စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်နှုန်းကို သတ်မှတ်ထိန်းချုပ်လိုက်ပြီးနောက် တရက်ထက် တရက် အမေရိကန် ဒေါ်လာရှားပါးမှုဖြစ်ပေါ်လာကာ နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သော စက်သုံးဆီအပါအဝင် လူသုံးကုန်တင်သွင်းမှုအပေါ် သက်ရောက်မှု ကြီးမားလာနေသည်။
ယခုရက်ပိုင်းအတွင်းမှာပင် စက်သုံးဆီဆိုင်များက ၎င်းတို့တွင် ဆီလက်ကျန်နည်းပါးလာ၍ ဆိုင်အများစု က စက်သုံးဆီရောင်းချမှုကို ခွဲတမ်းစနစ်ဖြင့် အကန့်အသတ်လုပ်ကာ ရောင်းချလာနေကြသည်။
အဓိကပြဿနာမှာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသောကုမ္ပဏီများ လိုအပ်သည့် အမေရိကန်ဒေါ်လာပမာဏကို လုံလောက်အောင် ရောင်းချပေးနိုင်ခြင်းမရှိသလို ဒေါ်လာအပေါ် ၎င်းတို့ ကန့်သတ်ထားမှုကြောင့်လည်း ပြင်ပဈေးကွက်တွင် ဒေါ်လာ အလွယ်တကူ မရှိခြင်းတို့ ကြောင့် ဖြစ်သည်။
ထိုကဲ့သို့ ဒေါ်လာ နှင့် စက်သုံးဆီ ဈေးကွက်ကို ထိန်းချုပ်လာသလို ပြည်တွင်းရွှေဈေးကွက်ကိုလည်း အရောင်းအဝယ်စာရင်းများ တောင်းခံခြင်းနှင့် ၎င်းတို့ သတ်မှတ်ချက်ထားအတိုင်း အရောင်းအဝယ် မလုပ်ဆောင်သူများကို ဖမ်းဆီးအရေးယူခြင်းများ လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကို ထိန်းချုပ်သည့် မူဝါဒကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် တာဝန်ရှိသူများနှင့် စီးပွားရေးဆိုင်ရာဝန်ကြီးများက အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ကျဆင်းစေရန်နှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ရည်ရွယ်သည်ဟု ကြေညာထုတ်ပြန်သော်လည်း ခန်းခြောက်လာသော နိုင်ငံခြားအရန်ငွေပမာဏကို ကာကွယ်ရန်က ဦးစားပေး ဖြစ်ပုံရသည်။
စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး၏ ၂၀၂၁ ခုနှစ် အောက်တို ဘာလအတွင်း နိုင်ငံခြားသတင်းဌာနသို့ ဖြေကြားချက်အရ ၎င်းတို့တွင် နိုင်ငံခြားအရန်ငွေ ၆ ဘီလီယံ ကျော် ရှိကြောင်း ဆိုထားသည်။ လက်ရှိတွင် စစ်လက်နက်နှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များအပြင် ချေးငွေ နှစ်စဉ်အတိုးများနှင့် ပေးရန်ရှိသည်များ၊ ထို့အပြင် စက်သုံးဆီအပါအဝင် မရှိမဖြစ် လူသုံးကုန်များ တင်သွင်းရန်အတွက်ပါ ဒေါ်လာပေးချေမှုများရှိနေခြင်းကြောင့် ယခုတွင် ထို ပမာဏအောက် လျော့နည်းလာနေသည်က အသေအချာပင်။
အာဏာသိမ်းကာလ တနှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ပထမလေးလအတွင်းတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်မှုကလည်း ခမ်းခြောက်လာနေသည်။ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP မြန်မာ က ပြီးခဲ့သည့်မေလ ၁၉ ရက်တွင် ထုတ်ပြန်ချက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု စစ်တမ်းအရ အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော်သာ ဝင်ရောက်ခဲ့ပြီး ၃ နှစ်အတွင်းမှာ အနည်းဆုံး