မြန်မာပြည် နိုင်ငံရေးသမိုင်းတွင် ကျောင်းသား ကျောင်းသူများ၏ အခန်းကဏ္ဍက အဓိကကျသော နေရာမှ ပါဝင်ခဲ့သည်။ အပြောင်းအလဲ များအတွက် ပေးဆပ်ခဲ့ရသော ကျောင်းသား၊ ကျောင်းသူများ၏ ဘဝများရှိသည်၊ အသက်များ ရှိခဲ့သည်၊ ၎င်းတို့၏ မိသားစုများ ရှိခဲ့သည်။ ထိုသို့ပေးဆပ်ခဲ့ရသော ဘဝများ၊ အသက်များအနက် ၈ လေးလုံး အရေးအခင်းတွင် အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေး မဝင်းမော်ဦး တယောက်လည်း အပါအဝင်ဖြစ်သည်။ တနွှယ်ငင် တစင်ပါ ဆိုသလို မဝင်းမော်ဦး၏ မောင်နှမများ၊ မိသားစုများ၏ ဘဝများလည်း ပါဝင်ခဲ့သည်။
ကျည်ဆံများ အကြား ဒဏ်ရာရထားသည့် မဝင်းမော်ဦးကို အလုပ်သင် ဆရာဝန်နှစ်ဦးက ပွေ့ချီကယ်တင်ခဲ့သည့် ဓာတ်ပုံသည် ကမ္ဘာကျော်ခဲ့သည်။ ကျူးလွန်သူတို့က ဖုံးဖိရန် ကြိုးစားခဲ့သော်လည်း ထိုဓာတ်ပုံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ခရောင်းလမ်းကို တစိတ်တပိုင်း မီးမောင်းထိုးပြခဲ့သည်။ ခေတ်ကို သရုပ်ဖော်ခဲ့သည်။
တချိန်က တိတ်တဆိတ် ကြားဖူးခဲ့ရသော ထိုအကြောင်း၊ ဝှက်၍ ကြည့်ခဲ့ရသည့် ဓာတ်ပုံတပုံက ပြောသည့် အကြောင်း အရာများနှင့် မဝင်းမော်ဦး ဖြတ်သန်းခဲ့ရသည့် ဘဝကို ရုပ်ရှင်ဒါရိုက်တာ အဏ်ထော်ဏီက ရုပ်ရှင်ကားကြီး တကားအဖြစ် ပိတ်ကားပေါ်သို့ တင်နိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။ စိတ်ဝင်စားဖွယ် အကြောင်းအရာ၊ သမိုင်းဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးမည့် ထိုဇာတ်ကားနှင့် ပတ်သက်၍ ဒါရိုက်တာ အဏ်ထော်ဏီနှင့် ဧရာဝတီက တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သည်။
မေး။ ။ ဦးအဏ်ထော်ဏီ အခု မဝင်မော်ဦးအကြောင်း ကားရိုက်ဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်။ အဲဒီ ဇာတ်ကားအတွက် ဇာတ်ညွှန်းက ဘယ်သူ ရေးမှာလဲ။
ဖြေ။ ။ ဇာတ်ညွှန်းက ဦးအဏ်ထော်ဏီ ကိုယ်တိုင်ပဲရေးမှာပါ။
မေး။ ။ အဲဒီဇာတ်ညွှန်းအတွက် ဘယ်သူတွေကို တွေ့ဆုံ မေးမြန်းထားပြီးပြီလဲ။
ဖြေ။ ။ မဝင်းမော်ဦးရဲ့ အမေနဲ့ အဖေကို အဓိက အင်တာဗျူးတယ်။ မဝင်းမော်ဦး ကျောင်းနေခဲ့စဉ် ကာလတုန်းက ကျောင်းက ကျောင်းသားဟောင်းတွေ၊ သူနဲ့ တော်လှန်ရေး အတူတူလုပ်ခဲ့တဲ့ ရဲဘော်ဟောင်းတွေ၊ သူငယ်ချင်း ဟောင်းတွေကို သိချင်တာတွေ မေးတယ်၊ အင်တာဗျူး လုပ်တယ်ပေါ့။ မဝင်းမော်ဦးကို ကယ်ခဲ့တဲ့ ဆရာဝန်တွေထဲက တယောက်ကတော့ ဆုံးသွားပြီ၊ တယောက်ပဲ ရှိတော့တယ်၊ အဲဒီ ဒေါက်တာနဲ့တော့ မတွေ့ရ သေးဘူး။ တွေ့ဖို့ ကြိုးစားနေတယ်။ မကြာခင်တော့ တွေ့ဖြစ်မှာပါ။ အဓိက တွေ့ ချင်တာကတော့ သူတို့ မဝင်းမော်ဦးကို ကယ်မယ့် အချိန်မှာ၊ မကယ်ခင်မှာ သူတို့ဘယ်လို တွေ့သလဲ၊ အသက်ရှူရက်နဲ့ပဲ တွေ့တာလား၊ မဝင်းမော်ဦးကပဲ သူ့ကို ကယ်ပါဦးလို့ ပြောလိုက်လားဆိုတဲ့ အဲဒီ တခွန်းနှစ်ခွန်းကို လိုချင်တာ။ ဒါပေမယ့် သူ့စာအုပ်လည်း ထွက်ထားတယ် ဆိုတော့ သူ့စာအုပ်လည်း အရင် ဝယ်ဖတ်ကြည့်ဦးမယ်။
