အယ်ဒီတာ့အာဘော်

စစ်ကောင်စီ ဒေဝါလီခံရနိုင်သလား

ရွေးကောက်ပွဲနိုင် အစိုးရတရပ်ကို ဖြုတ်ချကာ တိုင်းပြည်အာဏာကို လုယူပြီး အချိန် ၁ နှစ်ကျော်သည် အထိ ပြည်တွင်းပြည်ပ ထောက်ခံအသိအမှတ်ပြုမှု မရရှိနေသော အာဏာသိမ်းစစ်ကောင်စီက ပြည်တွင်းပြည်ပ ချေးငွေများ ပြန်ဆပ်နေရမှုကို စတင် ညည်းညူလာခဲ့သည်။

ဇူလိုင်လအစတွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် ပြည်တွင်းပြည်ပ ချေးငွေကို အတိုးနှင့် အရင်းပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် နှစ်စဉ်ပေးဆပ်နေရကြောင်း ထုတ်ပြောပြီး ယခင် အစိုးရအပေါ် အပြစ်ပုံခဲ့သည်။

ထို့ကြောင့် နိုင်ငံခြား အရန်ငွေကြေး ခန်းခြောက်လာနေသော စစ်ကောင်စီသည် ပြည်ပချေးငွေ အကျပ်အတည်းကိုပါ ရင်ဆိုင်လာရနိုင်သလောဟု စမ်းစစ်စရာဖြစ်လာသည်။

အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ တင်သွင်းရသော လောင်စာဆီ၊ ဆေးဝါးနှင့် အခြားလူသုံးကုန်များကို ကန့်သတ်ထားခြင်း၊ ဘဏ်များသို့ ဝင်သော ဒေါ်လာကို သတ်မှတ်ဈေးနှုန်းဖြင့် တရက်အတွင်း ပြန်ရောင်းခိုင်းခြင်းများ လုပ်ဆောင်ထားသည့်တိုင် ယခုလဆန်းတွင်ပင် နယ်စပ်ကုန်သွယ်ရေးငွေပေးချေမှုကိုပါ ဒေါ်လာဖြင့် ဆောင်ရွက်ခိုင်းလာခဲ့သည်။

တဖက်တွင်လည်း ပို့ကုန်ရငွေ (Export Earning) စာရင်းရှင်းရန် ကျန်ရှိနေသော ကုမ္ပဏီများကို ယခင် ဦးသိန်းစိန် အစိုးရ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်အထိ Backdate ဖြင့် ဘဏ်စာရင်းတွင် အမေရိကန်ဒေါ်လာ ပြန်ထည့်ရန် အတင်းအကျပ်တောင်းယူနေပြန်သည်။

ထိုလုပ်ဆောင်ချက်များက အာဏာသိမ်းစစ်ကောင်စီတွင် နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ အခက်အခဲကို ကြုံတွေ့နေရသည့် လက္ခဏာများပင်။

စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က Reuters သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် နိုင်ငံခြားသုံး အရန်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၄ ဘီလီယံ ရှိကြောင်း ပြောဖူးသည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက် ၁ နှစ်ကျော်အတွင်း ဗဟိုဘဏ်က ငွေကြေးဈေးကွက်အတွင်းသို့ ဒေါ်လာ ထုတ်ရောင်းချမှု အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိရှိပြီး ယခုနှစ်အတွက် ပြည်တွင်း ပြည်ပ ချေးငွေများအတွက် ပြန်ဆပ်ထားရသည့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ နှင့်ဆိုပါက နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်အထိ ကုန်ဆုံးသွားပြီ ဟု အကြမ်းဖျဉ်း တွက်ချက်နိုင်သည်။

အမေရိကန်ပြည်ထောင်စုက စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာအစိုးရ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို ထိန်းချုပ်ထားသည်ကိုလည်း ထပ်နုတ်နိုင်မည်။

