ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းမှာ စိုင်းအောင်မြင့်ဦး ဖြစ်သည်။ စိုင်းအောင်မြင့်ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် ဝိုင်းမော်မြို့နယ် သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားနေသည့် နေရာတခုလည်း ဖြစ်သည်။
စိုင်းအောင်မြင့်ဦးသည် တိုင်းရင်းသား လူငယ်တဦးဖြစ်သည့်နည်းတူ တိုင်းရင်းသား လူငယ်များအကြား ဖြစ်ပွားနေသည့် မူးယစ် ဆေးဝါး ပြဿနာများနှင့် ပဋိပက္ခများကို လျော့ပါးပပျောက်အောင် လုပ်ဆောင်နေသည့် တိုင်းရင်းသား လူငယ်ကွန်ရက် အဖွဲ့ဝင် တဦး လည်း ဖြစ်သည်။ ၎င်းသည် လွိုင်ဟိန်း Loi Hein ကုမ္ပဏီ၏ ဥပဒေအကြံပေးအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသူလည်း ဖြစ်သည်။
စိုင်းအောင်မြင့်ဦးကို ၎င်းယှဉ်ပြိုင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က မေးမြန်း ထား သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဘာကြောင့် အမတ်လောင်းအဖြစ် ဝင်ရောက်အရွေးခံ ဖြစ်သွားတာပါလဲ။
ဖြေ။ ။ ကျနော်တို့ လူငယ်တွေ လွှတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်လာဖို့ တကယ့်ရင်ခုန်စရာ ကောင်းပါတယ်။ ပြည်သူ လူထု အတွက်ကို ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့ ယုံကြည်ပြီး ဝင်ရောက် အရွေးခံခြင်း ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လူထုအခြေခံတဲ့ ဥပဒေ ပြဋ္ဌာန်းနိုင်ရေး၊ လူတိုင်း လူ့အခွင့်အရေးကို ဖော်ဆောင်နိုင် ရေး၊ အလုပ်လက်မဲ့များ ဖြေရှင်းဖော်ဆောင် ပေးနိုင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသား တိုက်ဖျက်ရေးအဖြစ် ဖော်ဆောင်နိုင်ရေး၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုတွေကို လွတ်လပ်စွာ ဖော်ဆောင်နိုင်ပြီး စာသင်ကျောင်းများမှာ သင်ကြား နိုင်ရေး၊ အမျိုးသား တန်းတူညီမျှရေးနဲ့ ပင်လုံ ကတိကဝတ် အခြေခံတဲ့ ဖက်ဒရယ်မူကို ဖော်ဆောင်နိုင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင် တာပါ။
မေး။ ။ ကချင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတော့ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ပြိုင်မယ်။ ပါတီ ၁၁ ခုနဲ့ ပြိုင်ရမယ်။ အဓိက စိန်ခေါ်မှုက ဘာတွေလဲဆိုတော့ အရင်ရှိပြီးသား ရှမ်းနီပါတီတွေ ရှိတယ်။ ရှမ်းနီပါတီက အင်အားရှိတယ်။ တချို့ရွာတွေဆိုရင် ကြံ့ခိုင် ရေးပါတီတွေက တော်တော်လည်း ကျွေးမွေးထားတာတွေ ရှိတယ်။ ကျနော့်ရဲ့စိန်ခေါ်မှုက ကျနော်က ဒေသခံ မဟုတ်တဲ့အခါကျတော့ စိန်ခေါ်မှုတွေက အများကြီးပဲ။ ဒီ ၂ လအတွင်း သူတို့တွေနဲ့ ရင်းနှီးသွားအောင် ဘယ်လိုလုပ်မလဲဆိုတာ ကျနော့်ရဲ့စိန်ခေါ်မှုပါပဲ။
