူနည်းစုသာ ကောင်းစားသွားပြီး တိုင်းပြည်နှင့်လူထုမှာ ဖွတ်ကျော ပြာစုသလို စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများတွင် ဘက်စုံ ထိုး၍ ကျဆင်းသွားသည်ကို ကြုံဖူးသူတိုင်း အသိပင် ဖြစ်၏။
ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် တိုင်းပြည်သည် ဖွံဖြိုးမှုအနည်းဆုံး စာရင်းဝင်နိုင်ငံ ဖြစ်ခဲ့ရသလို နဝတ၊ နအဖ စစ်အစိုးရများ လက်ထက်တွင်လည်း ချွတ်ခြုံကျကာ ဆင်းရဲတွင်း နက်ခဲ့သည်ကို ကိုယ်တွေ့ ခံစားခဲ့ဖူးပြီး ဖြစ် သည်။
လူနည်းစု ကောင်းစားရေးကို ရှေးရှုကာ အာဏာတည်မြဲရန် နည်းမျိုးစုံဖြင့် ကြိုးစားရသည့် အတွက်လည်း ယင်းအဖွဲ့အစည်း၏ သိက္ခာတရားများ ကျဆင်းခဲ့သည်မှာ လက်တွေ့ ဖြစ်၏။
ထို့ပြင် အာဏာသိမ်း ခေါင်းဆောင်များသည်လည်း သမိုင်းတရားခံအဖြစ် အမြဲတမ်း စာရင်းသွင်းခံရကာ မိသားစုလိုက် လူတောမတိုး ခေါင်းမပြူဝံ့သည်မှာလည်း ယခင် အာဏာသိမ်းမှုများက သက်သေခံလျက် ရှိသည်။
အာဏာသိမ်းမှုကို လူထုက လက်မခံသလို အာဏာရှင်စနစ်ကိုလည်း ကမ္ဘာ့နိုင်ငံများက မကြိုက်။ ထို့အတွက် နိုင်ငံရေး၊ စီးပွားရေးတွင် တန်းတူရည်တူ ဆက်ဆံခြင်း မခံခဲ့ရချေ။
ယင်း အာဏာသိမ်းမှုကြောင့် တိုင်းပြည်သည် ချောက်အတွင်းက မတက်နိုင် ဖြစ်နေရသည်ကို တပ်မတော် ခေါင်းဆောင်များ အနေဖြင့် သတိပြုသင့်သော်လည်း မိုက်တွင်းနက်နေကြဆဲ ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ထိုဖြစ်ရပ်များကို သင်ခန်းစာ ယူခြင်းမရှိ၊ အရပ်သားအစိုးရ မဲလိမ်မဲခိုး ပါသည် ဟုဆိုကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြန်၏။
သည်တကြိမ် အာဏာသိမ်းမှုက ရှေးယခင် အကြိမ်များထက် တိုင်းပြည် ပိုမိုပျက်စီးကာ ထိခိုက်နစ်နာမည့် လမ်းစများဆီ ဦးတည်နေသည်ကို တွေ့ရပြီး နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မြို့ရွာများ ပျက်စီးကာ လူအများ ထွက်ပြေးနေရ သည်။
ယခင် တည်ငြိမ်အေးချမ်းခဲ့သည့် ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပြီးခဲ့သည့် ရက်ပိုင်း ဖြစ်ရပ်များက ဝမ်းနည်းစရာ ကောင်းလှ၏။
သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ထိုဖြစ်ရပ်များကို လျစ်လျူရှုကာ စစ်တပ် အနေဖြင့် “လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူ ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း” သာ အကြိမ်ကြိမ် ဆိုနေသည်။
ဤနေရာ၌ အမျိုးသားနိုင်ငံရေးတွင် ပါဝင်ရမည်ဟူသော အချက်ကို စွဲကိုင်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာရယူထားသူများအတွက် “လိုအပ်ချက်က” ဘယ်အရာကို ခေါ် သနည်းဟု မေးခွန်း ထုတ်စရာပင်။
သို့တည်းမဟုတ် မင်းသားကြီး မလုပ်ရ၍ ပတ်မကြီး ထိုးဖောက်ခြင်းလော၊ သို့တည်းမဟုတ် ဇာတ်စင်ကိုပါ မီးတိုက်ခြင်းလော တွေးစရာ ဖြစ်လာသည်။
လူထုအတွက်မူ လောကနိဗ္ဗာန်မှ လောကငရဲသို့ ထိုးဆင်းသွားသည့်အလား အံ့သြထိတ်လန့်စရာ အခြေအနေ ဆိုက်ခဲ့ ပြီး မိတကွဲဖတကွဲ အခြေအနေ၊ မည်သို့မျှ ထင်မထားသည့် ဖြစ်ရပ်များကို ရင်ဆိုင်နေရသည်။
စီးပွားရေး၊ ဘဏ္ဍာရေး ကျပ်တည်းကျဉ်းမြောင်းပြီး ကျီးလန့်စာ စားနေကြရသည့် ရှု့တ်ထွေးပွေလီနေသော အခြေအနေ များမှာမူ အထူးပင် ရှင်းပြနေစရာ လိုမည် မဟုတ်ချေ။
ခေတ္တခဏအတွက် အာဏာသိမ်းခဲ့ခြင်းက တိုင်းပြည်အနာဂတ် ပျောက်သွားသလို လူငယ်များ၏ အနာဂတ်မှာ လည်း မှောင်မိုက်သွားကြပြီ ဖြစ်သည်။
အာဏာသိမ်းသည့် နည်းလမ်းသည် နိုင်ငံပျက်စီးရုံမှတပါး အခြားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းနိုင်ဖွယ်မရှိ။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ
မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