မြန်မာနိုင်ငံအတွက် အရေးပါသည့် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်နေသည့် အချိန်တွင် ဥရောပသမဂ္ဂ နှင့် နိုင်ငံ ၆ နိုင်ငံတို့က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်လာ စေရန် ၎င်းတို့က ကူညီပေးသွားမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ဒီမိုကရေစီကို လိုလားထောက်ခံသူများက ရွေးကောက် ပွဲသည် ဆယ်စုနှစ်များစွာအတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည့် ပထမဆုံးသော ယုံကြည်လက်ခံနိုင်ဖွယ်ရာရှိသည့် ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ သို့သော်လည်း မြန်မာနိုင်ငံကို ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများ ဝိုင်းရံ ထားသကဲ့သို့ စစ်အစိုးရကရေးဆွဲခဲ့သည့် အလွန်အငြင်းပွားဖွယ်ရာဖြစ်သော အခြေခံဥပဒေ၏အောက်တွင် ရှိနေသောကြောင့် ထွက်ပေါ်လာမည့် အဖြေက သေချာစွာမတွက်ဆနိုင်သေးသည့် အသွင်ဖြစ်နေသည်။
ကြေညာချက်ထွက်ပေါ်လာပြီး မကြာမီမှာပင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်ဒရူး ပက်ထရစ် (Andrew Patrick) နှင့် တွေ့ဆုံ၍ ဗြိတိန်အနေဖြင့် ကြေညာချက် ထုတ်ပြန်ရာတွင် ပါဝင်ခဲ့သည့်အကြောင်းရင်း၊ ယခုနှစ်အတွင်း ၎င်းတို့ တွေ့မြင်လိုသည့် အကြောင်းအရာများနှင့် ၎င်းတို့၏ ရည်ရွယ်ချက် အောင်မြင်မှုရရှိရေး အတွက် ဖြစ်လာနိုင်သည့် အတားအဆီးများ အကြောင်းကို ဧရာဝတီ သတင်းထောက် အင်ဒရူးကပ်စပါက မေးမြန်းထား ပါသည်။
ဧရာဝတီ ။ ။ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေမှာ ဗြိတိန်က ဘယ်လိုအကူအညီပေးမှာလဲ။
အင်ဒရူးပက်ထရစ် ။ ။ ပထမဆုံးအနေနဲ့ ပြော ချင်တာကတော့ ဒီကြေညာချက်ဟာ ပူးတွဲကြေညာချက် တခုဖြစ်ပြီးတော့ ကျနော်ပြောတာက ဗြိတိန် ကိုပဲ ကိုယ်စားပြုတယ်ဆိုတာပါပဲ။ တခြားနိုင်ငံတွေ အတွက် ပြောတာမဟုတ်ပါဘူး။
ဗြိတိန်က အဓိက အချက်၂ ခုကို ဆောင်ရွက် နေပါတယ်။ ကျနော်တို့က ရွေးကောက်ပွဲစနစ်ဆိုင်ရာ နိုင်ငံတကာ ဖောင်ဒေးရှင်း (IFES) လို့ ခေါ်တဲ့ အဖွဲ့ အစည်းကို အထောက်အပံ့ ပေးနေခဲ့ပါတယ်။ အဲဒါက တကမ္ဘာလုံးမှာ လုပ်ကိုင်နေတဲ့ လူသိများတဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ သူတို့ အလုပ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကို အထောက်အကူပေးဖို့ ဖြစ်ပါတယ်။ ဒါမှလည်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ယုံကြည်လက်ခံနိုင် လောက်တဲ့ ရွေးကောက်ပွဲတခု ကျင်းပနိုင်ဖို့အတွက် နည်းပညာစွမ်းရည် ရရှိလာမှာ ဖြစ်ပါတယ်။
