“ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူ တဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာလတံ့သော အနာဂတ်ကာလ၌၎င်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြသော ကြီးငယ် ဝေးနီး ကျား/မ မခြား သစ္စာတော်ခံ နိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည် ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့် လျော်စွာစည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသောအခွင့်အရေး တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ”
ယင်းသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန် နယ်ချဲ့ဗြိတိသျှတို့၏ ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်ခဲ့သည့် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ကြေညာသော လွတ်လပ်ရေးကြေညာစာတမ်းပါ အပိုဒ် ၅ မှ စာသားများဖြစ်သည်။
သို့သော် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အချိန်အခါသမယတွင်မူ ယင်းစာသားများနှင့် လုံးဝဆန့်ကျင်စွာ မြန်မာနိုင်ငံသားများ ခံစားနေကြရသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာ မြန်မာနိုင်ငံတော်ကြီးကို မြန်မာစစ်တပ်က လက်နက်ကိုင် ဗိုလ်ကျစိုးမိုးပြီး တဦးတဖွဲ့တည်းကသာ ပိုင်ဆိုင် ချုပ်ကိုင်လိုမှုကို ရင်ဆိုင်နေကြရသည်။ အများဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည်။ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် နိုင်ငံသားအများအပြား လူမဆန်စွာ သတ်ဖြတ်ခံနေကြရသည်။
နိုင်ငံလွတ်လပ်ရေးအတွက် အသက်ပေးပြီး တိုက်ပွဲဝင်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မိမိတို့ ဘိုးဘွားများ၏ အလိုဆန္ဒများသည် နှစ်ပေါင်း ၇၄ နှစ်ကြာသည်အထိ မပြည့်ဝသေးပေ။ တိုင်းတပါးနယ်ချဲ့တို့၏ လက်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ခဲ့သော်လည်း နိုင်ငံသားတို့ကား နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် တာဝန်အား သစ္စာပျက်ယွင်းနေသော လက်နက်ကိုင်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုအောက် ရောက်နေကြရသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နှင့် ရဲများသည် ကလေး ၇၅ ဦးအပါအဝင် အရပ်သား ၁၃၀၀ ကျော်ကိုသတ်ဖြတ်ခဲ့သည်။ ၎င်းတို့သည် လူနေရပ်ကွက်များကို သိမ်းကြုံးပစ်ခတ်ပြီး ပြည်သူထောင်ပေါင်းများစွာကို လုပ်ကြံစွပ်စွဲမှုများဖြင့် ဖမ်းဆီးကာ စနစ်တကျ ညှင်းပမ်းနှိပ်စက်နေသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကဖြစ်ပွားသော တိုက်ခိုက်မှုတခုတွင် ကလေး ၄ ဦးနှင့် လူသားချင်းစာနာမှုဝန်ထမ်း ၂ ဦးအပါအဝင် လူအနည်းဆုံး ၃၅ ဦးကို မြန်မာနိုင်ငံကယားပြည်နယ်တွင် သတ်ဖြတ်ခဲ့သည်။
မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂက အချက်ပေးခေါင်းလောင်းတီးနေသည်။ ကုလသမဂ္ဂ အစီရင်ခံစာတစောင်အရ မြန်မာပြည်သူများသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအရ၊ လူမှုစီးပွားအရ၊ လူ့အခွင့်အရေးအရနှင့် လူသားချင်းစာနာမှုအရ မကြုံစဘူး ကျပ်တည်းသော အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဟု သိရသည်။ တိုင်းနှင့်ပြည်နယ် ၁၅ ခုအနက် ၁၄ ခုတွင် အာဟာရချို့တဲ့မှု အဆိုးရွားဆုံးအဆင့်ရောက်လာမည်ဟု ထိုအစီရင်ခံစာက ခန့်မှန်းသည်။ ထို ၂၀၂၂ ခုနှစ်အတွက် ခန့်မှန်းချက်အရ အမျိုးသား ၆.၉ သန်း၊ အမျိုးသမီး ၇.၅ သန်းနှင့် ကလေးငယ် ၅ သန်း အပါအဝင် ပြည်သူ ၁၄.၄ သန်းသည် အကူအညီများကို ပုံစံတမျိုးမျိုးဖြင့် လိုအပ်မည်ဖြစ်သည်။