ကျနော်ကတော့ ဆရာဝန်တွေက မဝင်းမော်ဦးကို ကယ်လာတယ်လို့ပဲ တို့ထားသေးတယ်။ မီဒီယာတွေမှာ သူပြောပြချက်အရ သေသွားတဲ့ သူ့သူငယ်ချင်း ဒေါက်တာစောလွင်က ဟောက်စ်ဆင်းနေတာ၊ သူက ဟောက်စ်ဆင်းတာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီညက သူက ဆေးရုံကြီးမှာ အိပ်တာ၊ သူငယ်ချင်းတွေဆိုတော့ နောက်နေ့မနက်မှာ ဆေးရုံကြီးမှာ ပစ်ကြခတ်ကြပြီ ဆိုတော့ ၃ ခေါက်မြောက်မှာ မဝင်းမော်ဦးဆီကို ရောက်တာ။ သူတို့ရဲ့ ကယ်ဆယ်ရေးသွားတဲ့ ကားပေါ်မှာ သတင်းထောက် တယောက်ပါတယ်။ အဲဒီမှာ မဝင်းမော်ဦးကို ကယ်ဖို့အတွက် တွေ့တယ်ပေါ့။ မသေသေးတဲ့ လူတွေကို အရင်ကယ်တော့ သူတို့ သူငယ်ချင်းနှစ်ယောက် ပွေ့ပြီးပြေးလာ ချိန်မှာ နိုင်ငံခြားသား သတင်းထောက်က ဖြတ်ကနဲ ရိုက်လိုက်တယ်၊ အဲဒီပုံ တပုံတော့ သိလိုက်တယ်ပေါ့။ အဲဒီပုံကြောင့် အခုလို ကမ္ဘာကျော် သွားတယ်လို့ သူ့ရဲ့ အင်တာဗျူးထဲမှာ ပြောပြတာ ဖတ်ထားရတယ်။
မေး။ ။ ဒါဆို ဇာတ်ညွှန်းက စပြီး မရေးဖြစ်သေးဘူးပေါ့။
ဖြေ။ ။ ဇာတ်ညွှန်းက ပြီးနေပြီ။ ဇာတ်သိမ်းမှာ မဝင်းမော်ဦးရဲ့ ၂၅ နှစ်ပြည့်မှာ သူ့အတွက် ရည်စူးပြီး သူ့မိဘတွေက ရေစက် ချရတယ်။ ဒီမိုကရေစီ ရပြီး ရေစက်ချရတယ် ဆိုတာမျိုးနဲ့ ကျနော်က ဇာတ်သိမ်းထားတယ်။
“သမီးရေ … သမီးလိုချင်တဲ့ ဒီမိုကရေစီရပြီ … သမီးအတွက် အမျှဝေပါတယ်” ဆိုပြီး ခေါ်ပြီးတော့ အမျှဝေတဲ့အချိန် ဇာတ်က အသိမ်းမှာ ပရိသတ်ရင်ထဲ ဆို့ပြီး ပါသွားအောင်လို့ ရုပ်ရှင်ရဲ့သဘောအရ နောက်ဆုံး အဆုံးသတ်လေးကို ကျနော် ဖမ်းထားတာ။ မဝင်းမော်ဦး မိဘတွေက ရေစက်သာ ချမယ်ဆိုရင် ဒီကားက ရိုက်လို့ရပြီ။ ဒါပေမယ့် မဝင်းမော်ဦးရဲ့ အဖေက အခြေခံဥပဒေ ပြန်ပြင် ရေးဆွဲပေးရင် သူ့သမီး နာမည်ခေါ်ပြီး အမြန်ဆုံး ရေစက်ချမယ်လို့ ပြောထားတယ်။ အခြေခံဥပဒေသာ အမြန်ဆုံး ပြင်ဖြစ်တာနဲ့၊ မဝင်းမော်ဦးအဖေ ရေစက်ချတာနဲ့ ကျနော်က ရိုက်လို့ရပြီ။
မေး။ ။ ဇာတ်ကားထဲမှာ သူ့မိဘတွေ ရေစက်မချသေးဘဲ၊ ချတယ်လို့ ဖန်တီးပြီး မရိုက်ဘူးလို့ ပြောချင်တာလား။
ဖြေ။ ။ မရိုက်ဘူး။ အဲဒါလေးကို စောင့်မှာပေါ့။ ဒါက တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်း တခု ဖြစ်တယ်လေ။ ကျနော်နဲ့ ပရိသတ်နဲ့ ထိပ်တိုက် ပြဿနာတက်မယ်လေ။ နောက်ပြီး နိုင်ငံရေး နယ်ပယ်က လူတွေနဲ့ ပြဿနာ တက်မယ်လေ။ ဒါလေးတခုတော့ ကျနော့်မှာ ကျန်နေတယ်။ ဒါပေမယ့် သူ့အဖေ ပြောတာလေး ကောင်းပါတယ်။ ကျနော်တို့ တိုင်းပြည်လည်း တကယ် ပြုပြင်တော့မယ့် အချိန်ဆိုတာလည်း ရိပ်ဖမ်းသံဖမ်း ပြောနေကြတာ ကျနော်တို့ တွေ့နေကြပြီလေ၊ နောက်ပြီး NLD ကလည်း အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ တနိုင်ငံလုံး ပြုပြင်ရေးဆွဲဖို့ အတွက်တွေ လုပ်နေပြီဆိုတော့ အခြေခံဥပဒေ ပြောင်းလဲ ရေးဆွဲဖြစ်သွားရင်၊ သူ့အဖေက ရေစက်ချရင် ဒီကားကို ကျနော်ရိုက်လို့ရမှာပါ။ ကျနော်ထင်ပါတယ် လာမယ့် ၂၀၁၄ထဲမှာ ဒီကား ရိုက်ဖြစ်သွားမှာပါ။
မေး။ ။ ၂၀၁၄ မှာ မှန်းထားတယ်ဆိုတော့ နိုင်ငံရဲ့ အခြေအနေက သူ့မိဘတွေ ရေစက်ချရလောက်အောင် ဖြစ်လာမယ်လို့ မှန်းထားတဲ့ သဘောလား။