ဒုတိယပိုင်း အနေနဲ့တော့ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေကြားမှာ စွမ်းဆောင်ရည် တည်ဆောက် နိုင်ဖို့ ကျနော်တို့ လုပ်ပေးနေပါတယ်။ ဒါမှလည်း သူတို့တွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါက တကယ်ကို အရေးကြီးပါ တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားက လေ့လာ စောင့်ကြည့်သူ အများကြီး ရှိလာမယ်လို့ ကျနော်တို့ မျှော်လင့်ထားပေမယ့် မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ နှိုင်း ယှဉ်မယ်ဆိုရင်တော့ အလွန်နည်း တဲ့ အရေအတွက် ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေက အဓိကလုပ်ကိုင်ရ မှာ ဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု သူ့အချိန်အတိုင်း ဖြစ်ပေါ်လာရေး က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်လိုပဲ အမေရိကန် အစိုးရရဲ့ ထိပ်တန်း ဦးစားပေးစာရင်းမှာပါတယ်လို့ ပြောခဲ့ပါတယ်။ ဗြိတိန်ရဲ့ အနေအထားကရော ဒီ အတိုင်းပဲ ရှိပါသလား။
ဟုတ်ပါတယ်။သဘောတူညီချက်မှာ လက်မှတ် ထိုးခဲ့သူတိုင်းက ဒီအတိုင်းပဲလို့ ကျနော်ထင်ပါတယ်။ ဒီတိုင်းပြည်မှာ ရှိသူတိုင်းက ဒီလိုပဲမြင်တယ်လို့ ကျနော် ခံစားရပါတယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ သမ္မတက ဒါကိုပြောခဲ့ပါတယ်။ လွှတ်တော်က လည်း ဒီလိုယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုနှစ် အတွင်းမှာ ယုံကြည် လက်ခံနိုင် လောက်တဲ့ ရွေးကောက်ပွဲတခု ကျင်းပနိုင်ရေးက ပြုပြင်ပြောင်းလဲ ရေးအတွက် လုံးဝ အဓိကကျတဲ့ အဆင့်တခုဖြစ်တယ်လို့ ယူဆထားပါတယ်။
အစိုးရက ဒီရွေးကောက်ပွဲကို နိုင်ငံတကာ အဆင့်အတန်းမီ ကျင်းပပေးနိုင်မယ်လို့ ယုံကြည်ပါ သလား။
တကယ်လို့ အားလုံး ချောချောမောမော ဖြစ် သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပြည့်အဝ ပါဝင်တဲ့၊ ယုံကြည် လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲတခုကို ၁၉၆၀ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံး ကျင်းပနိုင်ပါလိမ့်မယ်။ ဒါကြောင့် စိန်ခေါ် မှုတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ရွေးကောက် ပွဲကို ထောက်ခံနေရတဲ့ အကြောင်းတွေထဲက တခု က ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ကြိုးစားတာ ဖြစ်ပါ တယ်။ ဟုတ်ပါတယ်။ ဒါက နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး မှန်ကန်စွာကျင်းပတဲ့ ရွေးကောက်ပွဲပါ။ လုံးဝ ပြည့်စုံ ကောင်းမွန်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ယုံကြည်လက်ခံနိုင်လောက်တဲ့ ရွေးကောက် ပွဲ ဖြစ်နိုင်တယ်လို့ ကျနော်တို့ ထင်ပါတယ်။
