မြန်မာပြည်သူများသည် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုကို လွန်စွာ ထိခိုက်လွယ်ကြပြီး အထူးသဖြင့် နိုင်ငံကို စစ်တပ်က အုပ်ချုပ်နေသောအခါ ထိခိုက်လွယ်မှု ပိုဆိုးကြသည်။
၂၀၀၈ ခုနှစ်တွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခိုက်သောအခါ လူပေါင်း ၁၃၀,၀၀၀ ကျော် အသက်ဆုံးရှုံးရသည်။
ထိုမျှ အများအပြားသေဆုံးခြင်းမှာ အဓိကအားဖြင့် ထိုစဉ်က စစ်အုပ်စုက ဆိုက်ရောက်လာတော့မည့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်သတိပေးမှု မရှိခြင်းနှင့် မုန်တိုင်းပြီးသောအခါ ပြည်တွင်း ပြည်ပ အကူအညီပေးရန် အားထုတ်မှုများကို ပိတ်ပင်သောကြောင့် ဖြစ်သည်။
လွန်ခဲ့သော အပတ် အစောပိုင်းမှ စတင်ပြီး ယာဂီ တိုင်ဖွန်းမုန်တိုင်း၏ အကြွင်းအကျန်များကြောင့် ဖြစ်ပေါ်သည့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများသည် အသေအပျောက်များပြီး စစ်ကောင်စီဌာနချုပ် နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်း ကိုးခုကို ဖျက်ဆီးလိုက်သည်။
ထို့နောက် ၁၆ နှစ်ကြာသောအခါ စစ်အုပ်စုသစ်သည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီး မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကြောင့် ထပ်မံ ဘဝပျက်ရသည်။ လွန်ခဲ့သော အပတ် အစောပိုင်းမှ စတင်ပြီး ယာဂီ တိုင်ဖွန်းမုန်တိုင်း၏ အကြွင်းအကျန်များကြောင့် ဖြစ်ပေါ်သည့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများသည် အသေအပျောက်များပြီး စစ်ကောင်စီဌာနချုပ် နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်း ကိုးခုကို ဖျက်ဆီးလိုက်သည်။
တနိုင်ငံလုံးမှ ပြည်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (OCHA) က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောသည်။ ယင်းနေ့အထိ လူ ၂၂၆ ဦးသေဆုံးကြောင်း စစ်ကောင်စီက ပြောသည်။
သို့သော် အချို့ဒေသများတွင် မြေပြိုမှုကြောင့် ရွာလုံးကျွတ် ပျောက်ကွယ်သွားသောကြောင့် ထိုအရေအတွက်သည် အလွယ်တကူ မြင့်တက်သွားနိုင်သည်။ ပျက်စီးဆုံးရှုံးမှု ကျယ်ပြန့်ပြီး ပြန်လည်ထူထောင်ရေးသည် စစ်အာဏာသိမ်းမှုကြောင့် လူမှုစီးပွား မတည်ငြိမ်သည့်ဒဏ် ခံနေရသည့် မြန်မာအတွက် အလွန်ကြီးမားသောကိစ္စ ဖြစ်သည်။
ထိုရေလွှမ်းမိုးမှုများသည် နာဂစ်မုန်တိုင်းနောက်ပိုင်းတွင် နိုင်ငံကို ထိခိုက်စေသည့် ဖျက်အားအပြင်းဆုံး သဘာဝဘေးအန္တရာယ် ဖြစ်သည်။ သို့သော် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းသည် ဧရာဝတီတိုင်း တခုတည်းတွင်သာ ဖြစ်ပွားပြီး ယခုအခါ ဒေသအများအပြားကို ထိခိုက်စေသောကြောင့် ပျက်စီးမှု အတိုင်းအတာသည် ပိုမိုဆိုးရွားနိုင်သည်။
လက်ရှိအချိန်တွင် မြောက်ပိုင်းမှ ရေလွှမ်းမိုးမှုများသည် အဓိကမြစ်များ အောက်ပိုင်းသို့ ရောက်လာပြီး နိုင်ငံတောင်ပိုင်းမှ ပြည်သူများသည် ရုတ်တရက် ရေလွှမ်းမိုးမှုများကို ရင်ဆိုင်နေရသည်။
