မြန်မာတို့၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံအရပ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက မိုးကောင်းသဖြင့် စေတီပုထိုးများ ရေတိမ်နစ်ကာ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
Rain Shadow Area မိုးကျော်နယ်ဟု သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းက ခေါ်ဆိုခဲ့သည့် ခြောက်သွေဒေသ ပုဂံသည် နှစ်စဉ်ပုံမှန် မိုးရေချိန် လက်မ ၂၄.၆၀ ခန့်သာရသော်လည်း ယခုနှစ်ရွာသွန်းသည့် မိုးက ဇန်နဝါရီမှ စက်တင်ဘာအထိ မိုးရေချိန် ၃၀.၈၃လက်မ ရှိနေပြီဖြစ်ရာ ပုဂံသည် တနှစ်ထက်တနှစ် ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို ခံနေရပြီဟု ဆိုနိုင်သည်။
မိုးနှင့် နွားသိုး အစိုးမရ ဆိုသလိုပင် ပုံမှန်ထက် ပိုမိုရွာသွန်းသည့် မိုးကြောင့် သံပျင်စွာဘုရား၊ ဆင်ကဘုရားနှင့် တောင်ဘီရွာရှိ ပဋိကတ်တိုက်တို့ ပြိုကျမှုများ ရှိခဲ့သလို စူဠာမဏိဘုရားအတွင်း ရေများ ဒလဟောဝင်ရောက် လာခဲ့သည်။
အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာလုပြီးနောက် လူထုနှင့် တိုက်ပွဲဆင်နေချိန် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပုဂံဒေသတွင်း အဖြစ်အပျက်များကို မည်သူကမျှ ဂရုတစိုက် လှည့်ကြည့်နိုင်ခြင်း မရှိချေ။
သို့သော် ပုဂံသူပုဂံသားများကမူ မိမိတို့၏ အားမာန်ဖြင့် ရှိသမျှစွမ်းအားကို သုံးကာ ရုန်းကန်ကာ ကာကွယ်စောင့်ရှောက်နေသည်ကို တွေ့ရသည်။
တာဝန်ရှိသူများက ပုဂံအရေးကို မေ့လျော့နေသော်လည်း ကမ္ဘာ့အမွေအနှစ်များကို ကြည့်ရှု့ထိန်းသိမ်း စောင့်ရှောက်နေသည့် ယူနက်စကို အဖွဲ့ကြီးကမူ ယင်းအဖြစ်အပျက်များကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ယူနက်စကိုသည် သဘာ၀ဘေးအန္တရာယ်နှင့် ပတ်သက်လျှင် သူ၏ Disaster Management Guidelines များ ကို ချမှတ်ထားပြီး ဖြစ်ရာ တာဝန်ရှိသူများအနေဖြင့် ကြိုတင် ကာကွယ်တုံ့ပြန်မှု မပြုနိုင်ပါက Danger List စာရင်း ထည့် သွင်းခံရနိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်နေသည်။
အကယ်၍ ပုဂံဒေသကိုသာ အန္တရာယ်နှင့် ရင်ဆိုင်နေရသော အမွေအနှစ်များအဖြစ် ယူနက်စကိုမှ စာရင်းသွင်းခဲ့ပါက တိုင်းပြည်အတွက် ရှက်ဖွယ်လိလိပင် ဖြစ်မည်။
တာဝန်ရှိသူများအနေဖြင့် ပုဂံဒေသနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မထားခြင်း၊ အကောင်အထည်ဖော်ရန် နှောင့်နှေးကြန့်ကြာနေခြင်း၊ စီမံခန့်ခွဲမှုများ လွဲမှားနေခြင်းတို့အပေါ် ရှေးဟောင်းအမွေအနှစ် ချစ်မြတ်နိုးသူ လွတ်လပ်သော ပညာရှင်များကလည်း ထောက်ပြဝေဖန်နေသည်ကို တွေ့ရသည်။
