၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့်အတွက် ဒီနေ့ စက်တင်ဘာလ ၈ ရက်နေ့က စပြီး တရားဝင် မဲဆွယ်ခွင့် ပြုလိုက်ပါပြီ။ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေး လှုပ် ရှားရာမှာ အခက်အခဲတွေ ဘယ်လို ရှိနေလဲဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန္တာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် မိုးမြင့်က ဆက်သွယ်မေးမြန်းထားသည်။ ဒေါ်သန္တာသည် မနှစ်က စစ်တပ်က ဒီကေဘီအေ ကရင်လက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ပွားရာတွင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော အလွတ်သတင်းထောက် ကိုပါကြီး၏ ဇနီးဖြစ်သည်။
မေး ။ ။ ရွေးကောက်ပွဲ ဝင်ဖို့အတွက် ကိုယ်စားလှယ်လောင်း လျှောက်ထားတော့ အပယ်ချခံရတဲ့ အထဲပါတယ်လို့ ကြားမိလို့ပါ။ အဲဒါ ဟုတ်ပါသလား။
ဖြေ ။ ။ အပယ်ချခံရတဲ့အထဲမှာ မပါပါဘူး။ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်တဲ့ ကိစ္စမှာလည်း မငြိပါဘူး။ အယူခံတင်ရတာမျိုးလည်း မရှိပါဘူး။
မေး ။ ။ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာပါလဲ။
ဖြေ ။ ။ ဧရာဝတီတိုင်း၊ အိမ်မဲကနေ ဝင်ပြိုင်မယ်မှာပါ။ NLD ပါတီကနေ ဝင်ပြိုင်မှာပါ။
မေး ။ ။ အိမ်မဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ဘယ်နှခုလောက် ရှိပါသလဲ။
ဖြေ ။ ။ အိမ်မဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ခု ရှိပါတယ်။ NLD၊ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ကရင် အမျိုးသား ပါတီ၊ တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။
မေး ။ ။ ဝင်ပြိုင်မယ့် လွှတ်တော်က အမျိုးသား လွှတ်တော်လား။ ပြည်သူ့ လွှတ်တော်လား။
ဖြေ ။ ။ ကျမ ဝင်ပြိုင်မယ့်နေရာက ပြည်သူ့ လွှတ်တော်အတွက် ဖြစ်ပါတယ်။ စပြီး မဲဆွယ် စည်းရုံးရေး ဆင်းဖို့အတွက် လုပ်နေပါပြီ။ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ထားတာ တော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒီနေရာက ကျမရဲ့ ဇာတိမြေ ဖြစ်တယ်။ အိမ်မဲ NLD မှာ ၂၀၁၂ က တည်းက သတင်းပြန်ကြားရေး တာဝန်ခံ လုပ်လာတာပါ။ နောက်ပြီး ဒီမှာရှိတဲ့ ရွာပေါင်း ၅၀၅ ရွာ ဆိုတာကလည်း ကျမနဲ့ အားလုံးရင်းနှီးနေပြီးသား။ မရောက်ဖူးတဲ့ ရွာနည်းနည်းပဲ ရှိတယ်။ ကိုယ့်လူတွေလို့ ပြောလို့ရပါတယ်။
မေး ။ ။ အိမ်မဲဘက်မှာ မဲဆွယ်စည်းရုံးရေး ဆင်းရာမှာ ဘာတွေ အခက်အခဲရှိ နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ အိမ်မဲဘက်ရယ်လို့ မဲဆွယ်စည်းရုံးရေး ကဏ္ဍမှာ အခက်အခဲ ရှိနိုင်တယ်လို့ မသိရသေးပါဘူး။ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားတွေ့ဖို့တော့ ရှိတယ်။ ဘာတွေရှိမယ်ဆိုတာ မသိ သေးဘူး။ တကယ်တော့ ဗဟို ရွေးကောက်ပွဲ ဆိုင်ရာကနေ မဲဆွယ်စည်းရုံးတာကို လွှတ်တော် ကိုယ် ားလှယ်လောင်းအဖြစ် ဝင်မယ့် စာရင်းတင်ပြီး ၁၅ ရက်အတွင်း ၂ လတာ အတွက် Plan အကုန် ဆွဲ ပြီး တင်ထားပေးမယ်။ အဲဒါတွေကို သူတို့ ခွင့်ပြုတာ မပြုတာ စသဖြင့် အကြောင်း ပြန်မယ်။ တကယ် လို့ မပြုတဲ့ နေရာတွေ ပါလာရင် အဲဒါကို ပြန်တင်ဖို့က နောက်ထပ် ၁၅ ရက်အတွင်းဆိုတော့ အဆင် မပြေဘူး။ အဲဒီလို ကန့်သတ်ချက်တွေက အဆင်မပြေဘူး။
မေး ။ ။ ကိုပါကြီး သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဆောင်ရွက်နေတာကို ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ ။ ။ ကျမ အမျိုးသားကိစ္စကို ကျိုက်မရောမြို့နယ်မှူးက လူသတ်မှုနဲ့ဆိုပြီး တရားလိုပြု တိုင်တန်း ထားတာ ရှိတယ်။ လောလောဆယ် အဲဒီကို သွားပြီး မေးမြန်းတာမျိုး မလုပ်နိုင်တော့ဘူး။ အရင်တုန်း ကဆို ကျိုက်မရောကို သွားခဲ့တာ ၁၅ ကြိမ်လောက် ရှိတယ်။ မသွားနိုင်တော့ အဲဒီကိစ္စ နည်းနည်း အေးနေမယ်ဆိုတာကို သဘောပေါက်တယ်။ မိသားစုရယ်လို့လည်းမရှိ ကျမ တယောက်တည်း ဆို တော့ အဲဒီကိစ္စကို တွန်းအားပေးဖို့ကလည်း ကျမ တယောက်တည်းပဲ ရှိတယ်။ ဒါပေမယ့် လောလော ဆယ်မှာ တနိုင်ငံလုံး အရေအတွက် ဦးစားပေးနေပါတယ်။ ကျမရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စကို နည်းနည်း နောက်ဆုတ်ထားတဲ့ သဘောပါပဲ။ ဒါဟာ လုံးဝမလုပ်တော့ဘူးလို့ ပြောတာ မဟုတ်ပါဘူး။
အားတဲ့အချိန် ရှိရင် ရှိရင်သလို လုပ်သွားမှာပါ။ နောက်တခု ရှိတာက ကျမ ရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ရင်တောင် ကျမရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စကို လွှတ်တော် ကိုယ်စားလှယ်ကဏ္ဍနဲ့ လုံး၀ ရောထွေးမှု မရှိစေရပါဘူး။ ကျမရဲ့ အမျိုးသား ကိစ္စနဲ့ ပတ်သတ်ပြီးတော့ လည်း ကျမဆီကို အစိုးရဘက်က ဘာမှ တုန့်ပြန်တာမျိုး မရှိဘူး။ ရဲဘက်က အမှုဖွင့် ဆောင်ရွက် တယ် ဆိုတာကလည်း သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြတော့မှ ကျမသိရတာပါ။ တကယ်ဆိုရင် ကျမတို့ မိသားစုကို သူတို့ အကြောင်းကြားသင့်ပါတယ်။