စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ကျင့်သုံးမည်ဟု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကြေညာလိုက်ပြီး နိုင်ငံကို တုန်လှုပ်သွားစေသည်။
ဖြစ်နိုင်ခြေအရှိဆုံး လတ်တလောရလဒ်မှာ စစ်မှု မထမ်းလိုသောလူငယ်များ နိုင်ငံမှ ထွက်ပြေးခြင်း၊ ငွေရှိပါက အာဏာပိုင်များကို လာဘ်ထိုးပြီး ရှောင်ရှားခြင်း လုပ်ကြမည် ဖြစ်သည်။
စစ်ကောင်စီသည် ပေါ်တာအဖြစ်သုံးရန် အရပ်သားများအား သိမ်းကြုံးဖမ်းမည်ကို ပြည်သူအများ စိုးရိမ်ကြသည်။ ထိုဥပဒေသည် လူငယ်အများအပြားကို စစ်ကောင်စီဆန့်ကျင်တပ်များသို့ ပူးပေါင်းရန် တွန်းအားပေးမည်ဟု အချို့က ခန့်မှန်းသည်။ ဖြစ်နိုင်ဖွယ် ရှိသည်။
သို့သော် အာဏာသိမ်းမှု နောက်ပိုင်းတွင် လက်နက်ကိုင် တော်လှန်ရေးသို့ ပူးပေါင်းသည့် လူငယ်အရေအတွက် လျော့ကျခြင်း မရှိပေ။ အားလုံးကို လက်နက်တပ်ဆင်၊ လေ့ကျင့်ပေးထားခြင်း မရှိသေးသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) အတွက် တိုက်ခိုက်ပေးနေသည့် ဆန္ဒအလျောက် ပူးပေါင်းပါဝင်သူ အရေအတွက် ၁ သိန်းအထိ ရှိမည်ဟု ခန့်မှန်းရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ဟု ပြောနိုင်သည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ဟု ပြောနိုင်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဟုခေါ်သည့် ထိုဥပဒေအရ စစ်ကောင်စီသည် နိုင်ငံတဝန်းမှ စစ်ကောင်စီဆန့်ကျင်ရေး တိုင်းရင်းသား လက်နက်ကိုင်များနှင့် မဟာမိတ်တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်နေချိန် လူငယ်အမျိုးသား၊ အမျိုးသမီးများကို စစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် အနည်းဆုံး ၂ နှစ် ခေါ်ယူနိုင်သည်။ မြန်မာတွင် လူငယ်လူဦးရေ ၁၀ သန်းရှိသည်ဟု ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂက ခန့်မှန်းပြီး အရေအတွက်သည် ထိုအချိန်မှစတင် တိုးပွားလာနေသည်။
လွန်ခဲ့သော ၆၅ နှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေကို ယခင်အစိုးရ အဆက်ဆက်က ကျင့်သုံးခြင်း မရှိပေ။
မကြာသေးမီလများအတွင်း တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် ထိခိုက်သေဆုံးမှုများကြောင့် စစ်တပ်သည် လူအင်အား အကြီးအကျယ် ချို့တဲ့နေသည်။ ထို့ကြောင့် စစ်ကောင်စီက ပြည်သူများကို တပ်သားသစ် စုဆောင်းရန် မျှော်လင့်ချက်ကင်းမဲ့စွာ လုပ်ဆောင်နေကြောင်း ထိုဥပဒေကို အကောင်အထည် ဖော်ခြင်းက ပြသနေသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီစစ်သား ထောင်နှင့်ချီ၍ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများထံတွင် လက်နက်ချ၊ ထွက်ပြေး၊ သတ်ဖြတ်ခံရသည်။ ထို ထိုးစစ်အတွင်း စစ်ကောင်စီသည် နယ်မြေ အများအပြားကိုလည်း ဆုံးရှုံးပြီး ယနေ့တွင် နိုင်ငံပိုင်နက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်တော့သည်။
