ဂျပန်မှ အထူးသံတမန်တဦးသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် အသက်သွင်းရေးအတွက် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) အချို့နှင့် တွေ့ဆုံသော်လည်း ထိုဆွေးနွေးပွဲသည် ထူးခြားသည့် ဆွေးနွေးပွဲဖြစ်မည် မဟုတ်ပေ။
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးသံတမန်အနေဖြင့် ယိုဟိ ဆာဆာကာဝါသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအို့အမျိုးသားလွတ်မြောက်ရေးကောင်စီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၌ ယနေ့ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်တွင် တွေ့ဆုံသည်။ မြန်မာမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် လွန်ခဲ့သောနှစ်ဖေဖေါ်ဝါရီတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းနေခဲ့ပြီး ဖြစ်သည်။
KNPP မှလွဲပြီး ကျန်အဖွဲ့များအားလုံသည် သမ္မတဟောင်းဦးသိန်းစိန်ခေတ် ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး ပစ်ခတ်တ်ိုက်ခ်ိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် အသိအမှတ်ပြုထားသည့် လက်နက်ကိုင်အဖွဲ့အစည်း ၁၈ ခုရှိသည်။
ဆာဆာကာဝါနှင့်တွေ့ဆုံမည်ဟု မျှော်လင့်ရသူများတွင် ဦးအောင်နိုင်ဦးနှင့် ဦးလှမောင်ရွှေတို့ ပါဝင်မည်ဟု မျှော်လင့်ရသည်။ ၎င်းတို့သည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း အစိုးရ၏ ငြိမ်းချမ်းရေး ပွဲစားများဖြစ်သည်။ ဦးလှမောင်ရွှေသည် လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကော်မတီသစ်တွင် ပါဝင်နေသော်လည်း ၎င်းတို့ ၂ ဦးလုံးသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး စင်တာ၏ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ကြမည်ဖြစ်သည်။
သို့သော် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် NCA သည် သေဆုံးသလောက်နီးပါးဖြစ်နေပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ခရီးမရောက်ဘဲ ကျဆုံးသွားသည်ဟု သတ်မှတ်ထားကြသည်။ လွန်ခဲ့သောနှစ်အတွင်း မြန်မာနိုင်ငံတွင် ပဋိပက္ခများပေါက်ကွဲထွက်လာပြီး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အပါအဝင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စစ်ကောင်စီကို တိုက်ခိုက်နေကြသည်။ စစ်ကောင်စီသည် EAOs များကို ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်း မအောင်မမြင်ဖြစ်နေချိန်တွင် ဆာဆာကာဝါ ကြားဝင်လာခြင်းဖြစ်သည်။
နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌနှင့် NCA လက်မှတ်ရေးထိုးချိန်က သက်သေတဦးလည်းဖြစ်သော ဆာဆာကာဝါသည် ဖြုတ်ချဖမ်းဆီးခံ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်သာမက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်ပါ ကောင်းမွန်သော ဆက်ဆံရေးရှိသူဖြစ်သည်။ လက်ရှိအချိန်တွင် ဂျပန်အထူးသံတမန်သည် ထိုင်းအာဏာပိုင်များနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံတွင် ရောက်နေသည်။
NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များသည် ဆာဆာကာဝါနှင် ပုံမှန် အဆက်အသွယ်ရှိနေသော်လည်း ယခု ချင်းမိုင် တွေ့ဆုံဆွေးနွေးပွဲသည် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
ဖိတ်ကြားထားသော ပုဂ္ဂိုလ်များစာရင်းတွင် စစ်ကောင်စီနှင့် လတ်တလောတိုက်ခိုက်နေသည့် အဓိကကျသည့် အရပ်သားစင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ၎င်း၏လက်နက်ကိုင်အဖွဲ့အစည်း ပြည်သူ့ကာကွယ်ရေးတပ် (PDFs) မှ ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိပေ။ EAOs မျာ၏ ခေါင်းဆောင်များ ဆာဆာကာဝါနှင့် တွေ့ဆုံသော်လည်း နိုင်ငံရေးဆွေးနွေးမည်မဟုတ်ဘဲ လူသားချင်းစာနာထောက်ပံ့ကူညီရေးကိုသာ ဦးတည်ဆွေးနွေးမည်ဟု သက်ဆိုင်ရာအဖွဲ့များက ပြောဆိုထားသည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆယ်စုနှစ်များစွာလေ့လာခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ဂျပန်၏ အခန်းကဏ္ဍကိုလေ့လာနေသော ပြည်တွင်းသုတေသီတဦးက “EAOs တွေနဲ့ စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်မယ်လို့ ဂျပန် အထူးသံတမန်က ထင်နေတယ်။ ဒါပေမယ့် သူမေ့ထားတာက ခုခံရေးလှုပ်ရှားမှုနဲ့ စင်ပြိုင်အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရပဲ” ဟု ပြောသည်။
NUG နှင့် စစ်ကောင်စီတို့သည် တဘက်နှင့်တဘက် အကြမ်းဖက်သမားများအဖြစ် အပြန်အလှန် သတ်မှတ်ထားသည်။ နှစ်ဘက်လုံးက တွေ့ဆုံဆွေးနွေရန် လိုလားသည့် လက္ခဏာမပြဘဲ တဘက်နှင့် တဘက် အပြုတ်တိုက်ရန်သာ ကြိုးစားနေကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သာမက မည်သည့်စေ့စပ်ညှိနှိုင်းမှုမဆိုသည် စစ်အာဏာရှင်စနစ်နှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများ အဆုံးသတ်ရေး ဆီသို့ ဦးတည်မည်မဟုတ်ကြောင်း ပြည်သူအများအပြားက ယုံကြည်ကြသည်။
ထိုသို့သောအခြေအနေတွင် EAOs များနှင့် တွေ့ဆုံရန် ကြိုးစားသော ဆာဆာကာဝါ၏ အခန်းကဏ္ဍမှာ ရှင်းရှင်းလင်းလင်း မရှိလှပေ။
ထိုင်းနိုင်ငံတိုင်မီ ဆာဆာကာဝါသည် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံခဲ့သည်။ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်အဖြစ်ဆောင်ရွက်ရာတွင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုးခွန်းနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆာဆာကာဝါကို ဟွန်ဆန်က တိုက်တွန်းသည်။
ပရက်ဆိုခွန်းသည် မြန်မာအကျပ်အတည်း အဖြေရှာရန် အားထုတ်မှုအဖြစ် မတ်လ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြန်မာသို့ ၄ ရက်ကြာ လာရောက်ရန် စီစဉ်ထားသည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
သို့သော်လည်း ယခု ချင်းမိုင် တွေ့ဆုံဆွေးနွေးပွဲအတိုင်း အကြောင်းထူးစရာ ရှိမည် မဟုတ်ပေ။
You may also like these stories:
မြန်မာ့ဒီမိုကရေစီ ခုခံရေးလှုပ်ရှားမှု အောင်ပွဲခံနိုင်သည်
မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်
စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ
Crypto ငွေကြေး၊ ဆိုးရော့စ်နှင့် မြန်မာ့တော်လှန်ရေး ရန်ပုံငွေ
တပ်မတော်နေ့ မတိုင်မီ စစ်ကိုင်း PDFကို ရှင်းရန် စစ်ကောင်စီ လုပ်ဆောင်နေ