ဖြေ။ ။ မှန်းထားလားဆိုတော့ စောစောက ပြောသလိုလေ အခြေခံဥပဒေကို ပြုပြင်ရေးဆွဲပြီးတာနဲ့ သူ့အဖေက ရေစက် ချမယ်လို့ ပြောထားတယ်။ မဝင်းမော်ဦးကလည်း ဒီမိုကရေစီ အစစ်အမှန်ရမှ သမီးနာမည်ခေါ်ပြီး အမျှဝေပါအဖေလို့ မှာခဲ့တဲ့အတွက် ကျနော့်ရဲ့ ဇာတ်ကားခေါင်းစဉ်ကလည်း အဲဒါပဲ။ “ဒီမိုကရေစီ အစစ်အမှန်ရမှ သမီးကို အမျှဝေပါ အဖေ” တဲ့။ ခေါင်းစဉ်နဲ့ အဆုံးသတ်နဲ့လည်း ညီအောင် ကျနော်က နည်းနည်းစောင့်နေတာ။ အထဲမှာတော့ ပြုပြင်ပြောင်းလဲရေး အနေနဲ့ နိုင်ငံတော်နဲ့ ဒီမိုကရေစီ အင်အားစုတွေကြားထဲမှာ ၁၉ ရက်နေ့ ချီတက်လာတော့ ထိပ်တိုက်တွေ့တဲ့၊ မဝင်းမော်ဦးတို့ ချီတကလာတဲ့ သေနတ်ပစ်ခန်း တချက်ပါမယ်။ ကျန်တာကတော့ မဝင်းမော်ဦးရဲ့ ဇာတ်အပေါ်မှာ သွားတယ်။ သူ သေသွားပြီးတဲ့ အထိ၊ သေပြီးတဲ့နောက် သူတို့မိသားစု တဖြည်းဖြည်းနဲ့ နောက်ဆုံး အဆင်မပြေဘူး။ ဘဝတွေ ပျက်စီးပြီး နေက်ဆုံး စီးပွားရေးတွေ ကျပြီးတော့ မဝင်းမော်ဦး ဖြစ်စေချင်ခဲ့တဲ့ ပညာတတ် တယောက်မှ မဖြစ်ခဲ့ဘူး။ ၁၀ တန်းမအောင်ဘူ၊ ၈ တန်း မအောင်ဘူး။ အကုန် အိမ်ထောင်ကျပြီးတော့ ကစဉ့်ကလျားတွေ ဖြစ်ကုန်တဲ့ ပညာရေး ရှုထောင့်လေးကို ထောက်ပြမယ်။
မေး။ ။ တခြား အကြောင်းအရာတွေ အများကြီး ရိုက်စရာတွေ ရှိတဲ့ကြားထဲက ဒီအကြောင်းကို ဘာကြောင့် ရိုက်ချင်တဲ့ စိတ်ကူး ရလာတာလဲ။
ဖြေ။ ။ ပထမ ကျနော်နဲ့ ထိပ်တိုက်တွေ့တာက မဝင်းမော်ဦးကို ကယ်သွားတဲ့ ဆရာဝန်နှစ်ယောက်။ ဒေါက်တာစောလွင်နဲ့ ဒေါက်တာ ဝင်းဇော်ပေါ့။ သူတို့နှစ်ယောက်က ဘယ်သူနဲ့ သွားတူသလဲ ဆိုတော့ ကိုထူးအိမ်သင်နဲ့ ကိုကိုင်ဇာကြီးတို့ နှစ်ယောက်နဲ့ သွားတူတယ်။ သူတို့ကို အနုပညာသမားတွေလို့ ထင်ပြီးတော့ ကိုကိုင်ဇာတို့၊ ကိုထူးအိမ်သင်တို့ ဆိုပြီး အမှတ် ပေးခဲ့တယ်။ ဒီလိုထင်ခဲ့တဲ့ အထင်က တကယ် ဒီမိုကရေစီလမ်းကြောင်း ပွင့်လာတဲ့အပေါ်မှာ ထင်သာမြင်သာရှိတဲ့ စတုတ္ထ မဏ္ဍိုင်ဆိုတဲ့ စာနယ်ဇင်းတွေ ရေးတော့မှ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ အဲဒီတော့မှ ဒါ ကိုစောလွင်၊ ကိုဝင်းဇော်ဆိုပြီး သိလာပြီး ဒါက ကျနော်ထင်သလို မဟုတ်ဘူး၊ လွဲနေပါလားဆိုတဲ့ လွဲချက်လေးကို သေသေချာချာ သွားသိလိုက်ရတယ်။ သိတော့မှ စိတ်ဝင်စားမှုတခု ကိုယ့်ဘာသာ ဖြစ်သွားတယ်။ ဒါလေးကို ကိုယ့်စိတ်ထဲမှာ ကိန်းအောင်း မိသွားတယ်။
ဒါပေမယ့် ဒီမိုကရေစီ ဇာတ်တွေက တယောက်ပြီးတယောက် ဟိုလူတွေကဝယ်၊ ဒီလူတွေကဝယ်နဲ့ ရိုက်ဖို့တွေ ပြင်ဆင် လုပ်နေကြပြီ ကြားတော့ မဝင်းမော်ဦးရဲ့ ဇာတ်ကလေးအတွက် သူ့အဖေနဲ့ သူနဲ့ ပြောတဲ့နေရာမှာ အင်မတန် ရင်ထဲကို ဆို့ပြီးတော့ ခံစားရတော့ အဲဒီဇာတ်ရဲ့ ၃ ပုံတပုံမှာ ပရိသတ်ရဲ့ ရင်ထဲကို ဆို့ပြီးပါသွားမယ့် တချက်၊ မိသားစုရဲ့ အခက်အခဲ အတားအဆီးတွေ၊ နောက်ဆုံးမှာ အမျှဝေတာနဲ့ ဇာတ်ကို သုံးပိုင်းပိုင်းပြီး ဖမ်းထားတယ်။
မေး။ ။ အဓိက ဦးအဏ်ထော်ဏီက ပရိသတ်ကို ဒီဇာတ်ကားကနေ ဘယ်လို အချက်အလက် ပေးချင်တာလဲ။