လက်တွေ့တွင်လည်း စစ်ကောင်စီသည် ပြုန်းတီးသွားသော ထိုးစစ်တပ်များကို ပြန်လည် ဖြည့်တင်းရန်အတွက် လွန်ခဲ့သောနှစ်အတွင်း စစ်မှုထမ်းဟောင်းများ၊ တပ်ပြေးများ၊ အကျဉ်းသားများနှင့် ခွင့်မဲ့ပျက်ကွက်သူများကို ပြန်လည်ခေါ်ယူခြင်း စသည်တို့ အပါအဝင် အစီအမံ အများအပြားကို အကောင်အထည်ဖော်ခဲ့သည်။ ၎င်းတို့သည် ပြည်သူ အများအပြားကိုလည်း ပေါ်တာသမား သို့မဟုတ် ပြည်သူ့စစ်အဖြစ် အတင်းအကျပ်လည်း စုဆောင်းသည်။
ယခုအခါ စစ်ကောင်စီသည် ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်ပြီး ဥပဒေ အမည်ခံ အတင်းအကျပ် စစ်သားစုဆောင်းသည်။ စစ်တပ်တွင် လူအင်အား မလုံလောက်မှု ဆိုးရွားနေကြောင်း ပြသသည့်လက္ခဏာ ဖြစ်သည်။
သို့သော် စစ်မှုထမ်းဟောင်း အနည်းငယ်သာ ပူးပေါင်းလာပြီး ထိုအစီအမံများ အကောင်အထည် မပေါ်ပေ။ ယခုအခါ စစ်ကောင်စီသည် ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်ပြီး ဥပဒေ အမည်ခံ အတင်းအကျပ် စစ်သားစုဆောင်းသည်။ စစ်တပ်တွင် လူအင်အား မလုံလောက်မှု ဆိုးရွားနေကြောင်း ပြသသည့်လက္ခဏာ ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများတွင် တရုတ်က အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်ပြီး တလကျော်အကြာတွင် စစ်မှုထမ်းဥပဒေကို ကျင့်သုံးခြင်းဖြစ်သည်။ ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်များ အကြီးအကျယ် ထိခိုက်သေဆုံးကြသည်။
စစ်သားသစ်များ မည်သည့်နေရာမှ ရမည်ဟု စစ်တပ်က ထင်နေသနည်း။
ထိုဥပဒေသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို ပစ်မှတ်ထားသည်။ စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်နှင့် ၎င်းတို့ ထိန်းချုပ်ထားဆဲဖြစ်သော မြို့ကြီးများ စသည့် ထိန်းချုပ်ဒေသများကို ပစ်မှတ်ထားမည်ဟု မျှော်လင့်ရသည်။
ထိုဥပဒေကို ယခုအချိန်ရောက်မှ အကောင်အထည်ဖော်သည်ကို တွေ့ရသည်မှာ ထူးသော်လည်း မဆန်းပေ။
စစ်ကောင်စီကို လူထုက လုံးဝ မနှစ်သက်ဘဲ ၎င်းတို့၏ ဆိုးရွားလှသော လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှု မှတ်တမ်းများကို ပြည်သူအများစုနှင့် နိုင်ငံတကာအသိုက်အဝန်းက အကြိမ်ကြိမ် ပြစ်တင် ရှုတ်ချနေသည်။ ရိုးရှင်းစွာပြောရပါက စစ်ကောင်စီသည် ပြည်သူနှင့်စစ် ဖြစ်နေသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် လူငယ်များ ထိုစစ်ကို တိုက်ခိုက်ရန် လေ့ကျင့်ပေးရေး ရည်ရွယ်ပြီး အကြမ်းဖက်မှု မြှင့်တင်မည် ဖြစ်သည်။ စစ်တပ်သည် လူငယ် ၁ သိန်းကို လေ့ကျင့်ပေးပြီး တော်လှန်ရေး အင်အားစုကို ပြန်လည် တိုက်ခိုက်နိုင်သည်ဟု စစ်ကောင်စီအကြံပေးများက ပြောသည်။ ရုရှားမှ လေ့ကျင့်ပေးသူများ လာပြီး ထိုလူငယ်များကို လေ့ကျင့်ပေးနိုင်သည်ဟု ၎င်းတို့က ပြောသည်။
ခေတ်စကားဖြင့် ‘ဆုတောင်းလေ’ ဟုသာ ပြောရမည် ဖြစ်သည်။