ငွေစက္ကူအသစ် ရိုက်ထုတ်ရန်အတွက် ကုန်ကြမ်းဝယ်ယူမှု နှင့် စစ် လက်နက်ပစ္စည်းများ ဝယ်ယူမှုများ ဝယ်ယူခဲ့ရာတွင် ပေးချေရသည့် နိုင်ငံခြားငွေများကိုပါ ထည့်တွက်လျင် စစ်ကောင်စီ၏ နိုင်ငံခြားငွေ အရန်ပမာဏသည် ထက်ဝက်ကျော် လျော့ကျနေပြီဖြစ်သည်။

စီးပွားရေး ပညာရှင်တဦးက “စစ်ကောင်စီက သွင်းကုန်တွေကို ကန့်သတ်ထားတယ်။ ပြည်တွင်း နိုင်ငံခြားသုံးငွေ သုံးစွဲမှုကို လျော့ကျအောင်လည်း နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတာတွေကြည့်ရင် သူတို့မှာအရန်ငွေပမာဏမှာ အခက်အခဲ ဖြစ်နေတာ အသေအချာပဲလေ။ ဒီအခြေအနေကို သူတို့ ကောင်းကောင်းမကိုင်တွယ်နိုင်ရင် အချိန်တခု ရောက်လာရင်တော့ ပြည်ပချေးငွေပြန်ဆပ်မှုအတွက် အကျပ်အတည်းဖြစ်လာမှာပဲ” ဟု ဆိုသည်။

ထို့အပြင် ယူကရိန်း- ရုရှား စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းနှင့် အမေရိကန်ပြည်ထောင်စုက အမေရိကန် ဒေါ်လာ အတိုးနှုန်းမြှင့်တင်လိုက်ခြင်း အစရှိသည့် ကမ္ဘာ့စီးပွားရေးအခြေအနေများ၏ သက်ရောက်မှုများကိုလည်း ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

“တိုင်းပြည်နိုင်ငံရေးအခြေအနေကလည်း မရောရာမသေချာဘူး။ အခုသူတို့ စီးပွား ရေးနဲ့ ပတ်သက်ပြီး လုပ်နေတာတွေကလည်း အကုန်ရေတိုနည်းဖြေရှင်းလို့ ရမလားဆိုပြီး အကုန် လျှောက်လုပ်နေတာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကိုလည်း သေချာမကြည့်ဘူးဆိုတော့ စီးပွားရေး အတွက်ကတော့ အကောင်းပြောစရာ ဘာမှမရှိဘူး” ဟု ပြောဆိုသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှေးကွေးသွားနေခြင်း၊ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ချေးငွေများရပ်တန့်သွားချိန်တွင် နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ အများအပြားရရှိနေသော ပို့ကုန်လုပ်ငန်းတွင် တရုတ်နှင့် ထိုင်းသို့ တင်ပို့ရောင်းချနေသော သဘာဝဓာတ်ငွေ့မှ လွဲ၍ အများစုသည် ဗဟိုဘဏ်၏ ဒေါ်လာ ကန့်သတ်ထိန်းချုပ်မှုများကြောင့် အကျပ်ရိုက်စ ပြုလာပြီ ဖြစ်သည်။

အဆိုပါ ပို့ကုန်လုပ်ငန်းများ ရေရှည်တွင် ဆက်လက်မရပ်တည်တော့ပါက တိုင်းပြည်သို့ စီးဝင်လာ နေသော နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ ယခုထက် လျော့ကျလာဦးမည်ဖြစ်သည်။

တိုင်းပြည်အတွင်း ဒေါ်လာဝင်ရောက်မှု လျော့နည်းလာပါက ပြည်ပမှ ဒေါ်လာဖြင့် ပေးချေရပြီး တင်သွင်းရသော အရေးကြီးကုန်များဖြစ်သည့် လောင်စာဆီ၊ စားအုန်းဆီ နှင့် ဆေးဝါး တင်သွင်းမှု ပြတ်တောက်မည့် အခြေအနေများဖြစ်ပေါ်လာနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်း နှင့် ကုန်ဈေး နှုန်းကြီးမြင့်မှုများ ဆက်တိုက်လိုက်လာမည်ဖြစ်သည်။

