၂၀၁၅ နိုဝင်ဘာလ ၈ ရက်တွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ထူးခြားမှုတခုအနေဖြင့် ပညာတတ် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လာခြင်းပင် ဖြစ်သည်။
ထိုပညာတတ် အမျိုးသမီး ကိုယ်စားလှယ်လောင်းများထဲမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ၌ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် တရားလွှတ်တော် ရှေ့နေ ဒေါ်ခိုင်စန္ဒာအား ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် သူဇာက မေးမြန်းထားသည်များကို ဖော်ပြခြင်း ဖြစ်ပါသည်။
မေး။ ။ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားပြု အနေနဲ့ ဘာကြောင့် ဝင်ပြိုင်ဖြစ်တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ကျမ သင်္ဃန်းကျွန်းမှာနေတာ ၈ နှစ် ရှိပါပြီ။ နောက်ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ်က အန်ကယ် ဦးသိန်းညွှန့်နဲ့ လက် မတွဲခင်ကတည်းက ကျမက သင်္ဃန်းကျွန်းမြို့နယ်အတွင်း ငွေကြေးချို့တဲ့တဲ့ အမှုတွေကို သင်္ဃန်းကျွန်း တရားရုံးနဲ့ အခြားမြို့နယ် တွေမှာ လိုက်ပါဆောင်ရွက် နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး အန်ကယ် ဦးသိန်းညွှန့် ပါတီမှာ ဥပဒေပိုင်းဆိုင်ရာ အကြံပေး အနေနဲ့ ဒီနေ့အထိ လက်တွဲ ဆောက်ရွက်နေပါတယ်။
နောက်ပြီး မီဒီယာတွေ တရားစွဲခံနေရတဲ့ အမှုတွေကို လိုက်ပါဆောင်ရွက် ပေးနေပါတယ်။ The Voice က ကိုကျော်မင်းဆွေတို့ကို သတ္တုတွင်း ဝန်ကြီးဌာနက တရားစွဲဆိုတဲ့အမှု၊ နောက်ပြီး ဦးမြတ်ခိုင်ကို တရားစွဲဆိုတဲ့အမှု နှစ်ခုစလုံးကို အမှုပြီးဆုံးတဲ့အထိ လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီးတော့ တရားမမှု တခုဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေက Hot News ဂျာနယ်က ကိုစိုးဝင်းနိုင်ကို တရားစွဲတဲ့ကိစ္စ၊ နောက်တခုက ကိုမင်းသီဟန်ကို ငြိမ်းစုစည်နဲ့ တရားစွဲဆိုထားတာကို အမှုလိုက်ပါ ဆောင်ရွက်နေဆဲပါ။
ကျမအနေနဲ့ သင်္ဃန်းကျွန်းမြို့နယ်ဘက်ကနေ တိုင်းဒေသကြီး လွှတ်တော်ကို ဝင်ပြိုင်ဖြစ်တာက တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပျက်နေတာတွေကို ဦးစားပေး ဖြေရှင်းနေတဲ့အတွက် ရန်ကုန်တိုင်း အဖြစ်အပျက်တွေကို အဓိက ပါဝင် ဆောင်ရွက်ချင်တဲ့အတွက် တိုင်းဒေသကြီးကို ဝင်ပြိုင်ဖြစ်တာပါ။
မေး။ ။ ရန်ကုန်တိုင်း ဒေသကြီးမှာ အဓိက ဘာတွေပြုပြင်ဖို့ လိုအပ်နေတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ ရန်ကုန်တိုင်း အတွင်းမှာ ပြောရမယ်ဆိုရင် (၁) အချက်က လူနေမှုအဆင့်အတန်း မြင့်မားအောင်၊ (၂) အချက်က ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရမှာပါ။ အဲဒါက လူမှုအနေအထားပါ။ နောက်ပြီး ရန်ကုန်တိုင်း အတွင်းမှာ ဖြစ်နေတဲ့ မှုခင်းတွေ၊ ဥပဒေပိုင်း ဆိုင်ရာတွေ နောက်ပြီး တရားရုံးကိစ္စတွေမှာ ကျမကိုယ်တိုင်က ရှေ့နေအဖြစ် ထဲထဲဝင်ဝင် လိုက်ပါဆောင်ရွက်နေတဲ့အတွက် ကျမ အနေနဲ့ ရန်ကုန်ပြည်သူလူထုရဲ့ ဥပဒေပိုင်းဆိုင်ရာ အခွင့်အရေးကို အပြည့်အ၀ ရစေချင်တဲ့အတွက် တိုင်းဒေသကြီး လူထုအတွက် အဓိက စဉ်းစားထားပါတယ်။