ထိုဥပဒေသည် စစ်ကောင်စီအနေဖြင့် ပြည်သူများထံမှ အထူးသဖြင့် ၎င်းတို့ သားသမီးများကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းမှ ရှောင်ရှားလိုသော ချမ်းသာသည့် မိသားစုများထံမှ ငွေညှစ်ရန် အခွင့်အလမ်း ဖန်တီးပေးသည်ဟု လေ့လာသူများ ထောက်ပြသည်။ သို့သော် စစ်ကောင်စီသည် ဆင်းရဲသော မိသားစုများထံမှလည်း ငွေညှစ်မည် ဖြစ်သည်။ ဆင်းရဲသော မိသားစုများသည် ရွေးစရာ မရှိတော့ဘဲ ၎င်းတို့၏ သားသမီးများ ထွက်ပြေးရန်သာ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကောက်ရိုးမျှင်ကို လှမ်းဆွဲနေကြောင်း ထင်ရှားသည်။ သူ့အသက်နှင့် သူ့ဆွေမျိုးများအသက်ကို ကယ်ရန် အားထုတ်သည့် သူ၏ နောက်ဆုံးနည်းလမ်းဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကောက်ရိုးမျှင်ကို လှမ်းဆွဲနေကြောင်း ထင်ရှားသည်။ သူ့အသက်နှင့် သူ့ဆွေမျိုးများအသက်ကို ကယ်ရန် အားထုတ်သည့် သူ၏ နောက်ဆုံးနည်းလမ်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာလူငယ်များသည် ဒုက္ခများစွာ ခံစားရသည်။ ၎င်းတို့၏ ဆွေမျိုးများ လုပ်ဖော်ကိုင်ဖက်များကို ပစ်သတ်ခြင်း၊ ထောင်သွင်း အကျဉ်းချခြင်းကို မြင်ခဲ့ရသည်။ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်။ ထိုနှိမ်နင်းမှုကြောင့် ၎င်းတို့အများအပြား လက်နက်ကိုင်တော်လှန်ရေးနှင့် ပူပေါင်းရသည်။ ထို့ပြင် လူငယ်များသည် စီးပွားရေး အကျပ်အတည်း၊ စီးပွားရေးလုပ်ငန်းများ ပိတ်ပစ်ခြင်း၊ အလုပ်အကိုင်နှင့် ပညာရေး ဆုံးရှုံးခြင်းများကိုလည်း ခံစားရသည်။ ထို့အပြင် ကုမ္ပဏီများနှင့် စက်ရုံများသည်လည်း လူငယ်အလုပ်သမားများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသည်။
ယခုအခါ ထိုစစ်မှုထမ်း ဥပဒေကြောင့် စစ်တပ်တွင် တာဝန်မထမ်းလိုသော လူငယ်အများအပြားသည် ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရတော့မည်။ စစ်ကောင်စီအောက်တွင် ၎င်းတို့အနာဂတ်ကား မှောင်မိုက်နေ၏။
စစ်ကောင်စီအတွက်မူ ၎င်းတို့တူးထားသည့် ကတုတ်ကျင်းများတွင်သာ ဆက်လက်နေထိုင်နေပြီး မိုက်တွင်းနက်နိုင်သမျှ နက်အောင် ဆက်တူးဦးမည်ဖြစ်သည်။ သို့သော် ဒီတကြိမ် တူးသည်က ကိုယ့်သင်္ချိုင်းကိုယ် တူးနေခြင်းသာ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ With Conscription Law, Myanmar’s Generals Are Digging Their Own Graves ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ
ပျက်နေတဲ့ တပ်ထဲ မည်သူမျှ မဝင်လိုတော့
စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်းသက်သေပြ
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်
သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ
စစ်မှုထမ်း စည်းမျဉ်းများ ပြင်ဆင်ပြီး တပ်ချုပ်သက်တမ်း အကန့်သတ်မဲ့ ပြုလုပ်