ယခုနောက်ဆုံး ဖြစ်ပေါ်သည့် ရေလွှမ်းမိုးမှုများကို စစ်ကောင်စီ၏ တုံ့ပြန်မှုသည် ဒေါသထွက်စရာ ကောင်းသည်။ ကလေးငယ်များ အပါအဝင် မိသားစုများသည် ရုတ်တရက် ရေလွှမ်းမိုးမှုမှ အသက်လု ထွက်ပြေးပြီး သစ်ပင်များနှင့် အိမ်ခေါင်မိုးများပေါ် တက်ကာ Facebook မှ တိုက်ရိုက်ထုတ်လွှင့် အကူအညီတောင်းရသည်။
၎င်းတို့အနက် အချို့သည် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် နေထိုင်သည့် နေပြည်တော် အနီးတွင် ပိတ်မိနေသည်။ ထိုဗီဒီယိုများ ပျံ့နှံ့နေသော်လည်း စစ်ခေါင်းဆောင်သည် ထိုသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် သူ၏စစ်သားများကို အလျင်အမြန် မစေလွှတ်ပေ။
ကျေးရွာများ ကုန်းတွင်းပင်လယ်ဖြစ်နေပြီး လေကြောင်းမှ ကယ်ဆယ်ခြင်းသည် တခုတည်းသော ထွက်ပေါက် ဖြစ်နေချိန်တွင် မည်သည့် ရဟတ်ယာဉ်ကိုမှ မတွေ့ရပေ။ ထိုသို့လုပ်မည့်အစား မင်းအောင်လှိုင်သည် မကြာသေးမီက တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးခဲ့သည့် နယ်မြေများကို ဆက်လက် ဗုံးကြဲရန် သူ၏ လေတပ်ကို ဆက်လက် အမိန့်ပေးနေသည်။
ကျေးရွာများ ကုန်းတွင်းပင်လယ်ဖြစ်နေပြီး လေကြောင်းမှ ကယ်ဆယ်ခြင်းသည် တခုတည်းသော ထွက်ပေါက် ဖြစ်နေချိန်တွင် မည်သည့် ရဟတ်ယာဉ်ကိုမှ မတွေ့ရပေ။ ထိုသို့လုပ်မည့်အစား မင်းအောင်လှိုင်သည် မကြာသေးမီက တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးခဲ့သည့် နယ်မြေများကို ဆက်လက် ဗုံးကြဲရန် သူ၏ လေတပ်ကို ဆက်လက် အမိန့်ပေးနေသည်။
သူ့အတွက် ရှက်စရာကောင်းသည်မှာ လွန်ခဲ့သောအပတ်တွင် ထိုင်းတော်ဝင်လေတပ်သည် မြန်မာနယ်စပ်အနီး ချင်းရိုင်မှ ရေဘေးသင့် လူမှုအသိုက်အဝန်းများသို့ အစားအစာနှင့်ဆေးဝါး ချပေးရန် ရဟတ်ယာဉ်များ၊ လေယာဉ်များနှင့် ဒရုန်းများကို အသုံးပြုနေခြင်းဖြစ်သည်။
အာဏာကို မည်သည့်နည်းဖြင့်မဆို ဆုပ်ကိုင်ထားလိုသည့် စစ်ကောင်စီခေါင်းဆောင်ထံမှ အကူအညီရရန် မြန်မာပြည်သူများအတွက် မျှော်လင့်ချက် မရှိပေ။ နာဂစ်မုန်တိုင်းဒဏ်ခံရသူများကို လုံးဝ ကရုဏာမထားဘဲ ၎င်းတို့စစ်တပ်က ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓမ္မ ဆန္ဒခံယူပွဲလုပ်ကာ အာဏာခိုင်မြဲရေးအတွက် အလုပ်ရှုပ်နေပြီး အကူအညီလိုသူများကို သေဆုံးစေသည့် ယခင်စစ်အုပ်စုကို မြန်မာပြည်သူများ သတိမရဘဲ မနေနိုင်ပေ။
ရိုးရှင်းစွာ ပြောရပါက အာဏာချုပ်ကိုင်ထားသူများသည် ပြည်သူကို အကျိုးပြုရန် စိတ်မဝင်စားချိန်တွင် ပြည်သူလူထုသည် ဒုက္ခအရောက်ဆုံး ဖြစ်သည်။ ထိုအခြေအနေသည် လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အခြေအနေဖြစ်သည်။
ထိုသို့သော အခြေအနေတွင် ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရှိနေဆဲဖြစ်လျှင် မြန်မာပြည်သူများ ယခုကဲ့သို့သော ကံကြမ္မာကို ရင်ဆိုင်ရမည်လားဟု မေးခွန်းထုတ်သင့်သည်။