မေး။ ။ သင်္ဃန်းကျွန်းမှာ ၈ နှစ်ကျော် နေလာတာဆိုတော့ သင်္ဃန်းကျွန်းမြို့နယ်လူထုရဲ့ အဓိကလိုအပ်ချက်က ဘာတွေလို့ မြင်ပါသလဲ။
ဖြေ။ ။ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူလူထုရဲ့ လိုအပ်ချက်က ရန်ကုန်တိုင်းထဲက လူတွေရဲ့ လိုအပ်ချက်နဲ့ အတူတူပဲ နေမှာပဲ။ သူ လည်း ရန်ကုန်တိုင်းထဲက မြို့နယ်တခုဖြစ်တဲ့ အတွက် သင်္ဃန်းကျွန်းလည်း ရန်ကုန်တိုင်း လိုအပ်ချက်ပဲ။ ဒါပေမယ့် ကျမအနေနဲ့ သင်္ဃန်းကျွန်းမြို့နယ် အတွက်ကို မေးမယ်ဆိုရင် (၁) အချက်က လူမှုအဆင့်အတန်းမြင့်မားဖို့၊ လူမှုဘ၀ တိုးတက်ဖို့ပါ။ လက်ရှိ သင်္ဃန်းကျွန်းမြို့နယ်ရဲ့ လူမှုအဆင့်အတန်းကို ဒီထက်မြင့်မားဖို့ပဲ ကျမ လိုလားတယ်။
ကျမတို့ရဲ့ သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် ရန်ကုန်တိုင်းရဲ့ လူနေမှု အဆင့်အတန်းက ဒီထက်ပိုမြှင့်ရဦးမယ်။ ဒီထက်လည်း အခွင့် အရေးတွေ ရရဦးမယ်။ အဓိကက စားဝတ်နေရေး ၃ ခုမှာ နေရေးထိုင်ရေးနဲ့ ကြည့်မယ်ဆိုရင် သင်္ဃန်းကျွန်းမှာ နေရေးထိုင်ရေး နိမ့် ကျ နေတဲ့ နေရာတွေ ရှိနေပါသေးတယ်။ အဲဒီအတွက် သူတို့ရဲ့ လူနေမှုအဆင့်အတန်းတွေကို ပြောမယ်ဆိုရင် မီးကိစ္စ၊ လမ်းကိစ္စတွေ ရှိနေပါတယ်။ နောက်တခုက သင်္ဃန်းကျွန်းမြို့နယ်က တခြားမြို့နယ်က လူတွေလိုပဲ ယာဉ်ကြောပိတ်ဆို့မှုကို ကြုံနေရတာပါ။ ဒါကြောင့် ဆောင်ရွက်ပေးရမယ့် ကိစ္စတွေ အများကြီးရှိနေပါတယ်။
မေး။ ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ လွှတ်တော်ထဲရောက်ရင် အရင်ဆုံး ဘာတွေလုပ်ဆောင်မယ်လို့ စဉ်းစားထားပါလဲ။
ဖြေ။ ။ အခုပြောရမှာတော့ စောတော့စောပါတယ်။ ဒါပေမယ့် ကျမပြောပါမယ်။ တိုင်းဒေသကြီး လွှတ်တော်ကို ရောက်ပြီဆိုရင် ကျမတို့ မြို့နယ်မှာရှိတဲ့ အခက်အခဲတွေက လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ မဟုတ်ဘူး။ အထက်မှာ ကျမဖြေကြားခဲ့တဲ့ အချက်တွေ ရှိနေတဲ့အတွက် အဲဒါတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ကျမ တောက်လျှောက် အဆိုတင်သွင်း သွားရတော့မှာပေါ့။ ကျမတို့ မြို့နယ် အပြင် ရန်ကုန်တိုင်းမှာ ဖြစ်ပျက်နေတဲ့ ဟာတွေကိုလည်း တောက်လျှောက်တင်ပြ ဆွေးနွေးသွားမှာပါ။
မေး။ ။ ဘယ်လို အချက်တွေကို အဓိက တင်ပြဖို့ ကြိုတင် လေ့လာထားပါလဲ။
