စစ်တပ်အုပ်ချုပ်ရေးကို ထာဝရ အဆုံးသတ်ခြင်းသည် ၁၉၆၂ ခုနှစ်မှ စတင်ဖြစ်ပွားနေသည့် ပြဿနာကို ရိုက်ချိုးမည့် တခုတည်းသော နည်းလမ်းဖြစ်သည်။ ထိုပြဿနာမှာ ပိုမိုလုံခြုံသော အနာဂတ်ကို ရှာဖွေရန် မြန်မာပြည်သူ ၅၄ သန်းခန့်အနက် ၁၀ ရာခိုင်နှုန်းသည် နိုင်ငံမှ ထွက်ပြေးရခြင်းဖြစ်သည်။
၁၉၆၂ ခုနှစ် ပထမဆုံးအကြိမ် စစ်အာဏာသိမ်းမှုမှ ယခုအခါ သက်တမ်း ရာစုဝက် ကျော်လာသည့် မြန်မာနိုင်ငံမှ စစ်အုပ်စုအဆက်ဆက် ပညာတတ်များ၊ နိုင်ငံရေး အတိုက်အခံများ၊ အသက်မွေးဝမ်းကြောင်း ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများ အပါအဝင် ဘဝအလွှာစုံမှ မြန်မာပြည်သူ သန်းပေါင်းများစွာတို့သည် ဖိနှိပ်မှုမှ လွတ်မြောက်စေရန်အတွက် နိုင်ငံမှ ထွက်ပြေးကြသည်။
၂၀၂၁ ခုနှစ် နောက်ဆုံးအကြိမ် စစ်အာဏာသိမ်းမှုသည် ယခင်က မကြုံဖူးလောက်အောင် များပြားသည့် အတိုင်းအတာအထိ လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာစေပြီး အခြေအနေများသည် ဆက်လက် ဆိုးရွားဦးမည်ဟု မျှော်လင့်ရသည်။
၂၀၂၁ ခုနှစ် နောက်ဆုံးအကြိမ် စစ်အာဏာသိမ်းမှုသည် ယခင်က မကြုံဖူးလောက်အောင် များပြားသည့် အတိုင်းအတာအထိ လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာစေပြီး အခြေအနေများသည် ဆက်လက် ဆိုးရွားဦးမည်ဟု မျှော်လင့်ရသည်။
မြန်မာပြည်သူများကို နိုင်ငံမှ ထွက်ပြေးစေသည့် ဖြစ်နေကျ ပုံစံတခုရှိသည်။ ထိုပုံစံကို ဦးနေဝင်းက ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ် အာဏာသိမ်းပြီးနောက်၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို ဖိနှိပ်နှိမ်နင်းကာ စစ်အာဏာသိမ်းပြီးနောက်နှင့် ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံအစိုးရကို လွန်ခဲ့သောနှစ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြုတ်ချ အာဏာသိမ်းပြီး နောက်တို့တွင် တွေ့ရသည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု၏ တိုက်ရိုက်အကျိုးဆက်များဖြစ်သော နိုင်ငံရေးဖိနှိပ်ခြင်း၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ နိုင်ငံပိုင်သိမ်းခြင်း၊ လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံခြင်း၊ အလုပ်လက်မဲ့ ပြဿနာ၊ စီးပွားရေး အကျပ်အတည်း၊ ကျဆုံးသွားသော ပညာရေးစနစ်နှင့် ဆယ်စုနှစ်များစွာကြာသော ပြည်တွင်းစစ်တို့သည် နောင်နှစ်များစွာအတွင်း ပြည်သူများကို နိုင်ငံမှ ထွက်ပြေးစေသည့် အဓိကအကြောင်းရင်းများ ဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် ယခင်အာဏာသိမ်းမှုများထက် ပိုမိုဆိုးရွားသော အကျိုးဆက်များကို ဖြစ်စေသည်။