သဘာဝ ဘေးအန္တရာယ်များကို ရှောင်ရှားမရသော်လည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ဖြစ်နေဆဲဖြစ်ပါက ပြည်သူများ ဒုက္ခခံစားရမှု နည်းဖွယ်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရတွင် အလွန်များပြားသည့် သဘာဝဘေးန္တရာယ် စီမံခန့်ခွဲရေး ရန်ပုံငွေရှိပြီး ယှဉ်ကြည့်လျှင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေး ဝန်ကြီးဌာန၏ တက်ကြွပြီး စေတနာပါမှုကြောင့် ကယ်ဆယ်ရေး အားထုတ်မှုများ ပိုမိုထိရောက် အချိန်မီနိုင်သည်။
၂၀၁၉ ခုနှစ်တွင် NLD အစိုးရသည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အီတလီနိုင်ငံမှ ရဟတ်ယာဉ်တစင်း ဝယ်ယူသည်။ အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် ထိုရန်ပုံငွေကို လုယူပြီး ရဟတ်ယာဉ် ဝယ်ယူခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုဖြင့် တရားစွဲသလို ယခုနောက်ဆုံး သဘာဝဘေးအန္တရယ်တွင် ထိုရဟတ်ယာဉ်ကိုလည်း မတွေ့ရပေ။
အရေးအကြီးဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသည် လူထုက ရွေးကောက်တင်မြှောက်သော အစိုးရဖြစ်သောကြောင့် သူ၏အားထုတ်မှုများသည် လူထုထောက်ခံမှုရမည်ဆိုသည့် အချက်ဖြစ်သည်။ ထိုအချက်သည် မင်းအောင်လှိုင် အမြဲတမ်း မနာလိုသောအချက် ဖြစ်သည်။
ယခုနောက်ဆုံး သဘာဝဘေးအန္တရာယ်တွင် ချီးကျူးဂုဏ်ပြုသင့်သူများမှာ နိုင်ငံကို အုပ်ချုပ်နေသည့် စစ်သားများ ခြေမချရဲသည့် ရေလွှမ်းမိုးမှုအတွင်း ပြည်သူများကို ကယ်ဆယ်ရန် စွန့်စားလုပ်ကိုင်နေသည့် ဒေသဆိုင်ရာ ပရဟိတ လုပ်ငန်းများ ဖြစ်သည်။
ယခုနောက်ဆုံး သဘာဝဘေးအန္တရာယ်တွင် ချီးကျူးဂုဏ်ပြုသင့်သူများမှာ နိုင်ငံကို အုပ်ချုပ်နေသည့် စစ်သားများ ခြေမချရဲသည့် ရေလွှမ်းမိုးမှုအတွင်း ပြည်သူများကို ကယ်ဆယ်ရန် စွန့်စားလုပ်ကိုင်နေသည့် ဒေသဆိုင်ရာ ပရဟိတ လုပ်ငန်းများ ဖြစ်သည်။
ထိုစေတနာ့ဝန်ထမ်းများ၏ အားထုတ်မှုများကို အောင်မြင်စေသည်မှာ နာဂစ်မုန်တိုင်းအပြီး မိမိတို့ ကြုံတွေ့ခဲ့ဖူးသည့်အတိုင်း ၎င်းတို့ကို ထောက်ခံသည့် ပြည်သူများက ငွေကြေး၊ အစားအစာ၊ အသက်ကယ်အင်္ကျီနှင့် အခြား လိုအပ်သည်များ ထောက်ပံ့မှုကြောင့် ဖြစ်သည်။ ထိုအချက်ကို မြင်လျှင် မင်းအောင်လှိုင် ရှက်ပြီး သေသင့်သည်။
သေဆုံးမှုအရေအတွက် မြင့်မားလာနေပြီး အပျက်အစီးအတိုင်းအတာ ပေါ်ထွက်လာချိန် စက်တင်ဘာလ ၁၃ ရက်နေ့တွင် မင်းအောင်လှိုင် လူရှေ့ထွက်ပြီး အပျက်အစီးအချို့ကို စစ်ဆေးကာ ဓာတ်ပုံအရိုက်ခံကာ ညွှန်ကြားချက်များ ပေးပုံရသည်။
ရခိုင်ပြည်နယ်မှ ဖျက်အားပြင်း မိုခါမုန်တိုင်းဒဏ်သင့်သူ ၁ သန်းခန့်ထံသို့ ရောက်ရှိရန် ကြိုးစားသည့် အကူအညီပေးရေးအဖွဲ့များကို လွန်ခဲ့သောနှစ်က ခရီးသွားလာခွင့် ဆိုင်းငံ့ခဲ့သော်လည်း ယခုအခါ နိုင်ငံတကာအကူအညီကို မင်းအောင်လှိုင်က တောင်းခံသည်။
လက်ရှိအချိန်အထိ မည်သည့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့မှ ကူညီမည်ဟု ကတိမပြုသေးပေ။ သူ၏အနီးဆုံးမဟာမိတ် တရုတ်နိုင်ငံသည်ပင် အသံတိတ်နေသလို အဝေးမှ မိတ်ဆွေရုရှားကလည်း မတုံ့ပြန်သေးပေ။