အကြီးဆုံး စိန်ခေါ်မှုတွေက ဘာတွေပါလဲ။
ထောက်ပံ့ပို့ဆောင်ရေးပိုင်းဆိုင်ရာ စိန်ခေါ်မှု တချို့ကိုပဲ ပြရပါမယ်။ ဒီတိုင်းပြည်ရဲ့ အစိတ်အပိုင်း တချို့က အရမ်း ဝေးလံပါတယ်။ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် အလွန်အခြေခံ ကျတဲ့ စိန်ခေါ်မှုတွေရှိပါတယ်။
ကျနော်ကြားနေရတဲ့ အကြီးဆုံး စိန်ခေါ်မှုတွေ ထဲက တခုကတော့ ကြိုတင်မဲ ကိစ္စပါပဲ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက ယုံကြည် လက်ခံနိုင်လောက်စရာ မဖြစ်ခဲ့တာကလည်း ဒီကိစ္စကြောင့်ပါ။ ဘာကြောင့်လဲ ဆိုတော့ ကြိုတင်မဲကို ရလဒ်ကို ပြောင်းလဲ ဖို့အတွက် အသုံးပြုခဲ့ပါတယ်။ ဒါက လူတိုင်းသိတဲ့ ကိစ္စဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ကျနော် မြန်မာနိုင်ငံမှာ မရှိပါဘူး။ ဒါပေမယ့် ဒီအကြောင်းကို လူအမြောက်အမြားက ပြောပြခဲ့ကြပါတယ်။ ကျနော် တို့ လုပ်ရမယ့် အရာတွေထဲက တခုက ဒီတကြိမ်မှာ ဒီလိုပြဿနာ ထပ်ဖြစ်နိုင်မှာ မဟုတ်တော့ဘူးလို့ ပြည်သူတွေရဲ့ သံသယ ပြေပျောက်စေဖို့ အတူတကွ ကြိုးစားပြီး လုပ်ကြဖို့ပါပဲ။
ကြိုတင်မဲစနစ်ကို ခွင့်ပြုပေးသင့်တယ်လို့ ထင် ပါသလား။
ကြိုတင်မဲစနစ်က ရွေးကောက်ပွဲတွေရဲ့ သာမန် အစိတ်အပိုင်းတခုပါပဲ။ ဒါကြောင့် ရှိသင့်၊ မရှိသင့် ဆိုတာက အကြောင်းမဟုတ်ပါဘူး။ ဘယ်လိုဖြစ် တာလဲ ဆိုတာနဲ့ အလွဲသုံးစားမလုပ်ဘူးဆိုတာကို ပြည်သူတွေက ယုံကြည်လက်ခံအောင် လုပ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။
အစပိုင်းမှာ ကျနော် မပြောခဲ့တာတချို့ကို ပြောရမယ် ထင်ပါတယ်။ ကြေညာချက်ရဲ့ ရည်ရွယ်ချက်နဲ့ ဘာဖြစ်လို့ ထုတ်ပြန်ရသလဲဆိုတဲ့ အကြောင်း ပါ။ ဗြိတိန်နိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် အကြောင်း ပြချက် ၂ ခု ရှိပါတယ်။ ပထမ အချက်ကတော့ ကျနော်တို့ ဘာတွေလုပ်နေတယ်ဆိုတာကို လူအမြောက်အမြားက စိတ်ဝင်စားကြပါ တယ်။ ဒီ ကြေညာချက်က ကျနော်တို့ဘာလုပ်နေတယ်ဆိုတာကို အပြည့်အစုံ ဖော်ပြတာဖြစ်ပါတယ်။
တကယ်ကို အရေးကြီးတယ်လို့ ကျနော်ထင်တဲ့ ဒုတိယ အကြောင်းကတော့ ရွေးကောက်ပွဲဆိုတာ မဲပေးတဲ့ နေ့တခုသက်သက် မဟုတ်ပါဘူး။ ယုံကြည် စိတ်ချရတဲ့ ရွေးကောက်ပွဲဆိုတာ မဲပေးတဲ့နေ့အထိ အချိန်အားလုံး အကျုံးဝင်ပါတယ်။ ဒါကြောင့် ကြေညာချက်က ကျနော်တို့ ဆောင်ရွက်နေပြီ ဆိုတာကို ပြောပြတာဖြစ်ပါတယ်။ မဲပေးတဲ့နေ့အထိ ကျနော်တို့ ဖြစ်စဉ်အားလုံးကို