အယ်ဒီတာ့အာဘော်

ရွေးကောက်ပွဲရလဒ် ဖျောက်ဖျက်လျှင် ဒီမိုကရေစီ မဟုတ်

ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်သည် စစ်တပ်က လက်နက်အားကိုးဖြင့် ပယ်ဖျက်ခဲ့သော ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲ တနှစ်ပြည့်သောနေ့ဖြစ်သည်။

လွန်ခဲ့သည့် တနှစ်က ယနေ့အချိန်တွင် COVID-19 ကူးစက်မှု မြင့်တက်နေသည့်တိုင် သန်းနှင့်ချီသော နိုင်ငံသားများက ရဲရင့်စွာ အိမ်ပြင်ထွက်လာခဲ့ပြီး သူတို့၏ ဆန္ဒမဲများကို ပေးခဲ့ကြသည်။

မဲပေးခွင့်ရသူ ၃၈ သန်းအနက် ၂၇ သန်း မဲပေးခဲ့သည်။ အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲပေးခဲ့သကဲ့သို့ ကျန်သူများကလည်း လွတ်လပ်စွာရွေးချယ်မဲပေးကြသည်။ တနည်းအားဖြင့်ဆိုရပါက နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ထပ် ၅ နှစ် ဆက်လက်လုပ်ကိုင်ရန် ထိုပါတီကို အခွင့်အာဏာပေးကြောင်း ၎င်းတို့၏ ဆန္ဒမဲများမှ တဆင့် ကမ္ဘာကို ပြသလိုက်ခြင်းပင်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီသည် မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့စည်းခွင့် ဆက်လက်ရရှိခဲ့သော်လည်း စစ်တပ်သည် မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ အာဏာသိမ်းခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် အရပ်သား အစိုးရခေါင်းဆောင်များ၊ NLD ပါတီဝင်များအား ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ အချို့ဆိုလျှင် ညှင်းဆဲ နှိပ်စက်ပြီး သတ်ဖြတ်ခံကြရသည်။

အာဏာသိမ်း စစ်ကောင်စီက မှားယွင်းပါသည်ဟု ပြသခဲ့သော စာရင်းမှာ မဲလက်မှတ်များ မဟုတ်ဘဲ မဲပေးနိုင်ခွင့်ရှိသူများ စာရင်းများသာဖြစ်သည်။ မဲလိမ်မဲခိုးခြင်း မဟုတ်။

ရွေးကောက်ပွဲအကြို မဲဆန္ဒပေးနိုင်သူ လူဦးရေစာရင်း မှားယွင်းမှုများအပါအဝင် ရွေးကောက်ပွဲကော်မရှင်၏ စီမံအုပ်ချုပ်မှု လျော့လျဲမှုများ၊ ချို့ယွင်းချက်များ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု ဒေသများတွင် ရွေးကောက်ပွဲ ဖျက်သိမ်းခြင်းများ ရှိသည့်တိုင် ခြုံငုံ၍ ကြည့်လျှင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ လွတ်လပ်၍၊ ပိုမို ဒီမိုကရေစီကျပြီး အားလုံး ပါဝင်နိုင်ခဲ့သည်။

သို့သော် စစ်တပ်သည် မဲလိမ်ညာမှု ရှိသည်ဟု ယနေ့ထိ သက်သေအထောက်အထား ခိုင်လုံစွာ မပြနိုင်ဘဲ ပြည်ထောင်စုလွှတ်တော်ခေါ်ယူကျင်းပရမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တရားမဝင် အာဏာသိမ်းခဲ့ကြသည်။ ယင်းလုပ်ရပ်ကို ပြည်သူလူထုအများစုက လက်မခံဘဲ လမ်းမများပေါ် ထွက်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ငယ်ရွယ်သော ဆန္ဒပြသူ ထောင်ချီ သေဆုံးခဲ့ရသည်။ နိုင်ငံတဝန်း တရားလက်မဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း ခံနေကြရသည်။

သက်သေအထောက်အထားဖြင့် ပြ၍ ပြောရလျှင် အမှန်တကယ် လိမ်ညာခဲ့သည်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်သာဖြစ်သည်။ “ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ ရွေးကောက်ပွဲရလဒ်ကို ကျနော်လက်ခံမယ်” ဟု နေပြည်တော်ရှိ ဇဗ္ဗူသီရိမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့က မဲထည့်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းထောက်များကို ပြောခဲ့သည်။ သို့သော် မြန်မာပြည်သူအများစု၏ အနာဂတ်မျှော်လင့်ချက်ပေါင်းများစွာကို သူနှင့် သူ့လက်နက်ကိုင်စစ်တပ်က နင်းချေဖျက်ဆီးခဲ့ကြသည်။ စစ်အာဏာရှင်စနစ်ကို အသက်ပြန်သွင်းရန် နိုင်ငံနှင့် နိုင်ငံသားအပေါင်းအား လက်နက်အားကိုး အကြမ်းဖက်နေခဲ့သည်။

ထို့ကြောင့်လည်း ကုလသမဂ္ဂတွင်သာမက အိမ်နီးချင်း အာဆီယံအသင်းဝင်နိုင်ငံများအနေဖြင့် နေပြည်တော်မှ အာဏာသိမ်းစစ်တပ်ကို ၎င်းတို့ကပင် ရေးဆွဲပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပင် တရားမဝင်ဟု မြင်ကာ တရားဝင်အစိုးရတရပ်အဖြစ် လက်သင့်မခံနိုင်ခြင်း ဖြစ်သည်။

ယခု စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ကျင့်သုံးရန် တင်ပြလာနေသည့် အချိုးကျကိုယ်စားပြုစနစ် PR( Proportional Representation) ၏ ချမရေးသော ရည်ရွယ်ချက်သည်ပင် လက်နက်ကိုင် စစ်တပ်က လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်းမျှဖြင့် မကျေနပ်နိုင်ဘဲ ပို၍ အာဏာကို လွှမ်းမိုးချုပ်ကိုင်ရန် ဖြစ်သည်။

ယနေ့ ၂၁ ရာစု ဒီမိုကရေစီ ထွန်းကားသော နိုင်ငံရေးယဉ်ကျေးမှုတွင် သေနတ်ပြောင်းဝက အာဏာသည် အတိုင်းအတာနှင့် ဖြစ်သည်။ အသည်းကြားက မဲတပြားကသာလျှင် နိုင်ငံရေးယဉ်ကျေးမှုတွင် အခရာဖြစ်သည်။ ထို့ကြောင့်လည်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများက ဖေဖော်ဝါရီလ လမ်းမများပေါ် ကြွေးကြော်သံဆိုင်းပုတ်များ ကိုင်ဆောင်ခဲ့ကြသည်။ “Respect our votes! ငါတို့မဲတွေကို လေးစားပါ” ဟူ၍ပင်။

You may also like these stories:

PR စနစ်နဲ့ စစ်ကောင်စီ နိုင်ငံရေးအသက်ဆက်ချင်

ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း

ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ရှေ့ဆက်ရန် မြန်မာတို့ မဲထည့်ခဲ့ကြသည်

အမေရိကန်နှင့် မြန်မာတို့၏ ရွေးကောက်ပွဲ ဇာတ်လမ်း

Loading