ပြည်သူများသည် နိုင်ငံသမိုင်းတွင် လုံးဝမကြုံဖူးသည့် လွန်စွာ မရေရာသော ကာလတခုကို ဖြတ်သန်းနေရသည်။ တရားမဲ့သတ်ဖြတ်မှုများ၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ အလွန်များပြားနေသည်။ အလုပ်လက်မဲ့နှုန်း လွန်စွာမြင့်မားနေပြီး ပညာရေးအခွင့်အလမ်း ရှားပါးနေသည်။ အကြီးအကျယ် မျှော်လင့်ချက် ကင်းမဲ့သည့် ခံစားမှုသည် ပြည်သူများကို အမိမြေမှ မောင်းထုတ်နေသည်။
နိုင်ငံရေး ဖိနှိပ်မှုက မောင်းထုတ်နေ
လွန်ခဲ့သောနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံမှ မောင်းထုတ်ခံရသည့် ပထမဆုံး အုပ်စုမှာ နိုင်ငံရေးအရ ဖိနှိပ်ခံရသူများဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးအရ ဖိနှိပ်ခံရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများနှင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ပရဟိတ အသင်းဝင်များ ဖြစ်သည်။
စစ်ကောင်စီက မိသားစုများကို ဓားစာခံ လုပ်သောကြောင့် အများအပြားသည် မိသားစုများကိုပါ ခေါ်ဆောင်ထွက်ပြေးရသည်။ အရေအတွက်အားဖြင့် သောင်းနှင့်ချီရှိသည်။
အသက်မွေးဝမ်းကြောင်းအရ ဆိုပါက ထိုသူများတွင် ရှေ့နေများ၊ သတင်းသမားများ၊ အနုပညာရှင်များ၊ ဆန္ဒပြ ဆရာဝန်များ၊ ကျောင်းဆရာ ဆရာမများ၊ အစိုးရဝန်ထမ်းများ စသည်တို့ ပါဝင်သည်။ စစ်ကောင်စီက မိသားစုများကို ဓားစာခံ လုပ်သောကြောင့် အများအပြားသည် မိသားစုများကိုပါ ခေါ်ဆောင်ထွက်ပြေးရသည်။ အရေအတွက်အားဖြင့် သောင်းနှင့်ချီရှိသည်။
အများအပြားကို ပြည်ပနိုင်ငံများက နိုင်ငံရေးခိုလှုံခွင့် ပေးထားပြီး နောက်ထပ် ထောင်ပေါင်းများစွာသည် ခိုလှုံခွင့် ရရန် စောင့်ဆိုင်းနေသည်။ တတိယနိုင်ငံသို့ သွားရောက်ရန် အစီအစဉ်မရှိသူများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ခိုလှုံနေသလို အချို့သည်လည်း နယ်စပ်တလျှောက်မှ ယာယီစခန်းများတွင် ခိုလှုံနေသည်။ စစ်ကောင်စီက ၎င်းတို့ကို လိုက်လံ ရှာဖွေနေသောကြောင့် ပုန်းအောင်းနေပြီး နိုင်ငံမှထွက်ခွာရန် စီစဉ်နေသူ ပိုမိုများပြားလာနေသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင်လည်း ဦးနေဝင်း စစ်အာဏာသိမ်းပြီး ချက်ချင်းဆိုသလို နိုင်ငံရေး အတိုက်အခံများသည် ဖိနှိပ်မှုကို ရင်ဆိုင်ရပြီး နိုင်ငံရေး အတိုက်အခံများနှင့် ကျောင်းသားများ နိုင်ငံမှ ထွက်ပြေးရသည်။ စစ်အုပ်စုက စီးပွားရေးကို နိုင်ငံပိုင် သိမ်းလိုက်သောကြောင့် စီးပွားရေး လုပ်ငန်းရှင်များလည်း နိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားကြသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအတွင်း၌လည်း ဆန္ဒပြသူ ၃၀၀၀ ကျော်ကို နောက်တက်လာသည့် စစ်အုပ်စုက