ဖြေ။ ။ ပညာရေး Message ပေးချင်တာ။ ကျနော်တို့တိုင်းပြည်မှာ ပညာတတ်တွေ လိုတယ်၊ ပညာတွေ ဖွံ့ဖြိုးဖို့အတွက် အများကြီး ပညာတော်သင်တွေ လွှတ်ရဦးမယ်။ အခြေခံ ပညာကစပြီးတော့ ပညာတတ်တွေ စမွေးရဦးမယ်။ ဘယ်လောက် အထိ လိုအပ်နေတယ် ဆိုတာကို မဝင်းမော်ဦးတို့ မိသားစု၊ မဝင်းမော်ဦးလို စိတ်ဓာတ်ရှိတဲ့ လူတယောက်၊ ဒီမိုကရေစီက အခုထိ မဖြောင့်ဖြူးသေးဘူး၊ အဲဒီအပေါ်မှာ ယိမ်းယိုင်မသွားကြဖို့ အဲဒီ ပညာရေး ရှုထောင့်လေးနဲ့ သွားမယ်။ မဝင်းမော်ဦးက မာင်နှမတွေကို ပညာတတ် ဖြစ်စေချင်တယ်၊ သူကိုယ်တိုင် စာတွေသင်ခဲ့တယ်။ ရေနံဆီ မီးအိမ်လေးနဲ့ ခေတ်မှာ မောင်လေးတွေ၊ ညီမလေးတွေကို အပင်ပန်းခံပြီး စာသင်တယ်။ ဒါမျိုးလေးတွေကို မိသားစုက ပြန်ပြန်ပြီး ကောင်းကြောင်း ေးတွေ ပြန်မယ်။ သူငယ်ချင်းတွေနဲ့ အတူတူ ကျောင်းကပွဲတွေမှာ ကတယ်။ မဝင်းမော်ဦးပါခဲ့တဲ့ ဖျော်ဖြေပွဲလေးတွေ၊ မိသားစုကို သက်စွန့်ဆံဖျား ဈေးရောင်းပြီး ကျွေးခဲ့တာတွေ၊ မိသားစုက အခက်အခဲ ဖြစ်လာရင် သူ့ကို ပြန်သတိရတာလေးတွေ …၊ ဇာတ်ကို ကျနော် အဲဒီလိုရေးထားတယ်။ နိုင်ငံတနိုင်ငံရဲ့ ဒီမိုကရေစီလမ်း ခရီး မဖြောင့်ဖြူးမှုကြောင့် ကျောင်းသား ကျောင်းသူတွေ ပညာရေးကို စတေးရတဲ့ အဖြစ်မျိုး မဖြစ်အောင် သတိထားကြဖို့၊ အဓိကကတော့ ဘယ်လောက်ပဲ ကြမ်းတမ်ပါစေ ပညာတတ်တွေ ဖြစ်ရအောင်၊ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ငါတို့မှာလည်း တာဝန်ရှိတယ်ဆိုတဲ့ ကျောင်းစိမ်း လူငယ် ကလေးတွေကို အဓိက စည်းရုံးသိမ်းသွင်း ချင်တဲ့သဘောပါ။
မေး။ ။ ဒီဇာတ်ကားကို ကားကြီးရိုက်မှာလား၊ ဗီဒီယို ရိုက်မှာလား။
ဖြေ။ ။ ဒီကနေ ရှေ့လျှောက် ကျနော်က ကားကြီးပဲ ရိုက်တော့မယ်။ ကားကြီးကို အသစ်တွေနဲ့ အချိန်ယူပြီး ရိုက်မယ်။ နိုင်ငံတကာက လိုချင်တဲ့ အရည်အသွေး ဖြစ်အောင် ကျနော်တို့ရိုက်မယ်။ နိုင်ငံတကာကို ပြသလို့ရတဲ့ အဆင့်မျိုးကို တလှမ်းချင်း ချီတက်မယ်။
မေး။ ။ ဒီကားကို ကာလ ဘယ်လောက်ကြာအောင် အချိန်ယူပြီး ရိုက်ဖို့ ရည်ရွယ်ထားသလဲ။
ဖြေ။ ။ အခြေခံ ဥပဒေသာ ပြန်ပြင်ရေးဆွဲဖြစ်ရင် မကြာခင်လာမယ့် ၂၀၁၄၊ မဝင်းမော်ဦး ၂၆ နှစ်ပြည့် ပွဲလေးကတော့ မီသွားနိုင်တယ်ပေါ့။ အရေးကြီးတာက ရေစက်ချပေးဖို့ လူပဲ။ ကျနော်ရိုက်တော့မယ် ပြောတော့ တချို့က အသံထွက် လာတယ်။ ကိုအဏ်ထော်ဏီက ဒီမိုကရေစီ အစစ်အမှန် ရပြီလို့ထင်လား ဆိုပြီး တချို့က လာမေးကြတယ်။ ကျနော် မြင်ကြည့်တာ ကတော့ အခုဟာက အမြီးကနင်း၊ ဦးကထောင်နဲ့ တခါတလေ အလယ်က ကုန်းထ လာတာလေးတွေက မြင်နေရသေးတဲ့ အတွက် ကျနော်တို့မှာ အနုပညာသမား ဆိုပေမယ့်၊ ကျနော်တို့က အမျိုးသားနိုင်ငံရေး အတွက် ဦးတည်ပြီး လုပ်ရတဲ့ အနုပညာရှင်တွေပါ။ ပြည်သူတွေက ငြိုငြင်မှာကိုတော့ ကျနော်တို့လည်း မလိုလားဘူး။ ပြည်သူတွေ ဖြစ်စေချင်တဲ့ အတိုင်းလေးဖြစ်မှ ကျနော်တို့လည်း လုပ်လို့ကောင်းပါတယ်။
မေး။ ။ သရုပ်ဆောင်တွေကိုရော ဘယ်လိုစီစဉ်ထားလဲ။
ဖြေ။ ။ သရုပ်ဆောင်တွေက မဝင်းမော်ဦးရဲ့ နေရာကိုတော့ ကလေး တယောက်ရွေးမယ်။ ကျန်တဲ့အဖေ၊ အမေ နေရာကိုတော့ မဝင်းမော်ဦးမသေခင် အရွယ်ကို တချိုးချိုး ရိုက်လိုက်မယ်။ ပြီးရင် အဆုံးမှာ အဖေ၊ အမေကို တချိုးချိုး ရိုက်မယ်။ သရုပ်ဆောင် ၂ ဆင့် ရိုက်မယ်။
