စစ်အုပ်ချုပ်ရေး သုံးနှစ်ကျော်လာပြီးနောက် မြန်မာမှ သတင်းလွတ်လပ်ခွင့် အခင်းအကျင်းမှာ အမိုက်တိုက် ဖုံးနေသည်။
သတင်းလွတ်လပ်ခွင့် အားပေးမြှင့်တင်ရန် သတင်းလွတ်လပ်ခွင့်နေ့ကို မေလ ၃ ရက်နေ့က တကမ္ဘာလုံးတွင် ကျင်းပနေစဉ် မြန်မာသတင်းသမား ၅၉ ဦးနှင့် မီဒီယာလုပ်သား သုံးဦးသည် စစ်ကောင်စီ၏ အကျဉ်းသားများအဖြစ် သံတိုင်များ နောက်တွင် ထိုနေ့ကို ကျင်းပရမည်ဖြစ်သည်။ နိုင်ငံတွင်းမှ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် အများအပြားသည် စစ်ကောင်စီက ဖမ်းဆီးမှုကို တိမ်းရှောင်နေရသောကြောင့် ထိုနေ့ကို တိတ်ဆိတ်စွာ ကျင်းပမည်ဖြစ်သည်။ အခြားသတင်းသမား ငါးဦးမှာ စစ်ကောင်စီ၏ သတ်ဖြတ်မှုကို ခံလိုက်ရသောကြောင့် ထိုနေ့ကို မကျင်းပနိုင်တော့ပေ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး စစ်တပ်က နိုင်ငံ၏ လွတ်လပ်သောမီဒီယာကို နှိမ်နင်းပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာတွင် မီဒီယာလုပ်သားများအတွက် အန္တရာယ်အများဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် ပါဝင်လာပြီး နိုင်ငံပေါင်း ၁၈၀ အနက် ၁၇၁ အဆင့်သို့ ရောက်လာသည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဖော်ပြသည်။ မြန်မာသည် အာရှ-ပစိဖိတ် နိုင်ငံများအနက် အောက်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်သည်။
စစ်ကောင်စီအောက်တွင် အခြေအနေ ကျဆင်းနေသော်လည်း မြန်မာသည် ယခင်က သတင်းလွတ်လပ်ခွင့် အပြည့်အဝ ရခဲ့သည်ဟု ထင်ယောင်ထင်မှား မဖြစ်သင့်ပေ။ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံရပြီး အာဏာမသိမ်းမီ မြန်မာကို ငါးနှစ်အုပ်ချုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်တွင်ပင် မြန်မာသတင်းသမားများကို အစိုးရကသာမက စစ်တပ်ကပါ မကြာခဏ ပစ်မှတ်ထားပြီး အချို့ကို ထောင်သွင်း အကျဉ်းချသည်။
စစ်ကောင်စီအောက်တွင် အခြေအနေ ကျဆင်းနေသော်လည်း
မြန်မာသည် ယခင်က သတင်းလွတ်လပ်ခွင့် အပြည့်အဝ ရခဲ့သည်ဟု
ထင်ယောင်ထင်မှား မဖြစ်သင့်ပေ။
အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသော လက်နက်ကိုင်အဖွဲ့အစည်းများကို တွေ့ဆုံ မေးမြန်းသောကြောင့် သို့မဟုတ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ်သောကြောင့် သတင်းသမားအချို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ သို့မဟုတ် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲသည်။
သို့သော် အခြေအနေသည် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် သိသိသာသာ ဆိုးရွားလာသည်။
NLD အောက်တွင် ပေါ်ပေါက်လာသည့် ထွန်းသစ်စ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ရုံဖြင့် မကျေနပ်သေးဘဲ ပိုမိုလွတ်လပ် အမှီအခိုကင်းလာသည့် မီဒီယာလုပ်ငန်းကို သုတ်သင် ရှင်းလင်းရန်ပင် စစ်ကောင်စီ လုပ်ဆောင်ပြီး သတင်းစာတိုက်များကို ဝင်ရောက်စီးနင်းကာ သတင်းသမားများကို လိုက်လံဖမ်းဆီးသည်။ ကိုယ့်အလုပ် ကိုယ်လုပ်မည်ဟု ဆုံးဖြတ်ထားသော သတင်းသမားများသည် နိုင်ငံတွင်း ပုန်းအောင်နေထိုင်ရန် သို့မဟုတ် နိုင်ငံမှထွက်ခွာရန် တခုခုကို ရွေးချယ်ရသည်။
စစ်ကောင်စီနှင့် ၎င်းတို့ကို ထောက်ခံသူများသည်
မြန်မာမှ သတင်းလွတ်လပ်ခွင့်ကို ဆန့်ကျင်သည့်
တခုတည်းသော အင်အားစုများ မဟုတ်ပေ။
စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်မီဒီယာမှတဆင့် သတင်းတု သတင်းလိမ်များ ဖြန့်ချိနေသောကြောင့် သတင်းသမားများ၏ လွတ်လပ်စွာ သတင်းတင်ပြခွင့်သည် ယခုကဲ့သို့ အရေးပါသောအချိန်တွင် လွန်စွာလိုအပ်သည်။ စစ်ကောင်စီ လိုလားသူများက စီစဉ်သည့် မီဒီယာ အဖွဲ့အစည်းများနှင့် လူမှုကွန်ရက် စာမျက်နှာများသည် စစ်ကောင်စီ၏ အကြံအစည်များကို အားပေးရန် သို့မဟုတ် တော်လှန်ရေး လှုပ်ရှားမှု၏ အောင်မြင်မှုများကို မှေးမှိန်စေရန် သတင်းတုများကို ဖြန့်ချိနေပြီး လူပုဂ္ဂိုလ် မုန်းတီးမှု သို့မဟုတ် လူမျိုးရေး တင်းမာမှု လှုံ့ဆော်ကြသည်။ ထိုသို့သော အခြေအနေတွင် မြန်မာပြည်သူများ တိကျသည့် သတင်း အချက်အလက် ရရှိရေးအတွက် ပညာသည်ပီသပြီး လွတ်လပ်သော သတင်းမီဒီယာ တည်ရှိခြင်းသည် အရေးပါသည်။
သို့သော် စစ်ကောင်စီနှင့် ၎င်းတို့ကို ထောက်ခံသူများသည် မြန်မာမှ သတင်းလွတ်လပ်ခွင့်ကို ဆန့်ကျင်သည့် တခုတည်းသော အင်အားစုများ မဟုတ်ပေ။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရန် ကြွေးကြော်သည့် စစ်ကောင်စီ ဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့ကလည်း လွတ်လပ် အမှီအခိုကင်းသော မီဒီယာကို မလိုလားကြောင်း ပြသကြသည်။
ကရင်ပြည်နယ် ကြားဖြတ် အုပ်ချုပ်ရေးကောင်စီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့က မကြာသေးမီတွင် ထုတ်ပြန်သည့် ကြေညာချက်များကလည်း ၎င်းတို့ဒေသများတွင် သတင်းယူသည့် သတင်းသမားများအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ဖော်ပြပြီး မည်သည့်သတင်းကိုသာ ဖော်ပြရမည်ဟု ကန့်သတ်သည်။ ၎င်းတို့ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသည့် မည်သူကိုမဆို အမည်ပျက်စာရင်း သွင်းမည်ဟု KNU ဖော်ပြသည်။
အကြောက်တရားမရှိ၊ အခွင့်ထူးမခံဘဲ သတင်းတင်ပြရန် တာဝန်ရှိသော သတင်းသမားများအတွက် ထိုသို့သော ကန့်သတ်ချက်များသည် ခြိမ်းခြောက်မှုထက် မပိုပေ။
စစ်ကောင်စီသည် ၎င်းတို့ ပြောသည့်အတိုင်း ဖော်ပြရန် ငြင်းဆန်သည့် သတင်းသမားကို ဖမ်းဆီးသတ်ဖြတ်သည်။ မည်သည့်သတင်းကို ဖော်ပြရမည်ဖြစ်ကြောင်း သတင်းသမားများအား ကန့်သတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်သူများကို ခြိမ်းခြောက်ခြင်းဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့ မုန်းတီးသည် ဆိုသည့် စစ်ကောင်စီကဲ့သို့ပင် မီဒီယာကို ပြုမူလာသည်။
မြန်မာမှ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ် အမှီအခိုကင်းသော မီဒီယာအခြေအနေ ဆက်လက် ဆိုးရွားနေသည်။ ထိုသို့သော အခြေအနေကြောင့် ဒီမိုကရေစီသည် ခိုင်မာသော သတင်းမီဒီယာ စောင့်ကြည့်မှု အောက်တွင်သာ ရှင်သန်နိုင်သည်ဆိုသည့် မိမိတို့ ယုံကြည်ချက်က မယိုင်နဲ့ပေ။
မြန်မာမှ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ် အမှီအခိုကင်းသော မီဒီယာအခြေအနေ ဆက်လက် ဆိုးရွားနေသည်။ ထိုသို့သော အခြေအနေကြောင့် ဒီမိုကရေစီသည် ခိုင်မာသော သတင်းမီဒီယာ စောင့်ကြည့်မှု အောက်တွင်သာ ရှင်သန်နိုင်သည်ဆိုသည့် မိမိတို့ ယုံကြည်ချက်က မယိုင်နဲ့ပေ။
ထို့ကြောင့် မည်သည့် အခြေအနေတွင်မဆို သတင်းလွတ်လပ်ခွင့် ပြန်လည် ထိန်းသိမ်းရေး တိုက်ပွဲသည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ မိမိတို့ မြန်မာသတင်းသမားများသည် ပြည်သူလူထုကို သစ္စာခံသောကြောင့် မည်သည်တို့ကို ရင်ဆိုင်ရသည်ဖြစ်စေ ပြည်သူများ၏ အကျိုးစီးပွားကို ပထမဦးစားပေးကာ ထိုတိုက်ပွဲကို ဆက်လက် ဆင်နွှဲရမည် ဖြစ်သည်။
မြန်မာတွင် သတင်းလွတ်လပ်ခွင့် အောင်ပွဲခံရမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Under Siege From All Sides, Press Freedom Must Prevail in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
အချုပ်အနှောင်ကင်းသော သတင်းမီဒီယာ
တော်လှန်ဗီဇနဲ့ ပြည်သူပြည်သား သတင်းသမား
အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသည့် သတင်းသမား ၂၀၀ ကျော်ရှိ
သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်းတွင် မြန်မာပါဝင်လာ
သတင်းသမားများ ဖမ်းဆီးထောင်ချဆုံးတွင် စစ်ကောင်စီပါဝင်