လူချစ်လူခင်များသော ဒီမိုကရေစီလှုပ်ရှားသူ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အပြင် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သူ အခြား ၂ ဦးဖြစ်သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်ပြီးဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ယနေ့ ဇူလိုင်လ ၂၅ ရက် မနက်က ဖတ်ရှုလိုက်ရသော မြန်မာပြည်သူများအဖို့ ကြိမ်မီးအုံးမျှ ဝမ်းနည်းကြေကွဲကြရသည်။
ယင်းသို့ ကြိုးပေးသတ်ဖြတ်ခြင်းသည် မိသားစုဝင်များနှင့် သောကြာနေ့က စ၍ တွေ့ဆုံခွင့်ပေးအပြီး နောက်ဆက်တွဲ စနေနှင့် တနင်္ဂနွေများတွင် သတ်ဖြတ်ခဲ့ကြခြင်းဟု ယုံကြည်ရသည်။ ရုပ်ကြွင်းများအား ထိန်ပင်သုဿန်တွင် မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၏ ဆိုရှယ်မီဒီယာအကောင့်များတွင် ဖော်ပြချက်များက အင်းစိန်ထောင်သို့ သတင်းသွားရောက်စုံစမ်းကြသော မိသားစုဝင်များအား ထောင်က အလောင်း ပြန်မပေးခြင်းအရ ယုံကြည်နိုင်လောက်သည်။
ယနေ့ အင်းစိန်ထောင်သို့ သွားရောက် သတင်းမေးခဲ့ကြသူ မိသားစုဝင်များ ရင်ထဲတောက်လောင်ခဲ့သော သောကမီးများက မြန်မာနိုင်ငံသားများ ရင်ထဲသို့လည်း ကူးစက်ခဲ့သည်။ မိမိတို့ ချစ်ခင်ရသူတဦး မည်သည့်အချိန် မည်သည့်နေရာတွင် မည်သို့မည်ပုံ အသက်ထွက်သွားခဲ့ရသည်ကို သိရှိချင်ကြပြီး ဖြစ်နိုင်လျှင် သက်မဲ့ရုပ်အလောင်း သို့မဟုတ် ရုပ်ကြွင်းပြာ ကို ပြန်လည်ယူဆောင်ပြီး ကိုးကွယ်ယုံကြည်ရာ ဘာသာတရား ဓလေ့ထုံးတမ်းအရ သဂြိုဟ် ဈာပနပြုလုပ်လိုကြမည်။ ယင်းသည် လူသားဆန်သော အပြုအမူဖြစ်ပြီး မြန်မာနိုင်ငံ တရားဥပဒေနှင့် ထောင်လုပ်ထုံးလုပ်နည်းများကလည်း ခွင့်ပြုပေးထားသည်။
သို့သော် တရားစီရင်ပိုင်ခွင့် မရှိသော အာဏာသိမ်း စစ်ကောင်စီက တရားမဝင် ညွှန်ကြားချက်ကို ထောင်ဝန်ထမ်းများက လုပ်ထုံးလုပ်နည်းများအား ကျော်လွန်ပြီး သတ်ဖြတ် အလောင်းဖျောက်လိုက်ခြင်းမှာ ရိုင်းစိုင်းသော သမိုင်းမှတ်တိုင်တခုဖြစ်ခဲ့ပြီ။
ယခုသတ်ဖြတ်မှုသည် ကုလသမဂ္ဂနှင့် အာဆီယံအသင်း ဥက္ကဋ္ဌတို့က မသတ်ဖြတ်ရန် တိုက်တွန်းချက်များကို ဖီဆန်ပြီး လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ခြင်းလည်း ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီက ကွပ်မျက်လိုက်သည့်အပေါ် ရှုတ်ချကြောင်း အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က ကြေညာခဲ့သည်။ ရှုတ်ချကန့်ကွက်မည့် ဒေသတွင်းရှိ အခြား နိုင်ငံများလည်း ရှိသေးသည်။ အကျဉ်းသားများ လွှတ်ပေးရေးကို လုံးဝဆန့်ကျင်သောကြောင့် မြန်မာစစ်တပ်၏ ဤလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး “လူထု၏ စိတ်ဓာတ်များ ခက်ထန်တင်းမာလာကာ နိုင်ငံတကာမှ မြန်မာနိုင်ငံကို ပိုမိုအထီးကျန်စေခြင်းကြောင့် ပိုမိုနက်ရှိုင်းသော ပဋိပက္ခများ ဖြစ်ပေါ်လာစေသည်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်က ဆိုသည်။