ထို့သို့ တိုင်းပြည်စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်လာလျင် ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်ကဲ့သို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနှင့် အပေးအယူလုပ်ရတော့မည်ဖြစ်သည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ရတော့မည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကြောင့် ယခင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ အမိန့်ပေး တံခါးပိတ် စီးပွားရေးမူဝါဒကြောင့် ပြန်မဆပ်နိုင်ဘဲ တင်နေသော ကြွေးမြီများကို လျှော်ပေးခဲ့ပြီး ကြွေးမြီသစ်များ ပြန်ရလာခဲ့ဖူးသည်။

အကယ်၍ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများကို လျစ်လျူရှုပြီး ရုရှနှင့် တရုတ်နိုင်ငံတို့ထံမှ ချေးငွေကိုရော မျှော်လင့်နိုင်ပါသလား။

ယူကရိန်းကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို ခံနေရသော ရုရှက အလုံးအရင်းငွေချေးရန်မှာ မဖြစ်နိုင်သလောက်ပင်။ တရုတ်ထံတွင် ငွေချေးရန် ရှိနေသော်လည်း ကြွေးဟောင်းမဆပ်နိုင်ဘဲ ကြွေးသစ်ရရန် အတော်ပင်ခက်မည်။ ထို့အပြင် မြန်မာ့အကြွေးအများစုသည် တရုတ်နိုင်ငံမှ ဖြစ်သောကြောင့် အကြွေးထပ်ယူပါက ဝန်ပိုပိလာဖို့သာ ဖြစ်လာစေမည်။

၂၀၁၉ ခုနှစ်ကုန်ပိုင်း စာရင်းအရ မြန်မာနိုင်ငံ၏ ပြည်ပချေးငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိနေပြီး ထိုအထဲမှ ၄၀ ရာခိုင်နှုန်းဖြစ်သော ဒေါ်လာ ၄ ဘီလီယံသည် အတိုးနှုန်းမြင့်သော တရုတ်နိုင်ငံ၏ ချေးငွေများဖြစ်ပြီး အဆိုပါ တရုတ်ချေးငွေအတွက် တနှစ်လျှင် ဒေါ်လာ သန်း ၅၀၀ ခန့် ပြန်လည်ပေးဆပ်နေလျက်ရှိသည်။

ထို့အပြင် တရုတ်နိုင်ငံဆီက ချေးယူထားခဲ့သော ချေးငွေပမာဏအများစုသည် ၂၀၁၀ ခုနှစ်မတိုင်ခင် စစ်အစိုးရ လက်ထက်၌ ဆိုင်းငံ့ကာလ နှစ် ၃၀ ဖြင့် တနှစ်လျှင် အတိုးနှုန်း ၄ ရာခိုင်နှုန်းကျော်ဖြင့် ချေးယူထားခဲ့ခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေးကောင်းကင်တွင် မုန်တိုင်းကျတော့မည်မှာ သေချာနေကြောင်း ရှေ့ပြေးလှိုင်းလုံးများနှင့် လေပြင်းများက ဖော်ပြနေသည်။ စစ်ကောင်စီ၏ လက်ပူတိုက်လုပ်ဆောင်နေချက်များက အလုပ်ဖြစ်မည် မဟုတ်ပေ။

You may also like these stories:

အမိန့်ပေး ထိန်းချုပ်ရေးကြောင့် တိုင်းပြည် စီးပွားပျက်ရုံသာ

နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း

တရုတ်အကြွေးပိပြီး ဒေဝါလီခံရတဲ့ သီရိလင်္ကာ

ကြွေးမြီအကျပ်အတည်းကြောင့် လာအို ဒေဝါလီခံရနိုင်

Loading