မေး။ ။ ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်လည်း များများ သုံးမယ်လို့ကြားတယ်။ ဘယ်လောက်အထိ သုံးသွားမလဲ။
ဖြေ။ ။ ငွေကြေးကတော့ စက်မှုအား ကောင်းကောင်းနဲ့ အရုပ်အသံ သုံးပြီး၊ အချိန်ယူပြီး ရိုက်မယ်ဆိုရင် သိန်း ၂ ထောင် အထက်၊ သိန်း ၃ ထောင်လောက်ပေါ့။ ဒါကတော့ ကိုယ်ချဲ့ရင် ချဲ့သလို ကုန်တာပေါ့။ မြန်မာပြည်မှာ ကတော့ အတတ်နိုင်ဆုံး ချုံ့ရိုက်ကြတာပဲ။ တကယ်လို့ မဝင်းမော်ဦး ကားရိုက်မယ့် အချိန်လောက်မှာ အခု ရိုက်ဖို့ စီစဉ်နေတဲ့ လေယာဉ်ပြန်ပေးဆွဲ ကားကြီးကလည်း အောင်မြင်လို့၊ ဝင်ငွေကောင်းကောင်း ရလာလို့ ကျနော်တို့လက်ထဲ ပိုက်ဆံရှိရင် ကျနော်က အပီအပြင် ပတ်ကား အကောင်းဆုံး ရိုက်မယ်။ အား ပိုထည့်လိုက်မယ်။
မေး။ ။ ဒါဆို လေယာဉ် ပြန်ပေးကားက ရလာတဲ့အမြတ်ကို ပြန်သုံးမယ့် သဘောပေါ့။ အဲဒါအပြင် စပွန်ဆာရော ရှိသလား။
ဖြေ။ ။ ကျနော် ကားကောင်းကောင်း ရိုက်ခဲ့တယ်။ သူ့အတိုင်းအတာနဲ့ သူ ဈေးကွက် ကောင်းကောင်း ရိုက်ခဲ့တယ်။ ကျနော်တို့က အခု လေယာဉ် ပြန်ပေးဆွဲတဲ့ ကားမှာလည်း ကြော်ငြာစပွန်ဆာတွေ ရှာနေတယ်။ သူ့ခေတ်နဲ့သူ ပေါ်ခဲ့တဲ့ ကုန်ပစ္စည်းတွေ၊ ၁၉၅၂ ခုနှစ် ကျနော်တို့ မြန်မာနိုင်ငံကို ရောက်နေတဲ့၊ ပတ်သက်တဲ့ အရာတွေရှိမယ်။ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ ရှိမယ်။ သူတို့က ထည့်ချင်တယ်ဆိုရင် ကျနော်တို့က အဲဒီ ကုန်ပစ္စည်းတွေကို ထည့်ရိုက်မယ်။ မဝင်းမော်ဦး ကားကျရင်လည်း ၈၈ နဲ့ ပတ်သက်တဲ့ အချိန်တုန်းက ကုန်ပစ္စည်းတွေ၊ တတ်နိုင်တဲ့ စပွန်ဆာတွေကို ကျနော်တို့ အနုပညာနဲ့ ပုံဖော်တဲ့ အမျိုးသား နိုင်ငံရေး အနုပညာပေါ်မှာ ယုံကြည်ချက်ထားလို့ ကြော်ငြာထည့်ခြင်း အားဖြင့် မြေတောင် မြှောက်ပေးသလို ပံ့ပိုးခြင်းလည်း ဖြစ်ပါတယ်လို့ မိတ်ဆွေတွေကို ဖိတ်ပါမယ်။
မေး။ ။ အခုနောက်ပိုင်းမှာ ဒီမိုကရေစီ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေကို ရိုက်ချင်တဲ့ သူတွေလည်း များတယ်လို့ ပြောတော့ ဒီဇာတ်ကားဆိုရင် ဦးအဏ်ထော်ဏီက စောစောစီးစီး ဦးထားလိုက်တာ မျိုးလား။
ဖြေ။ ။ မဟုတ်ဘူး ခင်ဗျ။ ဦးတယ်လို့ မဟုတ်ပါဘူး။ ကျနော်က မဝင်းမော်ဦးနဲ့ တိုက်ဆိုင်မှုလေးတွေ ရှိလို့ သူ့မိသားစုရဲ့ ဘဝကို သွားလေ့လာရင်း သူတို့ ခွင့်ပြုချက်ကို ယူပြီးတော့ ဇာတ်ကို အကုန် ချရေးလိုက်တာပါ။ လက်ဦးတယ်လို့ မဟုတ်ပါဘူး။ ကျနော် လက်ဦးမှုနဲ့ ကျန်တဲ့ဟာတွေကို ရိုက်ဖို့လည်း မစဉ်းစားပါဘူး။ လက်ဦးချင်တဲ့ သဘောလည်း မဟုတ်ပါဘူး။ ကိုယ့်ထက် ဦးတဲ့သူတွေက လုပ်တာ မတွေ့လို့ ကိုယ်က မဝင်းမော်ဦး အတွက် စိတ်မကောင်းစွာနဲ့ အကောင်အထည် ဖော်တဲ့လူပါ။
မေး။ ။ ဒီဇာတ်ကားကို ၂၀၁၄ လောက်မှာ ရိုက်ဖြစ်မယ်လို့ မှန်းထားတာပေါ့နော်။
ဖြေ။ ။ ၂၀၁၄ ထဲမှာ ကျနော်ရိုက်စရာတွေက Sky Net ဇာတ်လမ်းတွဲ တခု ရိုက်ဖို့ ရှိတယ်။ စိုးမြတ်သူဇာတို့နဲ့ ရေနံ့သာ ခင်ခင်ကြီး ဇာတ်ကားကို ရိုက်ပေးရဦးမယ်။ အဲဒါပြီးမှ ကျန်တာတွေ စဉ်းစားမယ်။