ကြည့်နေပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့၊ အထူး သဖြင့် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးရဲ့ သမာသမတ် ရှိမှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှု ရှိပါသလား။ သူက အရင်က အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ ဆက်နွှယ်မှု ရှိခဲ့သလို လတ်တလောမှာလည်း သူက မေးခွန်း ထုတ်ချင်စရာ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
လူတွေ ဒီအကြောင်းကိုပြောနေကြတာ ကျနော် ကြားပါတယ်။ ကျနော် သူနဲ့ အကြိမ်တော်တော်များ များ တွေ့ခဲ့ပါတယ်။ ကော်မရှင်နဲ့ အခြေခံကျကျ ပုံမှန် အလုပ်လုပ်နေသူတွေလည်း ကျနော်တို့မှာ ရှိပါတယ်။ ယုံကြည် စိတ်ချရတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သူက ပြောပါ တယ်။ အမှန်တကယ်အားဖြင့် တကယ်လို့ သူက ရွေးကောက်ပွဲ ဥပဒေစည်းကမ်းတွေအတိုင်း သွား နေတယ်လို့ ခင်ဗျားက မြင်မယ်ဆိုရင် အခုချိန်အထိ သူလုပ်ခဲ့တာတွေဟာ ကျနော်တို့ ကြိုဆိုရမယ့်အရာ တွေ ဖြစ်ပါတယ်။ သူ ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေ၊ ပြောခဲ့တဲ့ စကားတွေက ခင်ဗျားက ယုံကြည်စိတ်ချ ရတဲ့ ရွေးကောက်ပွဲတခုကို လိုချင်မယ်ဆိုရင် ခင်ဗျား လိုမယ့် အရာတွေပါပဲ။ သူက IFES လိုမျိုး နိုင်ငံ တကာ အဖွဲ့အစည်းတွေနဲ့ အလွန်နီးကပ်စွာ အလုပ် လုပ်နေပါတယ်။ မြန်မာ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့လည်း ပိုပြီးနီးကပ်စွာ အလုပ်လုပ်နေပါတယ်။ ဒါက တကယ်ကို အရေးကြီးပါတယ်။
အခု ၆ လ လိုပါသေးတယ်။ ဒါကြောင့် ကျနော် တို့ ဘာမှ ကြိုတင်တွက်ဆမထားပါဘူး။ အခြေ အနေတွေက ပြောင်းလဲတတ်ပါတယ်။ ဒါပေမယ့် ခုချိန်အထိတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အလုပ် လုပ်ရတာ အဆင်ပြေ တယ်လို့ ထင်ပါတယ်။ သူတို့ ဖြစ်ချင်တယ်လို့ ပြောတဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ တခုဖြစ်လာအောင် ကျနော်တို့အကူအညီ ပေးနိုင်မယ်လို့ ကျနော်တို့ တူတူပဲ ယူဆပါတယ်။
ဒါပေမယ့် တချို့က ကော်မရှင်ဥက္ကဋ္ဌနဲ့ ပတ် သက်လို့ စိုးရိမ်နေကြတာကိုရော နားလည်မိပါ သလား။
သူထုတ်ပြန်ခဲ့တဲ့ကြေညာချက်တချို့က ကျနော် တို့ လက်ခံနိုင်စရာ မဟုတ်တာ ထင်ရှားပါတယ်။ မြန်မာပြည်သူ တော်တော်များများကလည်း သူပြော ခဲ့တာတချို့ကို လက်မခံကြပါဘူး။ ဒါပေမယ့် သူ ဘာတွေ လုပ်ပြီးခဲ့တယ် ဆိုတာကိုလည်း ကျနော်တို့ ကြည့်ဖို့ လိုမယ်လို့ထင်ပါတယ်။ ဒါကြောင့် ဥပဒေ အရ သူလုပ်ခဲ့တာတွေက ကောင်းတယ်လို့ ကျနော် အလေးထားပြောခဲ့တာ ဖြစ်ပါတယ်။