အစီရင်ခံစာ၏အဆိုအရ “အမျိုးသမီးများ၊ ကလေးများနှင့် မသန်စွမ်းသူများသည် စီးပွားရေးနှင့် လုံခြုံရေးအကျပ်အတည်းတွင် အထူးထိခိုက်လွယ်ပြီး လိင်အခြေပြု အကြမ်းဖက်မှုများအပါအဝင် အမြတ်ထုတ်သွေးစုပ်မှုနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ ခံရနိုင်သည်” ဟု သိရသည်။ ထို့အပြင် “ ၂၀၂၁ ခုနှစ်ကပင် မြင့်မားနေပြီဖြစ်သော လူမှောင်ခိုကူးမှုနှင့် လူမှောင်ခိုမှု အန္တရာယ်သည် ရွှေ့ပြောင်းသွားလာမှုနှင့် အပြုသဘောမဆောင်သည့် ဖြေရှင်းနည်းအဖြစ် မလုံခြုံသော ရွှေ့ပြောင်းနေထိုင်မှုကို အသုံးပြုခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ ပဋိပက္ခကြောင့် ထိခိုက်သောနေရာများတွင် ကလေးများအပါအဝင် လူမှုအသိုက်အဝန်းတခုလုံး နေရပ်စွန့်ခွာရသည်” ဟု လည်း ဖေါ်ပြထားသည်။
အာဏာသိမ်းပြီးနောက် လူပေါင်း ၂၂၃၀၀၀ သည် လက်နက်ကိုင်ပဋိပက္ခ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ကျပ်တည်းသည့် စစ်ရှောင် စခန်းများတွင် ဆက်လက်နေထိုင်နေရသည်။ ထိုသူများတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ လူပေါင်း ၃၉၀၀၀၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်တောင်ပိုင်းနှင့် တနင်္သာရီမှ လူပေါင်း ၁၅၄၈၀၀ နှင့် ချင်းပြည်နယ်မှ လူပေါင်း ၂၃၀၀၀ ပါဝင်သည်။ ၎င်းတို့အနက်အများအပြားသည် အကြိမ်ကြိမ် ထပ်မံရွှေ့ပြောင်းနေထိုင်နေရသည်။
ရခိုင်ပြည်နယ်တွင်လည်း ရိုဟင်ဂျာပေါင်း ၆ သိန်းနီးပါးသည် စာရွက်စာတမ်းအထောက်အထားမရှိဘဲ သွားလာမှု ကန့်သတ်ခံထားရသည်။
ထိုအခြေအနေဆိုးကို ကျော်လွှားနိုင်ရန် မြန်မာလူထုအဖို့ ဒီမိုကရေစီနည်းလမ်းတကျ အရပ်သားအစိုးရကို တင်မြှောက်ပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ စီးပွားရေး ပြန်လည်ထူထောင်ရေးတို့အတွက် လွတ်လပ်ရေးရသည့်အချိန်မှ စ၍ အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည်။ သို့သော် စစ်တပ်က ယင်းသို့ကြိုးပမ်းချက်များကို အသိအမှတ်မပြုဘဲ လက်နက်အားကိုးပြီး အကြိမ်ကြိမ် အာဏာသိမ်းခဲ့သည်။
မြန်မာနိုင်ငံနှင့် နိုင်ငံသားများ ယနေ့ထိတိုင် ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်နေကြရသည်မှာ မြန်မာစစ်ခေါင်းဆောင်များ အမြဲဆိုသလို ပြောဆိုနေသော ကိုလိုနီနယ်ချဲ့များကြောင့် မဟုတ်ပါ။ ကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်လာခဲ့သည်မှာ ၇၄ နှစ်ပင် တိုင်ခဲ့ပြီ။ တရားခံအစစ်မှာ ပြဿနာပေါင်းစုံကို ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းလိုစိတ် မရှိဘဲ လက်နက်အားကိုးပြီး အာဏာငန်းဖမ်းနေသော မြန်မာစစ်တပ်ကြောင့်ဟုသာ ဆိုရပေတော့မည်။
You may also like these stories :
PR စနစ် ပြောင်းရန်ကြိုးစားမှု စစ်အုပ်စု စဉ်ဆက်မပြတ် အာဏာချုပ်ကိုင်နိုင်ရေးလား
ဆယ်စုနှစ်အတွင်း မြန်မာ့လူ့အဖွဲ့အစည်း ပြောင်းလဲသွားပြီးပြီ
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ
People of 2021 သို့မဟုတ် ၂၀၂၁ ခုနှစ်၏ ဇာတ်လိုက်များ