သတ်ဖြတ်ပြီးနောက် သောင်းနှင့်ချီသော ဆန္ဒပြသူများနှင့် ကျောင်းသားများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသို့ ဝင်ရောက်ရန်နှင့် စစ်အုပ်စုကို တိုက်မည့်ကျောင်းသား တပ်မတော်ဖွဲ့ရန် နိုင်ငံမှ ထွက်ခွာသွားကြသည်။ နောက်လာသည့် ဆယ်စုနှစ်များတွင် စစ်တပ်က သံမဏိလက်သီးဖြင့် ဦးသန်းရွှေအောက်တွင် အုပ်ချုပ်သောကြောင့် နိုင်ငံရေး အတိုက်အခံများ၊ သတင်းသမားများ၊ စာရေးဆရာများနှင့် အသက်မွေးဝမ်းကြောင်း ပညာရှင်များ နိုင်ငံမှ မောင်းထုတ်ခံရသည်။
ဦးသန်းရွှေအောက်တွင် ဝန်ကြီးတဦးက နိုင်ငံမှ ပြည်သူများကို ထွက်မပြေးအောင် မည်သို့ လုပ်ရမည် မသိတော့ဟု အာဏာရှင် ဦးသန်းရွှေကို ပြောသည်။ ဦးသန်းရွှေက “မင်းတားလို့မရရင် မတားနဲ့ပေါ့ကွ၊ လူနည်းလေ ငါတို့အတွက် အုပ်ချုပ်ရလွယ်လေပဲ” ဟု ပြန်ပြောခဲ့သည်။
ထို့ကြောင့် ပညာတတ်များ ကျောင်းသားများအပါအဝင် သန်းနှင့်ချီသော ပြည်သူများသည် ဦးသန်းရွှေ အုပ်ချုပ်စဉ် နိုင်ငံမှ ထွက်ခွာသွားကြသည်။ ထိုစဉ်က ရန်ကုန်မြို့လယ်တွင် ရှိသော နိုင်ငံကူးလက်မှတ်ရုံးသည့် သူ့အုပ်ချုပ်ရေး အောက်တွင် အလုပ်အများဆုံး ဖြစ်ခဲ့သည်။
ပြည်တွင်းစစ်နှင့် အလုပ်လက်မဲ့ ပြဿနာ
၂၀၂၁ ခုနှစ် မတ်လတွင် နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းပြီးနောက် နိုင်ငံနှင့် နေအိမ်များမှ ထွက်ပြေးရသည့် ဒုတိယအုပ်စုတွင် နိုင်ငံတဝန်း လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်သောကြောင့် စစ်ကောင်စီက မီးရှို့ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် နေရပ်စွန့်ခွာရသူများ ပါဝင်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၉၇၄,၀၀၀ ဦး နေရပ်စွန့်ခွာရကြောင်း စက်တင်ဘာလအစောပိုင်းတွင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ကြေညာသည်။
စစ်ကောင်စီ ဆန့်ကျင်ရေး အမာခံဒေသများဖြစ်သည့် ချင်း၊ ကရင်နှင့် ကယားပြည်နယ်များ၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ မြို့ရွာ အများအပြားတွင် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှု၊ မီးရှို့မှုများ ပြုလုပ်ပြီး အနည်းဆုံး သောင်းပေါင်းများစွာရှိသည့် ပြည်သူများကို မောင်းထုတ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၉၇၄,၀၀၀ ဦး နေရပ်စွန့်ခွာရကြောင်း စက်တင်ဘာလအစောပိုင်းတွင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ကြေညာသည်။
ထို့အပြင် အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဇွန်လအထိ ကာလအတွင်း လူပေါင်း ၄၀,၀၀၀ ကျော်သည် နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးကြောင်းလည်း အထက်ပါ ကုလသမဂ္ဂ အေဂျင်စီက ထုတ်ပြန်သည်။ ထိုသူများတွင် စစ်ကောင်စီက တိုက်ခိုက်နေသည့် နယ်စပ်များနှင့် နီးကပ်သည့် လူမှုအသိုက်အဝန်းများမှ ပြည်သူများ ပါဝင်သည်။