ကျနော် မြင်ရသလောက်ကတော့ အခုအချိန် မှာ အဓိကနိုင်ငံရေးပါတီကြီးတွေက သူ့ကို နုတ်ထွက် ပေးဖို့ တောင်းဆိုတာမရှိသေးပါဘူး။ NLD အပါ အဝင် သူတို့က ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်နဲ့ အလုပ်လုပ်မယ့် ပုံမျိုးရှိပါတယ်။ သူတို့က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေပါ။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ဟာ ယုံကြည် စိတ်ချရတဲ့ အဖွဲ့အစည်း ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာနဲ့ ပတ်သက်လို့ သူတို့ရဲ့ အသံကိုလည်း ကျနော်တို့ နားထောင်ရပါမယ်။
White Card ကိုင်ဆောင်ထားသူတွေရဲ့ မဲပေးခွင့်နဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။
ဒါက အလွန်အငြင်းပွားဖွယ်ရာကိစ္စတခု ဖြစ် ပါတယ်။ တကယ်တော့ အဲဒါက မဲပေးတာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ အဲဒီထက် ပိုပြီးကြီးမားတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဘယ်သူကနိုင်ငံသား ဖြစ်သင့်တယ်။ ဘယ်သူက မဖြစ်သင့်ဘူးဆိုတာက ပိုကြီးတဲ့ ပြဿနာလို့ ကျနော်တို့ထင်ပါတယ်။ ရခိုင် ပြည်နယ်အတွက်လည်း အလွန်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို အင်တာဗျူး အမျိုးမျိုးမှာ ခင်ဗျားရဲ့ လုပ်ဖော်ကိုင် ဖက်တွေကို ကျနော် ရှည်ရှည်လျားလျား ပြောပြခဲ့ပြီးပါပြီ။
ဒီကိစ္စကို ကြည့်မယ်ဆိုရင် ခင်ဗျားက နိုင်ငံသား မဟုတ်ဘူးဆိုရင် မဲပေးခွင့်မရှိတာက ပုံမှန် အကြောင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသား ဖြစ်သင့်သူဟာ မဲပေးနိုင်တဲ့အခွင့်အရေး ရှိရမှာဖြစ် ပါတယ်။ ဒါပေမယ့် ဒါက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ပိုကြီးတဲ့ ကိစ္စဖြစ်ပြီးတော့ မဲပေးခွင့်က အဲဒါရဲ့တစိတ်တပိုင်း သာ ဖြစ်ပါတယ်။
အခြေခံဥပဒေက စစ်တပ်ကို အာဏာထိန်းချုပ် ခွင့်ပေးထားပြီးတော့ အရေးပေါ် အခြေအနေတွေမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်ခြေတွေ ရှိနေတယ်။ ဒီလို ဖြစ်သွားနိုင်တာနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိပါ သလား။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်နေတာနဲ့ တခြားသော ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှု အလားအလာတွေ ရှိနေပါတယ်။