၂၀၁၃ခုနှစ် ကမ္ဘာ့အမွေအနှစ် စာရင်းတင်ရန် စတင်လုပ်ဆောင်စဉ်ကတည်းကပင် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ပျက်စီးသွားသော မူလရေဆင်းလမ်းကြောင်းများကို ပြန်လည်ဖော်ထုတ်ဖို့ ယူနက်စကိုအဖွဲ့ကြီး၏ အမွေအနှစ် စီမံခန့် ခွဲရေးဆိုင်ရာ ထိန်းသိမ်းရေး ပညာရှင်များက ကြိမ်ဖန်များစွာ ဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။
သို့သော် မည်သူကမျှ ဂရုမပြု၊ ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိသဖြင့် ယခုကဲ့သို့ ရှေးဟောင်းစေတီပုထိုးများ ထိခိုက်မှုများ ရှိလာခြင်းဟု ဆိုကြသည်။
ထို့အတူ ပညာရှင်များ၏ အကြံပြုချက်များတွင် ပုဂံဒေသ၏ စီးပွားရေးကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အပေါ်တွင်သာ မှီခိုမနေဘဲ ရှိရင်းစွဲ စိုက်ပျိုးရေး လုပ်ငန်းကို ဒုတိယဝင်ငွေရလမ်းအဖြစ် ကြိုတင်ဆောင်ရွက်ထားရန်လည်း ပါဝင် သည်ဟု သိရသည်။
ကိုဗစ်နှင့် နိုင်ငံရေး ပယောဂများကြောင့် ဧည်သည်မလာနိုင်သည့် ယခုကာလ ပုဂံဒေသ၌ ကျီးနှင့်ဖုတ်ဖုတ်ဖြစ်ကာ စီးပွားရေး အဆင်မပြေဖြစ်နေသည်က လက်တွေ့ပင်ဖြစ်သည်။
ပုဂံသည် စစ်ကိုလည်းကြုံ၊ ခြအုံလည်း ဖြစ်၊ ဓားထစ်လည်းခံ ဆိုသလို ခေတ်အဆက်ဆက် စစ်ပွဲဒဏ်၊ ငလျင်ဒဏ်၊ မင်းဆိုးမင်းညစ်ဒဏ်၊ ပုဂံလက်သစ်လုပ်ချင်သူတို့၏ ဒဏ်ကို အမျိုးမျိုးခံခဲ့ရဖူးပြီးဖြစ်သည်။
တကယ်တော့ ပုဂံရှေးဟောင်းနယ်မြေသည် ယူနက်စကို အသိအမှတ်ပြုထားသည့် တခြားသော ပျူရှေးဟောင်း နယ် မြေများနှင့်မတူ၊ ဘုရားကျောင်းကန် စုစုပေါင်း ၃ ထောင်ကျော်ရှိရာ ထိန်းသိမ်းရသည့် ဧရိယာကျယ်ဝန်းသည်ဟု ဆိုနိုင် သည်။
ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ဖြစ်ပျက်ခြင်းဆိုသည့် သင်္ခါရတရားကို လက်ကိုင်ထားသော်လည်း နှစ်ပေါင်း ၁၀၀၀ကျော် တိုင်တည်တံ့ခဲ့ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) အသိအမှတ်ပြုထားသည့် ပုဂံဒေသ ပျက်စီးသွားရမည့်အရေးကိုမူ လိုလားနိုင်မည် မဟုတ်ပေ။
ထို့အတွက် အများက မေ့လျော့နေသည့် အလစ်အငိုက်အချိန်အခါတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာ၀ဘေး အန္တရာယ်၊ ချဲ့ထွင်လာမည့် စီးပွားရေးသမားတို့၏ အမှောင့်ပယောဂ၊ မသမာသူတို့၏ ဘေးရန်မှ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ မထိခိုက်၊ မဆုံးရှုံး မပျောက်ပျက်စေရေး သတိရှိရှိဖြင့် အားလုံးဝိုင်းဝန်း ကာကွယ်ကြရန် နှိုးဆော်လိုက်ပါသည်။
You may also like these stories:
မိုးရွာသွန်းမှုကြောင့် ပုဂံက သံပျင်စွာဘုရားနံရံ ပြိုကျမှုဖြစ်
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်း ထပ်တင်
အမှတ်ရနေမည့် ကွယ်လွန်သူ သမိုင်းပညာရှင် မိုက်ကယ်အောင်သွင်
သမိုင်းလှခဲ့သည့် YMBA အသင်းကြီး၏ လားရာ ဘယ်လဲ ဘာလဲ