တချိန်တည်းတွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးရသော ရိုဟင်ဂျာပြည်သူ ၉၁၉,၀၀၀ ဦးသည် ဘင်္ဂလားဒေ့ရှ်တွင် ရောက်နေသောကြောင့် ၂၀၁၂ ခုနှစ် ခန့်မှန်းတွက်ချက်မှုအရ ထိုင်းနိုင်ငံတွင်ရောက်နေသည်မှာ ဆယ်စုနှစ် ၂ ခုကျော် ကြာပြီဖြစ်သည့် ဒုက္ခသည် ၁၄,၀၀၀၀ ဦးထက် များစွာ ပိုမိုများပြားသည်။
စီးပွားရေး ကျဆင်းမှု ဆိုးရွားသောကြောင့် နိုင်ငံမှထွက်ပြေးရသော လူ အရေအတွက်လည်း တိုးပွားနေသည်။ အာဏာသိမ်းပြီးနောက်နှင့် ယခုနှစ် ဇွန်လ ၃၀ ရက်နေ့အတွင်း ထိုင်း၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် မလေးရှား အပါအဝင် ၅၇ နိုင်ငံသို့ ထွက်ခွာသူ ၃၆,၃၆၅ ဦးကို နိုင်ငံခြား အလုပ်သမား မှတ်ပုံတင်များ ထုတ်ပေးခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ် အလုပ်သမား ဝန်ကြီးဌာနက ကြေညာသည်။
ယခုနှစ်တွင် နိုင်ငံမှ ထွက်ခွာသူ အရေအတွက် တိုးပွားမှု အရှိန် မြင့်မားလာသည်။ မတ်လမှ ဇွန်လအထိ ၄ လတာကာလအတွင်း ရွှေ့ပြောင်းလုပ်သား ၄၀,၀၀၀ ခန့်အတွက် အလုပ်အကိုင်စာချုပ်များ ချုပ်ဆိုရန် စီစဉ်ပေးခဲ့ကြောင်း ထိုဝန်ကြီးဌာန၏ စာရင်းများက ပြသနေသောကြောင့် လစဉ် လူ ၁၀,၀၀၀ ခန့် နိုင်ငံမှ တရားဝင် ထွက်ခွာနေသည့် သဘောဖြစ်သည်။
ထိုအရေအတွက်တွင် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ကာ အများအားဖြင့် ထိုင်းသို့ သွားသူများ သို့မဟုတ် အခြားဗီဇာတမျိုးမျိုးဖြင့် သွားရောက်သူ၊ သွားရောက်ရန် ကြိုးစားနေသူများ မပါပေ။ ဘဏ္ဍာရေးအရ စိုးရိမ်ပူပန်မှုများကြောင့် စစ်အာဏာသိမ်းပြီးနောက် ၁၈ လအတွင်း အမိမြေကို စွန့်ခွာသူ ထောင်ပေါင်းများစွာ ရှိနိုင်သည်။
ထိုသို့ ထွက်ခွာကြသောကြောင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဌာန (UNDESA) ၏ ၂၀၂၀ ပြည့်နှစ် စာရင်းတွင် လူဦးရေ တိုးလာပြီး ကမ္ဘာတဝန်း မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဒသမ ၇ သန်း ရှိလာသည်။
ဦးနှောက်ယိုစီးမှု
၁၉၆၂ ခုနှစ် ဦးနေဝင်းအုပ်ချုပ်ရေး စတင်သည့် နောက်ပိုင်း စစ်အုပ်စု၏ ကန့်သတ်ချက်များနှင့် စီမံခန့်ခွဲမှု အမှားများကို သည်းမခံနိုင်တော့တော့ဘဲ ပညာတတ်များ နိုင်ငံမှ ထွက်ခွာသွားသောကြောင့် ဦးနှောက်ယိုစီးမှု ဖြစ်သည်။ လန်ဒန်တက္ကသိုလ်ကျောင်းထွက် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာလှသည် ပြင်သစ်သို့ ထွက်ခွာသွားသည်။ ယေးလ်တက္ကသိုလ်ကျောင်းထွက် သမိုင်းပါမောက္ခ ဒေါက်တာ မောင်မောင်ကြီးသည် နေဝင်းစစ်အုပ်စု၏ မအောင်မြင်သော စီးပွားရေး မူဝါဒဖြစ်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ဝေဖန်သောကြောင့် အလုပ်ထုတ်ခံရပြီးနောက် အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာသွားသည်။