ကျနော်နဲ့ မြန်မာစစ်တပ် ပြောဆိုဆွေးနွေးမှု တွေမှာ ရွေးကောက်ပွဲ ကျင်းပရေးအတွက် ကူညီပေးဖို့ ရည်ရွယ် ထားကြောင်း သူတို့က အခိုင်အမာ ပြောကြပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဘာကြောင့် စိုးရိမ်တယ်ဆိုတာကို ကျနော် နားလည်ပေးနိုင်ပါတယ်။ တကယ်လို့ စိုးရိမ် သလို ဖြစ်လာခဲ့ရင် ကျနော်တို့ သိထားတဲ့အတိုင်း ပြုပြင်ပြောင်းလဲရေး အဆုံးသတ်သွားပါမယ်။ ကျနော်တို့ လုပ်နိုင်ခဲ့တဲ့ ကွဲပြားခြားနားတဲ့ ဆက်ဆံ ရေးတွေ အပါအဝင် ပြီးခဲ့တဲ့ ၃ နှစ် ကာလအတွင်းမှာ ရရှိခဲ့တဲ့ ကောင်းမွန်တဲ့အရာတွေ အားလုံးဟာ စစ်တပ်က အာဏာသိမ်းယူလိုက်မယ်ဆိုရင် ပြောင်း လဲသွားရပါလိမ့်မယ်။ ဒီအတိုင်း ဖြစ်လာဖွယ်ရှိတယ်လို့ လူများစုက ပြောနေကြလိမ့်မယ်လို့တော့ ကျနော် မထင်ပါဘူး။
ဒီနိုင်ငံရဲ့သမိုင်းက အလွန် ရှုပ်ထွေးပါတယ်။ ဒါကြောင့် အရာတိုင်းကိုတော့ ငြင်းပယ်လို့ မရပါဘူး။ ဒါပေမယ့် ကျနော်တို့ အာရုံစူးစိုက်ထားတာက အစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ တွေကို ကူညီအားပေး ဖို့ပါ။ ဒါမှလည်း ယုံကြည် စိတ်ချရတဲ့ ရွေးကောက်ပွဲတခု ရနိုင်ပါလိမ့်မယ်။
တကယ်လို့ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်း လိုက်ရင် ဒါမှမဟုတ် ကျင်းပခဲ့ပေမယ့် ယုံကြည် လက်ခံနိုင်စရာ မဖြစ်ခဲ့ရင် မြန်မာနိုင်ငံနဲ့ ဗြိတိန်ရဲ့ ဆက်ဆံရေးက ဘယ်လို ပြောင်းသွားနိုင်ပါသလဲ။
ဖြစ်လာနိုင်တဲ့ ရလဒ်တွေက အများကြီး ရှိနိုင် ပါတယ်။ အဆိုးဆုံး အခြေအနေ ဖြစ်ခဲ့မယ်ဆိုရင် တော့ ကျနော်တို့ အနေအထားက လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်က ပြုပြင်ပြောင်းလဲရေး မစတင်မီ ကာလနဲ့ အလားတူ အခြေအနေကို ပြန်ရောက်သွား ပါလိမ့်မယ်။ ဒါပေမယ့် ကျနော် ဒီအကြောင်းကို အလေးမပေး ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ယုံကြည်လက်ခံနိုင်စရာ ရွေးကောက်ပွဲ တခု ရှိလာဖို့၊ ရှေ့ကိုဆက်သွားဖို့၊ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆက် လက်ဖြစ်ပေါ်နေဖို့ အခွင့်အရေးတခု ရှိတယ်လို့ ကျနော်ထင်ပါတယ်။ အဆိုးဘက်က ဖြစ်နိုင်ခြေတွေ အပေါ်မှာ အလေးမပေး ချင်ပါဘူး။ ကျနော့်ရဲ့အမြင် မှာတော့ နိုင်ငံရေးပါတီတွေ၊ အစိုးရအဖွဲ့ထဲက လူတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ကတော့ ယုံကြည် လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲတခုရှိလာဖို့ကို အာရုံစိုက်ကြပါတယ်။ နောက်ပြန်သွားဖို့ အာရုံ မထားကြပါဘူး။
ရွေးကောက်ပွဲမှာပါဝင်ရေးအတွက် NLD က မဆုံးဖြတ်ရသေးဘူးလို့ ပြောခဲ့ပါတယ်။ ရွေးကောက် ပွဲမှာ မြန်မာနိုင်ငံက အကြီးဆုံး အတိုက်အခံပါတီ ပါဝင်ယှဉ်ပြိုင်ရေးက ဘယ်လောက်အထိ အရေးကြီး ပါသလဲ။