မေး။ ။ ဦးအဏ်ထော်နီ အခုရိုက်ဖို့ ပြင်ဆင်နေတဲ့ လေယာဉ်ပြန်ပေးဆွဲ ကားရော၊ အခု မဝင်းမော်ဦးရဲ့ ဇာတ်ကားရောက ပရိတ်သတ်တွေလည်း စိတ်ဝင်စားမယ့် ထူးခြားတဲ့ ဇာတ်လမ်းတွေ ဖြစ်နေတယ်။ ဒီလို ဇာတ်ကားမျိုးတွေ ရိုက်ဖို့အတွက် နိုင်ငံတော်နဲ့ ရုပ်ရှင်အစည်းအရုံးက ဘာတွေပံ့ပိုးမှုပေးတာ ရှိမလဲ။
ဖြေ။ ။ အခုဆိုရင် လေယာဉ် ပြန်ပေး ဆွဲမှု ဇာတ်ကားနဲ့ ပတ်သက်ပြီး အစိုးရက လုံး၀ ဆင်ဆာ တချက်မှမဖြတ်ဘူး။ ကျလာတယ်။ ရေးတင်တဲ့ ဇာတ်ညွှန်းအတိုင်း အကုန်ကျလာတယ်။ ဇာတ်ရဲ့ ခွင့်ပြုချက်လည်း ပေးထားပြီ။ ကျနော်တို့ အနုပညာသမားတွေ အပေါ်မှာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း လုပ်နိုင်ဖို့အတွက် ချပေးလိုက်ပါတယ်။ ဖြတ်ခြင်း တောက်ခြင်း လုံးဝမရှိဘူး။ ဒါက ပံ့ပိုးမှုတခုပဲ။ ရုပ်ရှင် အစည်းအရုံးအနေနဲ့က ရုပ်ရှင် အသိုင်းအဝိုင်းက အကူအညီတောင်းရင် ပေးမယ့် သဘောတွေရှိပါတယ်။
မေး။ ။ ဒီဇာတ်ကား ၂ ကားမှာ သရုပ်ဆောင် အသစ်တွေနဲ့ ရိုက်မယ်ဆိုပြီး ပြင်ဆင်နေတယ်။ အဲဒီလို သရုပ်ဆောင် အသစ်တွေ မွေးထုတ်ပေးတဲ့ အပြင် ဒါရိုက်တာ အသစ်တွေလည်း ပေါ်လာအောင် လုပ်ပေးဖို့ အစီအစဉ် မရှိဘူးလား။
ဖြေ။ ။ ကျနော် စီစဉ်ထားတာရှိတယ်။ ကျနော်နဲ့ လက်တွဲမယ့် လက်ထောက် ဒါရိုက်တာ အငယ်တွေကို ခေါ်မှာတွေ ရှိတယ်။ အစိမ်းသက်သက် လုပ်လို့မရသေးဘူး။ အပြင်မှာ ဗီဒီယိုတွေ ရိုက်တယ်၊ ဖိုက်တင်၊ အက်ရှင်၊ ရာဇဝင် ကားတွေကို ရိုက်နေပြီး၊ ဇာတ်ကို နားလည်တဲ့ ဒါရိုက်တာမျိုးတွေက အခု ဗီဒီယိုဈေးကွက် ပျက်တော့ ငုတ်တုတ် ထိုင်နေရတာ ရှိတယ်။ အဲဒီလို လူတွေကို ကျနော့်ဆီမှာ အလုပ်ပေးဖို့ စီစဉ်ထားတယ်။ မွေးထုတ်တယ် ဆိုတာထက် သူတို့ကို အကူအညီ တောင်းရင်းနဲ့ သူတို့အတွက် စီစဉ်ပေးရမယ်။
မေး ။ ။ အခုနောက်ပိုင်းမှာ ဆင်ဆာက အတိုင်းအတာတခုအထိ လွတ်လပ်ခွင့်ရလာပြီ။ အရင်တုန်းက ဆင်ဆာလွတ်ရင် ဘာတွေလုပ်လိုက်မယ် ဆိုပြီး ပြောခဲ့တာတွေရှိတယ်။ အခုတကယ်တမ်း လွတ်လာတော့ ဟာသကားတွေ၊ သရဲကားတွေ ပေါ်နေတော့ ရုပ်ရှင်လောကမှာ တကယ် ကောင်းတဲ့ကားမျိုးတွေမပေါ်လာတာက ဘာကြောင့်လို့ထင်လဲ။ ဘာအခက်အခဲတွေရှိနေသလဲ။ ဘာတွေလိုအပ်နေတယ်ထင်သလဲ။
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဟာသကားတွေ ကျနော်လည်းရိုက်ခဲ့တယ်။ ဒရာမာလေးတွေ ရိုက်ခဲ့တယ်။ သရဲကားတော့ မရိုက်ခဲ့ဘူး။ ဒါပေမယ့် ဘာပဲပြောပြော အရေးကြီးတာက ပရိသတ်နဲ့ကျနော်တို့နဲ့ အားစမ်းရတာ။ အခု ပရိသတ်က ကျနော်တို့ကို ဘာဖြစ်နေလဲဆိုရင် ရိုက်ကွင်းမှာ အားနည်းချက်တွေရှိတယ်။
အဓိကက ရုပ်ရှင်မပေါ်ဘူးဆိုတာ ဂျာအေးသူ့အမေရိုက်ဖြစ်နေတယ်။ ရုပ်ရှင်ရုံမရှိတော့ ထုတ်ဝေသူတွေ၊ ဒါရိုက်တာတွေ ပိုက်ဆံမရဘူး။ ဒီတော့ ကားကောင်းအောင် မရိုက်ကြဘူး။ ကားက ပရိတ်သတ်တွေ ယုံကြည်ရတဲ့ကားတွေ မရှိဘူး။ ရုံတင်မယ့်ကားတွေက တန်းစီစောင့်နေရတယ်။ ရုပ်ရှင်ရုံတွေလည်း များများပေါ်ထွက်လာစေချင်တယ်။ အဲဒါဆိုရင် ရုံတင်စရာ ထိုင်စောင့်နေစရာ မလိုတော့ဘူး။ မလိုရင် ဒီကားကို တင်ကြည့်တယ်၊ ပရိတ်သတ် မကြိုက်ဘူးဆိုရင် ဆင်းပြီး နောက်ကားတက်၊ ဆုံးဖြတ်ချက် သွက်သွက်လေးတွေနဲ့ လုပ်ကြရင် အဲလိုနည်းနဲ့ ကားကောင်းတွေ ပေါ်လာလိမ့်မယ်။