ဂျပန်၏ စိုးရိမ်ချက် မှန်သည်။ ယင်းသို့ မိုက်မဲစွာ သေဒဏ်စီရင်လိုက်ခြင်းက လောင်ကျွမ်းနေသော မီးပုံအား ဓာတ်ဆီလောင်းလိုက်သလို ဖြစ်ပြီး တုန့်ပြန်လက်စားချေမှုများ ဖြစ်ပေါ်လာစေနိုင်သည်။ ယခင်ကတည်းကပင် စစ်ကောင်စီအဖွဲ့ဝင်များ၊ ထောက်ခံသူများနှင့် သတင်းပေးဒလန်များကို လုပ်ကြံသတ်ဖြတ်မှုများ ကျယ်ပြန့်နေပြီးဖြစ်သည့် အခြေအနေကို ပိုဆိုးလာစေလိမ့်မည်။ အပြန်အလှန် စစ်ကောင်စီဘက်ကလည်း ရက်စက်ကြမ်းကြုပ်မှုများ တိုးမြှင့်ကာ အကြမ်းဖက်သံသရာလည်ပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရေး လမ်းကြောင်းမှာ လုံးဝပိတ်ဆို့သွားနိုင်သည်။
ယခုကဲ့သို့ ကြိုးပေးသတ်ဖြတ်မှုသည် နှစ်ပေါင်း ၃၀ ကျော်တွင် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းက နောက်ဆုံးအကြိမ် ကွပ်မျက်မှု နောက်ပိုင်းတွင် သေဒဏ်များကို အကြိမ်ကြိမ် ချမှတ်သော်လည်း ကွပ်မျက်ခြင်း မပြုတော့ပေ။ ယခင်စစ်အုပ်စုများသည် အယူခံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ထားသည့် အလေ့အထရှိပြီး နောင်တွင် သေဒဏ်မှ တသက်တကျွန်းသို့ ပြစ်ဒဏ်လျှော့ချပေးခြင်းကို ကျင့်ဝတ်တခုသဖွယ် အခိုင်အမာ ထူထောင်ခဲ့သည်။ ယခုမူ ယင်းအလေ့အထ ပျက်ဆီးသွားခဲ့ပြီ။
တဘက်ကကြည့်လျှင် လူ့ယဉ်ကျေးမှုနှင့် နိုင်ငံရေးတန်ဘိုး လုံးဝမရှိသူ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမူအကျင့်ကို အသက်ပေး ဖော်ထုတ် ရပ်တည်ပြသွားသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည် နွေဦးတော်လှန်ရေး၏ နောက်ဆုံး အာဇာနည်များပင်။ သူတို့ကို ကောင်းမွန်စွာ သဂြိုလ် မြုပ်နှံခွင့် မရသေးသော်ငြား ချစ်ခင်သူ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဒီမိုကရေစီလိုလားသူ မြန်မာနိုင်ငံသားတိုင်း၏ ရင်ထဲတွင် ဗိမ္မာန်တည်ခဲ့ပြီ ဖြစ်သည်။
You may also like these stories:
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထ
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်
မင်းအောင်လှိုင်ရဲ့ ကြိုးမိန့် နဲ့ နိုင်ငံရေးလက်စားချေပွဲ
အာဇာနည်နေ့ကို စစ်ခေါင်းဆောင်က မည်သည့်အတွက် အလေးမထားသနည်း