တချိန်တည်းတွင် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားသည် အရှိန်အဟုန်ပြည့် လည်ပတ်နေပြီး စစ်သားများသည် နေပြည်တော်မှ ခြေကျင်းဝတ်လောက်ရှိသည့် ရေတွင်ဆင်းကာ အခြားသူများထက် ထိခိုက်မှုနည်းပုံရသည့် ပြည်သူများကို သယ်ဆောင်နေသည့် ဓာတ်ပုံများကို ထုတ်ပြန်နေသည်။
မင်းအောင်လှိုင်၏ ဝါဒဖြန့်ချိရေးအဖွဲ့ခေါင်းဆောင်က မီဒီယာများ၊ အထူးသဖြင့် အဝေးရောက် လွတ်လပ်သော သတင်းဌာနများကို ဝေဖန်ပြီး ထိုသတင်းဌာနများသည် ပြည်သူများ ထိတ်လန့်စေရန် ကောလာဟလများ ဖြန့်ချိသည်ဟု စွပ်စွဲသည်။
ယင်းသည် စစ်ကောင်စီသတင်းစာတွင် မတွေ့ရသည့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုကြောင့် အသေအပျောက်များ ကံဆိုးမိုးမှောင်ကျရသည်များအား ပြည်သူများကို အသိပေးရန် ထိုသတင်းဌာနများ၏ အားထုတ်မှုများအား ရည်ညွှန်းကြောင်း ထင်ရှားသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ငွေမည်မျှသုံးမည်ဟု တရားဝင် ကြေညာခြင်းမရှိဘဲ စစ်ကောင်စီ ဒုခေါင်းဆောင်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ စိုးဝင်းက ပြည်သူများ လှူဒါန်းနေသည်ကို တွေ့ရသောကြောင့် ဝမ်းသာကြောင်း အရှက်မရှိ ပြောသည်။
မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည် လူတိုင်းလူတိုင်း၏ ဘဝကို ဒုက္ခပေးနေသည်မှာ အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော် ကြာပြီဖြစ်သည်။
မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည် လူတိုင်းလူတိုင်း၏ ဘဝကို ဒုက္ခပေးနေသည်မှာ အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော် ကြာပြီဖြစ်သည်။
အရပ်သားများကို သိမ်းကြုံး အသေသတ် ဗုံးကြဲမှုများ ပျံ့နှံ့နေပြီး သန်းပေါင်းများစွာသော ပြည်သူများ အိုးအိမ်စွန့်ခွာရကာ လူမှုစီးပွား အခက်အခဲများသည် ပြည်သူများ၏ နေ့စဉ်ဘဝဖြစ်နေသည်။
ယခုအခါ ထိုအခြေအနေတွင် အဓိကအားဖြင့် စစ်ကောင်စီက လျစ်လျူရှုထားသောကြောင့် ဖြစ်လာသော သဘာဝဘေးအန္တရာယ်နှင့် ဒုက္ခများကို မိမိတို့ ထည့်တွက်ထားရမည် ဖြစ်သည်။
ရှေ့ဆက် မည်သို့ဖြစ်မည်နည်း။ နိုင်ငံကို စစ်တပ်က အုပ်ချုပ်နေသမျှ မြန်မာပြည်သူများအတွက် ဒုက္ခအဆုံးရှိမည် မဟုတ်ကြောင်း ဝမ်းနည်းစွာ ပြောရမည် ဖြစ်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Adds to Its Crimes With Neglect of Typhoon Victims ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရေဘေးအကူအညီ တောင်းသတဲ့လား
မုန်တိုင်း ကယ်ဆယ်ရေး မြင်ကွင်းထဲက ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် (ရုပ်/သံ)
နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်
စစ်ကောင်စီက ရေဘေးကိုအသုံးချ ဝါဒဖြန့်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေပြော (ရုပ်/သံ)
မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ
မြစ်သားရေကြီးမှု ပျောက်ဆုံးသူတွေ ပြန်ရှာမတွေ့သေး (ရုပ်/သံ)
မသေသင့်တဲ့နေရာတွေ သေကြတယ် (ရုပ်/သံ)