ဖြေ။ ။ ဦးစားပေး (၁)အချက်ဆိုရင်တော့ သင်္ဃန်းကျွန်းအတွက်နဲ့ ရန်ကုန်တိုင်းအတွက်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှုကို လုပ်ဆောင် သွားဖို့ ရှိပါတယ်။ နောက်ပြီး ပြစ်မှုတွေ ထူပြောနေတာတွေမှာ ပြစ်မှုတွေ ကျဆင်းဖို့ရယ်၊ အာဏာပိုင်တွေဆီကနေ ပြည်သူတွေက ဥပဒေပိုင်းဆိုင်ရာ အကူအညီတွေ အပြည့်အ၀ ရရှိဖို့က ဦးစားပေးတွေပဲ။
မေး။ ။ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှာ ဘယ်သူတွေနဲ့ ယှဉ်ပြိုင်ရမှာပါလဲ။
ဖြေ။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးတင်လှိုင်၊ နောက်တယောက်က တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး က ဦးတိုးတိုး၊ နောက်တယောက်က NLD က ဦးနေမျိုးကျော်(ခေါ်) နေဘုန်းလတ်၊ နောက်တယောက်က တ.စ.ည က ဦးမျိုးလှိုင်နဲ့ အမျိုးသား တိုးတက်ရေး ပါတီက ဒေါ်မြတ်စုမွန်နဲ့ ကျမ အပါအဝင် ၆ ဦးပါ။
မေး။ ။ ကျန်တဲ့ ကိုယ်စားလှယ်လောင်း ၅ ဦးနဲ့ ယှဉ်ပြိုင်ရာမှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါလဲ။
ဖြေ။ ။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တယ်ဆိုတာက အဲဒီနေ့တနေ့တည်းမှာ လုပ်လို့ရတာ မဟုတ်ဘူး။ ကျမက ဒီရွေးကောက်ပွဲ မဝင်ခင်ကတည်းက သင်္ဃန်းကျွန်းပြည်သူ လိုအပ်တဲ့ အခက်အခဲတွေကို ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ကနေ ဖြေရှင်း ခဲ့တယ်။ ပါတီ ဥက္ကဋ္ဌ အန်ကယ် ဦးသိန်းညွှန့်ကလည်း လွှတ်တော်အတွင်းမှာ စံချိန်တင်လောက်တဲ့ အဆိုတွေ၊ ဥပဒေကြမ်းတွေ၊ မေးခွန်းတွေ မေးမြန်းဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ရှိတယ်လေ။
အဲဒီတော့ ဒီကိစ္စကို ပြောမယ်ဆိုရင် အခက်အခဲတွေ ရင်ဆိုင်နိုင်တယ်လို့ ဆိုရမယ်။ ကျမအနေနဲ့တော့ မိမိကိုယ်မိမိတော့ အကောင်း ဆုံး ပြင်ဆင်ထားပါတယ်။ တတ်စွမ်းသလောက် ကိုယ်အားဉာဏ်အား ရှိသလောက် ကျမလုပ်ဆောင်ခဲ့ပါတယ်။ အဲဒါတွေက ကျမပြင် ဆင်မှုပဲလို့ ကျမယူဆပါတယ်။
မေး။ ။ အခုလက်ရှိမှာ မဲဆွယ်စည်းရုံးရေးကို ဘယ်လိုစတင် ဆောင်ရွက်နေပါလဲ။
ဖြေ။ ။ မဲဆွယ်စည်းရုံးရေးကို ကျမ စနေနေ့မှာ စပါမယ်။ ကားနဲ့ မြို့နယ်အနှံ့ လှည့်လည်ပါမယ်။ အများနည်းတူပါပဲ။
မေး။ ။ တိုင်းဒေသကြီး အတွင်းက ပြည်သူတွေကို ဘာများပြောချင်တာ ရှိပါလဲ။
ဖြေ။ ။ သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် ရန်ကုန်တိုင်း ဒေသကြီးမှာ နေထိုင်တဲ့သူတွေကို ကျမ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တိုင်းဒေသကြီး သင်္ဃန်းကျွန်းအမှတ် (၁) က အရွေးခံခဲ့ရမယ်ဆိုရင် အထူးသဖြင့် သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် ရန်ကုန်တိုင်း တတိုင်းလုံးရဲ့ အကျိုးကို လွှတ်တော် ကိုယ်စားလှယ်က ထမ်းဆောင်ရမှာပဲလေ။ ကျမအနေနဲ့လည်း သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် ရန်ကုန်တိုင်း တတိုင်းလုံးရဲ့ အကျိုးကို ထမ်းဆောင်ပါမယ်လို့ ကတိပေးပါတယ်။ ။