လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲအောင်နိုင်ရေးအတွက် ပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးမှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးခွင့် စတင်ရရှိသည့်နေ့ စက်တင်ဘာ ၈ ရက်နေ့မှစ၍ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံရန် စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။
ဒေါ်ရွှေရွှေစိန်လတ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။ ဒေါ်ရွှေရွှေစိန်လတ်သည် အမျိုးသမီးများ အခွင့်အရေး၊ တရားမျှတမှုရှိရေး စသည့်ကိစ္စများကို လှုပ်ရှားဆောင်ရွက်နေသည့် ဖန်တီးအိမ် အဖွဲ့ကို တည်ထောင်သူ ဒါရိုက်တာတဦးလည်း ဖြစ်သည်။
ယခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး ဒေါ်ရွှေရွှေစိန်လတ်အား ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ အစ်မ က NLD ပါတီ၊ ပဲခူးတိုင်းဒေသကြီးရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဘယ်မြို့နယ်တွေကနေ ပြိုင်မှာပါလဲ။
ဖြေ။ ။ အစ်မ ဝင်ပြိုင်မှာကဒိုက်ဦး၊ ဝေါနဲ့ ရွှေကျင်မြို့နယ်တွေက ရွာပေါင်း ၄၀၀ ကျော်လောက် ပါမယ်။
မေး။ ။ ဒီကနေ့ (စက်တင်ဘာ ၈ ရက်) က မဲဆွယ်စည်းရုံးမှုကာလ စတင်တဲ့နေ့ဖြစ်တော့ အစ်မအနေနဲ့ ဘာတွေ စတင်လုပ်ဆောင်နေပြီလဲ။
ဖြေ။ ။ အခုဆိုရင် ဒိုက်ဦးမြို့နယ်က လက်ခုပ်ကုန်းဆိုတဲ့ကျေးရွာမှာ အောင်နိုင်ရေးဆိုင်းဘုတ် လုပ်ထားတယ်။ နောက်ထပ် ရွှေကျင်သွားမယ်။ အစ်မတို့ ဆွဲထားတာကတော့ မြို့နယ်အောင်နိုင်ရေး အစီအစဉ်တွေ ဆွဲထားတယ်။ ရပ်ကျေးအောင်နိုင်ရေးအဖွဲ့တွေ၊ EC တွေနဲ့ တွေ့ဆုံပွဲတွေလုပ်တယ်။ အဓိကကတော့ မဲစာရင်း စိစစ်တာကိုလုပ်မယ်။ ၁၄ ရက်အတွင်းမှာပေါ့။ သူ့ဒေသအလိုက် အမာခံတွေ ဖွဲ့စည်းထားတယ်။ ရွာတိုင်းကို ရောက်အောင်သွားမယ်။
မေး။ ။ မဲဆွယ်စည်းရုံးတာတွေအပြင် ဟောပြောပွဲတွေ လုပ်ဖို့ရော အစီအစဉ်ရှိပါလား။
ဖြေ။ ။ ဟောပြောပွဲတွေတော့ မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေက အစ်မတို့ မဲဆွယ်စည်းရုံးရာမှာ တော်တော်လေး ကျပ်တည်းတယ်။ အစ်မတို့က လူအများကြီးနဲ့ ဟောပြောပွဲ လုပ်မယ်ဆိုရင် တင်ပြရမှာတွေအပြင် ကန့်သတ်ထားတာတွေ များတယ်။ NLD ဆိုရင် ပြည်သူအများစုက သိပြီးသားဆိုတော့ ရွာတွေမှာ တအိမ်တက် တအိမ်ဆင်း လိုက်လံပြောပြတာတွေ လုပ်မယ်။
အစ်မကတော့ ကိုယ်လည်းကျွမ်းကျင်တဲ့ မဲပညာပေး အစီအစဉ်ပဲ လုပ်မယ်။ သတ်မှတ်ထားတဲ့ မူဝါဒတွေ ရှင်းပြမယ်။ အစ်မက ဘာကြောင့် ရွေးကောက်ပွဲကို ဝင်ရတာလဲ။ ဘာကိုပြောင်းလဲချင်တာလဲ ဆိုတာတွေကို ပြည်သူတွေကို ပြောပြမယ်။ အဓိက အနေနဲ့ မဲတမဲရဲ့တန်ဖိုးပေါ့။ မဲစာရင်း စိစစ်ဖို့နဲ့ လူတိုင်း မဲပေးနိုင်ဖို့ပေါ့။ မဲပညာ ပေးတာပေါ့။ ပြည်သူတွေ ဘယ်လို ပူးပေါင်း ပါဝင်ရမှာလဲ ဆိုတာတွေလည်း ပြောပြမှာပါ။
မေး။ ။ မဲဆွယ်စည်းရုံးမှု ဆိုတာထက် ရွေးကောက်ပွဲ ကာလမှာ ပြည်သူတွေ ဘယ်လိုမဲပေးရမလဲဆိုတဲ့ မဲအသိပညာပေးတဲ့ အပိုင်းကိုပဲ အဓိက လုပ်ဆောင်သွားမယ့် သဘောလားရှင့်။
ဖြေ။ ။ အစ်မက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဆိုတော့ နည်းနည်းတော့ ခက်ခဲတာပေါ့။ ကိုယ်ဝင်ပြိုင်ရမယ့် နေရာကရွာပေါင်း ၄၀၀ ကျော်ရှိတယ်။ အစ်မကို ဖိတ်ထားတဲ့ ရွာတွေလည်း ရှိတယ်။ အဲဒီရွာတွေကို အရောက်သွားမယ်။ အဓိကကတော့ သူတို့ဘာပြောမလဲဆိုတာ နားထောင်ဖို့ အရေးကြီးတယ်။ အစ်မတို့ပါတီက ချမှတ်ထားတဲ့ မူတွေကို ပြောပြမယ်။
နောက်တခုကတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကို ရှင်းပြမယ်။ ဘာဖြစ်လို့လဲဆိုတော့ အများစုက လွှတ်တော် ကိုယ်စားလှယ် ဆိုလို့ရှိရင် အားလုံးလုပ်ရတယ်လို့ ထင်နေတာလေ။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေ ဘာလုပ်ရတာလဲဆိုတာ ရှင်းပြမှ ပြည်သူတွေလည်း နားလည်လာမယ်လေ။ ပြည်သူကို အသိပညာပေးတဲ့ လုပ်ငန်းတွေပဲ အဓိကထား လုပ်သွားမှာ။
မေး။ ။ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ တခြားပါတီ ကိုယ်စားလှယ်တွေရော ဘယ်နှဦးလောက် ဝင်ပြိုင်ကြမယ်လို့ သိထားပါလဲ။
ဖြေ။ ။ အစ်မနဲ့ ပြိုင်မယ့် ပါတီ ၅ ပါတီ ရှိတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွွံ့ဖြိုးရေးပါတီ၊ တောင်သူလယ်သမား တိုးတက်ရေးပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီတွေ ပါမယ်။ အစ်မမှာ သက်ဆိုင်ရာ နယ်မြေအလိုက် နယ်ခံတွေ ရှိတယ်။ အဲဒါတွေအပြင် ရပ်ရွာပရဟိတ အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ထားတယ်။ သူတို့ဆီကလည်း အကြံဉာဏ်တွေလည်း ရထားတယ်လေ။ အနုပညာနဲ့ ဖျော်ဖြေရေး အပိုင်းတွေလည်း ပါမယ်။ အစ်မ နေနဲ့ကတော့ ပြည်သူတွေကို အသိပညာပေး လုပ်ငန်းအများဆုံး လုပ်သွားမယ်။ ။