ဦးသန်းရွှေ စစ်အုပ်စုအောက်တွင် မြန်မာမှ အထင်ရှားဆုံး ကဗျာဆရာများအနက် တဦးဖြစ်သည့် ဦးတင်မိုးသည် ထောင်ချခံရပြီးနောက် ပြည်ပသို့ ထွက်ခွာသွားပြီး စွယ်စုံအနုပညာရှင် ဦးဝင်းဖေသည် အမေရိကန် ပြည်ထောင်စုတွင် ခိုလှုံသည်။ ကျောင်းသားများလည်း ထိုလမ်းကြောင်းအတိုင်း လိုက်ကြပြီး ပိုမိုကောင်းမွန်သော ပညာရေးနှင့် အနာဂတ်ကို ရှာဖွေကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီး တနှစ်ခွဲကြာသောအခါ ငွေကြေးတတ်နိုင်သော မိသားစုများသည်ပင် ကလေးများကို ပြည်ပတွင် ပညာသင်ကြားရန် စေလွှတ်သောကြောင့် နိုင်ငံကူးလက်မှတ်ရုံးသည် လွန်စွာ အလုပ်များရပြန်ပြီး ဦးသန်းရွှေခေတ်ထက်ပင် အလုပ်များသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရအောက်တွင် မျှော်လင့်ချက်ရောင်ခြည် ပြန်လည် ထွန်းလင်းလာသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီး တနှစ်ခွဲကြာသောအခါ ငွေကြေးတတ်နိုင်သော မိသားစုများသည်ပင် ကလေးများကို ပြည်ပတွင် ပညာသင်ကြားရန် စေလွှတ်သောကြောင့် နိုင်ငံကူးလက်မှတ်ရုံးသည် လွန်စွာ အလုပ်များရပြန်ပြီး ဦးသန်းရွှေခေတ်ထက်ပင် အလုပ်များသည်။ မင်းအောင်လှိုင် အုပ်ချုပ်ရေးအောက်တွင် နေ့စဉ် မလုံခြုံမှုနှင့် စီးပွားရေး အခွင့်အလမ်း နည်းခြင်းတို့ကြောင့် မိဘများသည်လည်း ၎င်းတို့၏ ကလေးများနှင့်အတူ လိုက်ပါသွားကြသည်။ ထိုသို့လုပ်ဆောင်သည့် လမ်းကြောင်းသည် ယခင်မကြုံဖူးသည့် လမ်းကြောင်းဖြစ်ပြီး အရေအတွက် လျှော့ကျခြင်းမရှိဘဲ တိုး၍သာလာနေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြောင့် နိုင်ငံသမိုင်းတွင် အကြီးမားဆုံး နိုင်ငံစွန့်ခွာ ထွက်ပြေးနေကြပြီး နိုင်ငံတွင်ပြင်းထန်သော ဦးနှောက်ယိုစီးမှုနှင့် လူငယ် အလုပ်သမား ရှားပါးမှု ဖြစ်စေသည်။
မြန်မာနိုင်ငံ၏ လူမှုစနစ်သည်လည်း ပြိုကွဲနေသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များသည် ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်နှင့် အာဏာကို ဆက်လက်ချုပ်ကိုင်ရန်အတွက် လွန်စွာ အလုပ်များနေသောကြောင့် နိုင်ငံကို မကယ်နိုင်ကြပေ။ ထိုအချက်သည် စစ်အာဏာရှင်အားလုံး၏ တူညီသော အချက်ဖြစ်ပြီး မင်းအောင်လှိုင်သည် ယခင်အာဏာရှင်များဖြစ်သည့် ဦးနေဝင်းနှင့် ဦးသန်းရွှေတို့အတိုင်းသာ ဖြစ်သည်။