လူအပေါ်ပဲ မူတည်ကြတယ်။ ကျနော်ကတော့ ဒါရိုက်တာ စလုပ်ကတည်းက ဒီဗီဒီလို ရုံတင်လို့ရမယ့် ဇာတ်ကားကောင်းလေးတွေပဲ ရိုက်မယ်ဆိုပြီး စိတ်ကူးခဲ့တဲ့ ဒါရိုက်တာဖြစ်တော့ ကျနော့် လုပ်သက် ၁၀ နှစ်သက်တမ်းမှာ ရုပ်ရှင်ကားကြီး ၆ ကား၊ ဒီဗီဒီ၊ ဗီစီဒီနဲ့ ကားပေါင်း ၄၀ ပဲ ရှိသေးတယ်။ တချို့ကျတော့လည်း တလမှာ ၃ ကား၊ ၄ ကားနဲ့ ပုံမှန်ရိုက်တယ်။ ၁၀ နှစ်ဆိုရင် သူတို့ရိုက်တာ ကားပေါင်း ၃၆၀ လောက်ရှိနေပြီ။ ကျနော်နဲ့ ယှဉ်ရင် ပိုအလုပ်လုပ်ထားတဲ့ လူတွေလို့ပြောရမှာပေါ့။ အမှန်မှာက လူနဲ့လည်းဆိုင်တယ်။ ကျနော်က အဲလို မရိုက်ချင်တဲ့အတွက် ကား ၄၀ ပဲရှိသေးတယ်။သူတို့က အဲလိုရိုက်ချင်တဲ့အတွက် အဲလိုဖြစ်လာတယ်။ တယောက်နဲ့တယောက် အမြင်မတူတဲ့ဟာတွေကို အခု ဗီဒီယိုခေတ်ပျက်တဲ့အပေါ် မူတည်ပြီးတော့ ဝိုင်းဝန်းစဉ်းစားပြီး ပြောင်းလဲဖို့ လိုတယ်လို့ပဲ ပြောချင်တယ်။ ဝိုင်းလုပ်လိုက်ရင် ဘာပဲပြောပြော ကောင်းတဲ့ ကားတွေ ပြန်ထွက်လာမယ်။ နိုင်ငံတော်ပိုင်းကလည်း အခု ဒီဂျစ်တယ် ရုပ်ရှင်ရုံတွေလုပ်နေပြီ။ မကြာခင်လည်း နောက်ဆောက်မယ့် ဈေးဝယ်စင်တာတွေ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေလာရင် အသေးစား ရုပ်ရှင်ရုံလေးတွေ ထည့်ဆောက်တာပါလာရင် သူ့အဖွဲ့နဲ့သူ့ နာမည်ကောင်းနဲ့ ရပ်တည်ထားတဲ့ ဒါရိုက်တာတွေဆိုရင် ပရိတ်သတ်ကလည်း စိတ်ဝင်စားရင် သရုပ်ဆောင်အသစ် ဖြစ်ပေမယ့်လည်း အရည်အသွေးကောင်းရင် ရုပ်ရှင်ရုံတွေကလည်း စိတ်ဝင်စားပြီး ဝိုင်းလုပ်လိုက်ရင် နောက်လူတွေကလည်း ဒီအမြင်ကိုရပြီး လိုက်လုပ်ရင် ကောင်းတဲ့ဘက်ကို ရောက်လာမယ်။ စိတ်ဓာတ်တွေပြာင်းပြီး၊ လမ်းကြောင်းတစ်ခုပေါ် ပြောင်းဖို့အတွက် ကျနော်တို့ အနုပညာညီအစ်ကိုတွေ၊ ဒါရိုက်တာတွေ စဉ်းစားကြပါ။ အရည်အသွေးရှိအောင် လမ်းကြောင်းပေါ်ကို ရောက်ဖို့ စဉ်းစားဖို့လိုပါတယ်။
မေး ။ ။ ဒီလိုဇာတ်ကားတွေရိုက်ဖို့ စိတ်ကူးက အရင်တုန်းကတည်းက တွေးထားတာလား၊ ဆင်ဆာတွေ လျှော့ပေါ့လာပြီး နောက်ပိုင်းမှာမှ ထွက်လာတာလား။
ဖြေ ။ ။ ကားကောင်းကောင်းတွေ ရိုက်သင့်တယ်၊ ရုပ်ရုံတွေ အများကြီးလိုအပ်တယ်၊ အရည်အသွေးကောင်းကောင်းနဲ့ နိုင်ငံတကာကိုလည်း ထိုးဖောက်နိုင်အောင် လုပ်သင့်တယ်ဆိုတဲ့ အမြင်က ၂ နှစ်လောက်ရှိပြီ။ ကျနော်စဉ်းစားမိတာ။ အခုမှ အကောင်အထည်ဖော်ဖြစ်တာ။
မေး ။ ။ ဆက်ရိုက်မယ့်ကားတွေမှာရော ဘယ်လိုဟာမျိုးတေ ွရိုက်ချင်သလဲ။ ဘယ်လို အိုင်ဒီယာတွေရှိသလဲ။