ပမာဏ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆောက်လုပ်ရေး၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စက်မှုဇုန်များ၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တူတူးဖော်ရေး ၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍ တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု လုံးဝမရှိကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံ နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ စာရင်းများကို ကိုးကားထားပြီး ISP မြန်မာက ဖော်ပြထားသည်။
ထို့ကြောင့် လက်ရှိ စစ်ကောင်စီ၏ စီးပွားရေးမူဝါဒ အတွေးအခေါ် စဉ်းစားချက်များသည် လက်ထဲတွင် ရှိနေသော နိုင်ငံခြားငွေမာ အမေရိကန်ဒေါ်လာကို ခြိုးခြံခြွေတာပြီး သုံးစွဲရန် ဖြစ်လာသည်။ ပြည်ပမှ သွင်းကုန်များ လျှော့ချရန် တံခါးပိတ်ချင်လာနေသည်။ ယခင် ဆိုရှယ်လစ် ခေတ်တုန်းကကဲ့သို့ ပြင်ပနှင့် ထိတွေ့ဆက်ဆံမှုနည်းသော တိုင်းပြည်အတွင်းသို့သာရှုမြင်သည့် ( Inward Looking ) ဖြစ်လာသည်။
သို့ဖြင့် ပြည်ပမှ အမေရိဒေါ်လာဖြင့် ပေးချေကာ တင်သွင်း နေရသော စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းအားလုံး လိုလိုသည် ရှားပါးလာနေပြီး ဈေးနှုန်းမြင့်တက်ကုန်သည်။
သွင်းကုန်ပစ္စည်းများ ကန့်သတ်လာခြင်း၊ ဈေးကွက်ကို ထိန်းချုပ်လာခြင်းတို့ကြောင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် စီးပွားရေးအလွယ်တကူလုပ်ကိုင်နိုင်မှု အခြေအနေများလည်း ဆိုးရွားလာနေလျက် ရှိသလို ယခင် စစ်အုပ်ချုပ်ရေးခေတ်ကကဲ့သို့ ခွင့်ပြုချက်ပါမစ် ကျလာစေရန် လာဘ်ထိုးရသော အကျင့်ပျက်ခြစားမှု တဖန်ဖြစ်လာနိုင်မည်ကိုလည်း စိုးရိမ်နေရသည်။
အမိန့်ပေးစီးပွားရေးနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် တိုင်းပြည်ဆင်းရဲတွင်းသို့ ကျရောက်ခဲ့ပြီးဖြစ်သည်။ ယင်းသို့ ကျရှုံးပြီးသားဖြစ်သည့် တံခါးပိတ်ဈေးကွက်စီးပွားရေးနှင့် ခရိုနီအရင်းရှင်စနစ်တို့ကို ပြန်လည်ကျင့်သုံးကာ အောင်မြင်လိမ့်မည်ဟု ထင်နေကြခြင်းကမူ အကြီးအကျယ်ဆုံးသော ရူးသွပ်မိုက်မဲပင်။
ယခုပင် စက်သုံးဆီ မလုံမလောက် ပြတ်တောက်မှုနှင့် ရွှေဈေးကွက် ပျက်မှုတို့ဖြင့် စစ်ကောင်စီ နပမ်းလုံးနေရပြီဖြစ်သည်။ သေချာသည်၊ ဦးနေဝင်းနှင့် ဦးသန်းရွှေကဲ့သို့ ယခု စစ်အာဏာရှင်လက်သစ် မင်းအောင်လှိုင်သည်လည်း စီးပွားပျက်ပြီး ထွက်တော်မူနန်းက ခွာရဦးမည်သာ။
You may also like these stories :
သင်္ဘောများ ရောက်လာဟု ဆိုသော်လည်း ဆိုင်များတွင် စက်သုံးဆီပြတ်နေဆဲ
လိုင်စင်ရှိမှ ရွှေအတုံးအခဲ ရောင်းဝယ်ရန် ရန်ကုန်ရွှေအသင်းသတ်မှတ်
စစ်ကောင်စီ ထိန်းချုပ်မှုကြောင့် စက်သုံးဆီ ရှားပါးနေ
ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား
ဒေါ်လာစနစ် ဖျက်သိမ်းခြင်းက ဘဏ္ဍာရေးအရ လည်ပင်း ကြိုးကွင်းစွပ်ခြင်းဖြစ်