စစ်အုပ်စု ၃ ခုလုံးသည် ပြည်သူများကို နိုင်ငံမှ မောင်းထုတ်ကြသည်။ အထူးသဖြင့် နိုင်ငံရေးဖိနှိပ်မှုကို ရှောင်ရှားရန်နှင့် စစ်အုပ်ချုပ်ရေးကြောင့် နိုင်ငံတွင် မရနိုင်တော့သည့် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ပိုင်ဆိုင်ရန် နိုင်ငံကို စွန့်ခွာရခြင်း ဖြစ်သည်။
မြန်မာပြည်သူများ နိုင်ငံမှ အလုံးအရင်းဖြင့် စွန့်ခွာထွက်ပြေးခြင်းသည် ပြည်တွင်းရေး ပြဿနာ သက်သက် မဟုတ်တော့ဘဲ ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များကို လက်ခံထားရသည့် အိမ်နီးချင်းနိုင်ငံများကိုသာမက အတိုက်အခံ နိုင်ငံရေးသမားများကို နိုင်ငံရေး ခိုလှုံခွင့် ပေးရသည့် အနောက်နိုင်ငံများကိုပါ ထိခိုက်စေသည်။
ယခင်စစ်အုပ်စုများ၏ အတွေ့အကြုံကို အခြေခံကာ ကောက်ချက်ချရပါက မြန်မာမှ အလုံးအရင်းဖြင့် နိုင်ငံစွန့်ခွာမှု ပြဿနာသည် စစ်အုပ်စုက သို့မဟုတ် အရပ်ဝတ်ဖြင့် ရုပ်ဖျက်ထားသည့် ဗိုလ်ချုပ်များက နိုင်ငံကို အုပ်ချုပ်နေသမျှ အဆုံးသတ်မည် မဟုတ်ပေ။
စစ်ကောင်စီ၏ ပိုမို ဖိနှိပ်လာခြင်း၊ မြို့ရွာများကို ပိုမို စီးနင်း တိုက်ခိုက်လာခြင်းနှင့် စီးပွားရေး စီမံခန့်ခွဲမှု မှားယွင်းခြင်းတို့ကြောင့် ထိုသို့ အစုလိုက်အပြုံလိုက် နိုင်ငံစွန့်ခွာထွက်ပြေးခြင်းသည် ပိုမိုတိုးပွားလာရန်သာ ရှိနေသည်။ မြန်မာမှ နိုင်ငံကို အလုံးအရင်းဖြင့် စွန့်ခွာ ထွက်ပြေးခြင်း အပါအဝင် ထိုပြဿနာအားလုံး၏ အဓိကအကြောင်းရင်းမှာ ဒီမိုကရေစီ ဆုံးရှုံးစေပြီး အာဏာသိမ်းသော စစ်ဗိုလ်ချုပ်များ၏ ကိုယ်ကျိုး ကြည့်ခြင်းကြောင့် ဖြစ်သည်ဆိုသည့် အချက်ကို အမြဲမှတ်သားထားရန် အရေးကြီးသည်။
ယခင်စစ်အုပ်စုများ၏ အတွေ့အကြုံကို အခြေခံကာ ကောက်ချက်ချရပါက မြန်မာမှ အလုံးအရင်းဖြင့် နိုင်ငံစွန့်ခွာမှု ပြဿနာသည် စစ်အုပ်စုက သို့မဟုတ် အရပ်ဝတ်ဖြင့် ရုပ်ဖျက်ထားသည့် ဗိုလ်ချုပ်များက နိုင်ငံကို အုပ်ချုပ်နေသမျှ အဆုံးသတ်မည် မဟုတ်ပေ။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်းအတွက် ဝန်ထုတ်ဝန်ပိုး ပိုမိုများပြားလာနေပြီး ပြည်တွင်းတွင် ကျန်ရစ်နေသူများ၏ ဘဝများကိုလည်း ထိခိုက်စေသည်။
စစ်တပ်အုပ်ချုပ်ရေးကို အဆုံးသတ်ပစ်ခြင်းသည် မြန်မာပြည်သူများ နိုင်ငံမှ အုပ်စုလိုက် စွန့်ခွာထွက်ပြေးနေရသည့် သံသရာကို အဆုံးသတ်ပေးမည့် တခုတည်းသော နည်းလမ်းဖြစ်ပေသည်။
You may also like these stories :
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
နိုင်ငံကို စစ်ကောင်စီ မထိန်းချုပ်နိုင်ကြောင်း အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းက ပြသ
စစ်ရှောင်နှင့် ရွှေ့ပြောင်း မြန်မာကလေးတွေ ပညာရေး ထိုင်းအစိုးရ ကူညီလာ
မြန်မာနိုင်ငံတွင် စစ်တပ် လိုသည်၊ သို့သော် လက်ရှိစစ်တပ် မဟုတ်