ဖြေ ။ ။ ကျနော့်ခေါင်းထဲမှာ လျာထားတာက အခုလုပ်နေတဲ့ လေယာဉ် ပြန်ပေးဆွဲမှု၊ ရေနံ့သာခင်ခင်ကြီး၊ ပြီးရင် မဝင်းမော်ဦး ကားရိုက်ဖို့က အခြေခံဥပဒေကိစ္စ နှောင့်နှေးမှုရှိနေရင် ဇာတ်သိမ်းလေးပဲထားပြီး အရင်ရိုက်မယ်။ တကယ်လို့ မရိုက်ဖြစ်ရင်တော့ မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ ဇာတ်ညွှန်းတ ခု ကျနော့်မှာရေးထားတာရှိတယ်။ အစိုးရနဲ့ KNU ကြားထဲမှာ ကင်လူမျိုးက ငပိရရ၊ ဆားရရ၊ တောထဲတောင်ထဲက ထွက်တဲ့ သစ်ဥသစ်ဖုတွေကို ကိုယ့်ဘာသာကိုယ် ဓားမဦးတိုက် လုပ်ကိုင် စားသောက်တဲ့ဓလေ့နဲ့ ရှင်သန်နေကြရတာကနေ မြေစာပင်ဖြစ်ရတဲ့ အကြောင်း၊ မြေမြုပ်မိုင်းကြောင့် ဒုက္ခရောက်ပြီး စစ်ပွဲတွေကြောင့် ဘဝပျက်ခဲ့တဲ့ ဇာတ်နဲ့ “ငြိမ်းချမ်းပါစေ ဇွဲကပင်မြေ” ဆိုတဲ့ ဇာတ်တခုရှိ တယ်။ အဲဒါလည်း ကျနော်ကိုယ်တိုင် ဝတ္ထုဇာတ်ညွှန်း ဒါရိုက်တာပဲ။ အဲလိုဇာတ်မျိုးလေးတွေ ဖြစ်ရပ်မှန်တွေကို အင်တာဗျူးပြီး ရေးထားတာရှိတယ်။ နောက်တခုက စာတွေရေးတဲ့ တောင်ကလေးဆရာတော်က ပြောပြထားတဲ့ ဇာတ်လမ်းတခုရှိတယ်။
ကရင်လူမျိုးတွေက ဒုက္ခသည်စခန်းတွေမှာ နေရတာတွေရှိတယ်။ အခု ဒီမိုကရေစီရပါပြီ၊ ပြန်လာခဲ့ကြပါလို့ပြောတယ်။ တောထဲတောင်ထဲမှာ ဒုက္ခတွေဝေ၊ ပြေးလွှားသွားလာပြီး၊ သူများနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ယိုးဒယားဘက်ကိုလည်း ကြောက်ရ၊ စခန်းထဲမှာပဲ ခေါင်းပုံဖြတ်တာတွေ ၊ လူမှောင်ခို ကြောက်ရတာမျိုးတွေနဲ့ နေထိုင်ခဲ့ကြရပြီး၊ ဒီမိုကရေစီရ ပြန်တော့လည်း နေစရာအိမ်မရှိတဲ့ “ငါ့အိမ်ဘယ်မှာလဲ” ဆိုတဲ့ ဇာတ်တဇာတ် ပြောပြထားတာလည်းရှိတယ်။ ဆရာတော်ကိုတော့ လျှောက်ထားတယ်။ သူကိုယ်တိုင် စိတ်ကူးထဲမှာရှိတဲ့အတိုင်း ချရေးချင်ရင် ဇာတ်ညွှန်းရေးပေးဖို့။ နောက်ပိုင်းတော့ အဲလိုဖြစ်ရပ်မှန် ဇာတ်လမ်းလေးတွေပဲ သွားတော့မှာပါ။ နိုင်ငံတကာမှာရိုက်နေတဲ့ ဒါရိုက်တာကြီး တွေက တစ်ကားကောင်းလေးတွေနဲ့ ပရိသတ်ရင်ထဲကိုထိအောင်လုပ်ကြတာတွေ့ရတယ်။ ဒါလေးတွေကို လူငယ်ဒါရိုက်တာတစ်ယောက်အ နေနဲ့ မြန်မာ့ရုပ်ရှင်အတွက် တာဝန်ကျေသွားချင်တယ်။ လုပ်ချင်တဲ့စိတ်တွေရှိနေတဲ့အချိန်မှာ လုပ်ပြမယ်။
မေး။ ။ ဒါဆို မဝင်းမော်ဦး ဇာတ်လမ်းအတွက်တော့ ခွင့်ပြုချက် မတင်ရသေးဘူးပေါ့။
ဖြေ။ ။ မတင်ရသေးဘူး။ အဆုံးသတ်လေးကို စောင့်နေတာ။ တင်မှာပါ။ ဒီဇာတ်လမ်းကို ကျနော်ကိုယ်တိုင် ဇာတ်ညွှန်း ရေးထားတာဆိုတော့ အခန်းစဉ်တွေ အကုန်လုံး ခွဲပြီးသား။ အမျှဝေနဲ့ပဲ သိမ်းမယ်။ ဇာတ်က အမျှဝေမှပဲ ရင်ထဲ ဆို့မှာကိုး။
မေး။ ။ လေယာဉ်ပြန်ပေး ဆွဲတဲ့ကားဆိုရင် နိုင်ငံတကာအထိ ရောက်ဖို့ မှန်းထားတယ်လို့ ပြောတယ်။ အခု မဝင်းမော်ဦး ကားကိုရော ဘယ်လောက်ထိ မှန်းထားသလဲ။
ဖြေ။ ။ နောက်ပိုင်းကတော့ ကျနော် ဒီလိုစနစ်နဲ့ပဲ သွားတော့မယ်။ ဖြည်းဖြည်းချင်း စိတ်ကြိုက်လေးတွေပဲ လုပ်ပြီး သွားတော့မယ်။ ရှင်းရှင်းပြောရင် နိုင်ငံတကာက အရုပ်အရည်အသွေးနဲ့၊ အသံ အရည်အသွေးကို လိုချင်တယ်။ ပြီးတော့ ရိုက်တဲ့ အခါမှာလည်း မင်းသားမင်းသမီးက လောလော လောလောနဲ့ ပေးတဲ့အိုက်တင်ကို သတိထားပြီး မကြိုက် ပေမယ့်လည်း လွှတ်လိုက်ရတာမျိုးတွေ မဖြစ်အောင် လုပ်မယ်။ နိုင်ငံတကာက လိုချင်တဲ့ အရည်အသွေးတွေ ပေးပြီး တနိုင်ငံချင်း တနိုင်ငံချင်းဆီကို တလှမ်းချင်း သွားနိုင်ရင်၊ ကျနော်တို့ကို ယုံကြည်လာရင် ဖြန့်ချိလို့ရသွားမှာပေါ့။ ။