သူတို့ ဘာပြောသလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ဒါက ပြည်သူတွေမှာ ရွေးချယ် ခွင့်ရှိတဲ့ ယုံကြည် လက်ခံနိုင်စရာရွေးကောက်ပွဲတွေ အတွက် အရေးပါတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် နောက်ထပ် ၃ လ သို့မဟုတ် ၄ လ အချိန်အတွင်းမှာ ဘယ်နေရာကို ရောက်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ အနည်းဆုံးတော့ အခု ကျနော်တို့မှာ အခြေခံအချက်တွေ ရှိနေပါပြီ။ ဒါကြောင့် နည်းပညာဆိုင်ရာဘက်ခြမ်းကလည်း အစီအစဉ်တကျ ဖြစ်သွားပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလုပ်လို့မရ အောင် တားမြစ်ထားတဲ့ အခြေခံဥပဒေက ပုဒ်မ ၅၉ (စ) နဲ့ ပတ်သက်လို့ ဘယ်လို သဘောထားပါ သလဲ။
ဒါနဲ့ ပတ်သက်လို့ ကျနော်တို့ အနေအထားကို ရှင်းရှင်းလင်းလင်း ပြခဲ့ပြီးပါပြီ။ ပြည်သူတွေမှာ သူတို့လိုချင်တဲ့ သမ္မတကို တဖက်သတ် ချန်လှပ်ခြင်း မခံရဘဲ ရနိုင်တဲ့အခွင့်အရေးရှိသင့်တယ်လို့ ကျနော် တို့ ယူဆပါတယ်။ ဒီ အချေအတင် ငြင်းခုံမှုက အခုထိ ဆက်ရှိနေတုန်းပါပဲ။ ရွေးကောက်ပွဲ စကား စစ်ထိုးပွဲနဲ့ တူတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေ မယ့် တိတိကျကျတော့ မတူဘူးပေါ့။ အမှန်အတိုင်း ပြောရရင် အခုထုတ်ပြန်ခဲ့တဲ့ ကြေညာချက်က တခြား အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေနဲ့ ပတ်သက် တဲ့အကြောင်း မရေးစေချင်ပါဘူး။ ဒါနဲ့ ပတ်သက်လို့ အရင်က ကျနော်တို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ အခုကိစ္စကတော့ ရွေးကောက်ပွဲနေ့ အထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေရဲ့ ယုံကြည် စိတ်ချရမှု အကြောင်းဖြစ်ပါတယ်။ ပုဒ်မ ၅၉ (စ) ကိစ္စကတော့ အဲဒီနောက်မှာ ဖြစ်လာပါလိမ့်မယ်။
ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒါတွေက ဆက် စပ် မနေဘူးလား။
ဆက်စပ်နေပါတယ်။
ဒီကိစ္စက ရွေးကောက်ပွဲရဲ့ ယုံကြည် လက်ခံ နိုင်စရာဖြစ်မှုကို တိုင်းတာနိုင်တဲ့ အရာဖြစ်ပါသလား။
ကောင်းပါပြီ။ ဒါက အစိုးရရဲ့ တရားဝင်ဖြစ်မှုနဲ့ ဆိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ဆန္ဒမဲပေးတာက ယုံကြည် စိတ်ချစရာ ဖြစ်ရပါမယ်။ အဲဒါမှ ပြည်သူ တွေက ထွက်ပေါ်လာတဲ့ အစိုးရဟာ တရားဝင် အစိုးရတခု ဖြစ်တယ် လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဒုတိယပိုင်း အနေနဲ့ ၅၉ (စ) ကိစ္စ ဖြစ်လာမယ်လို့ ကျနော် ထင်ပါတယ်။ တကယ် လို့ ပြည်သူတွေက သူတို့မဲပေးတာက အစိုးရတခု၊ ရလာတာက တခြားတခုဖြစ်တယ်လို့ ယူဆကြတဲ့ အခြေအနေတခု ဖြစ်လာမယ် ဆိုရင်တော့ ပြဿနာ ရှိလာပါလိမ့်မယ်။