မေး။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းသားတဦးဖြစ်ပြီး ဘာကြောင့်နမ့်ခမ်းဒေသမှာ ဝင်မပြိုင်တာပါလဲ။
ဖြေ။ ။ ပြည်သူများနဲ့ ပါတီကော်မတီများရဲ့ ဆန္ဒအရ၊ တောင်းဆိုချက် တာဝန်ပေးချက်အရ ဝိုင်းမော်မှာ သွားရောက်ပြိုင်ခြင်း ဖြစ် ပါတယ်။ ကျနော်က မြန်မာနိုင်ငံသား တယောက်ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ မည်သည့်နေရာမဆို ဝင်ပြိုင်နိုင်ခွင့် ရှိတဲ့အတွက် ဝင်ပြိုင်ခြင်း ဖြစ်ပါတယ်။
မေး။ ။ ပြိုင်မယ့်နေရာက ကချင်လွတ်လပ်ရေး တပ်မတော် နဲ့ အစိုးရ တပ်မတော် တိုက်ပွဲဖြစ်တဲ့ နေရာဆိုတော့ အဓိက အခက် အခဲတွေက ဘာတွေလဲ။ ပြောပြလို့ ရပါသလား။
ဖြေ။ ။ အနက်ရောင်နယ်မြေ သတ်မှတ်ထားတဲ့ နေရာတွေမှာ မဲပုံးတွေ မထားထားဘူး။ အဲဒီနေရာတွေကို ကျနော်သွားလို့ မရ ဘူး။ သွားနိုင်တဲ့ နေရာတွေကိုပဲ ကျနော်သွားတယ်။ ကျနော်တို့က ရှမ်းဒေသတွေကိုပဲ အဓိက သွားမယ်။ ဒုတိယ အနေနဲ့ ကျနော် တို့က တခြားလူမျိုးတွေနဲ့ ရင်းနှီးထားတာဆိုတော့ တခြားလူမျိုးတွေဆီလည်း သွားမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ မူဝါဒက တန်းတူအခွင့်အရေးဆိုတဲ့ အတွက်မို့လို့ ကိုယ့်ရှမ်းလူမျိုး တခုတည်းကို ဦးစားပေးတာ မဟုတ်ဘူးလေ။ အားလုံးပါတဲ့ အတွက်ကြောင့် အဲ့ဒါကို ကျနော်တို့ တခါတည်း စည်းလုံးလို့ ရတာတွေ ရှိတယ်။
တိုက်ပွဲနဲ့ ပတ်သက်ပြီး လောလောဆယ် အနေနဲ့ NCA နဲ့ လက်မှတ်ထိုးဖို့ကိစ္စ ဆွေးနွေးတဲ့အချိန်ဆိုတော့ ကွက်ကြားကွက်ကြား လည်း မရှိလာနိုင်ဘူး။ အခက်အခဲလည်း မရှိနိုင်ဘူး။ စစ်ပွဲက ကြောက်ဖို့မရှိဘူး။ စစ်တပ်တွေလည်း သိပ်မများတော့ တိုက်ပွဲက သိပ် ကြောက်စရာ မကောင်းဘူး။ ဒီအတောအတွင်းတော့ စစ်ပွဲဖြစ်မယ်လို့ ကျနော်မထင်ဘူး။ ကချင်တွေလည်း စစ်ဖြစ်ခံမှာ မဟုတ်ဘူး။ အဲဒီနယ်မြေမှာ သူတို့ဗျူဟာတွေလည်း ဝင်ပြိုင်တယ်လေ။ စစ်ပွဲဖြစ်ရင် မဲပေးပိုင်ခွင့်က ကော်မရှင်ကသတ်မှတ်လိုက်ရင် မဲပေးပိုင်ခွင့် လည်း ဆုံးရှုံးသွားမယ်။ ဒုက္ခသည်စခန်းတွေမှာလည်း မဲပုံးတွေ ထားထားတာ ရှိပါတယ်။ တချို့ဒုက္ခသည်စခန်းတွေ၊ ရှမ်းကမ့်(စခန်း)တွေ၊ ကချင်ကမ့်(စခန်း)တွေ ရှိတယ်။
မေး။ ။ မဲဆွယ်တဲ့ အချိန်မှာ ဘယ်အချက်တွေနဲ့ အဓိက မဲဆွယ်မှာပါလဲ။ လူငယ်တယောက် အနေနဲ့ရော လူငယ်တွေကို ဘယ် လို ပညာပေးမှုတွေ လုပ်မှာပါလဲ။
ဖြေ။ ။ ကျနော့် ရည်ရွယ်ချက် အဓိကက ကိုယ်မဲရဖို့ထက် ပြည်သူတွေ နားလည်သဘောပေါက်ဖို့သာ အဓိက သွားတာလေ။ ပြည်သူတွေ အခွင့်အရေး မဆုံးရှုံးရအောင် သွားတာလေ။ အဲဒီဒေသမှာရှိတဲ့ ပဋိပက္ခတွေ ငြိမ်းချမ်းရေးနည်းနဲ့ ကျနော်တို့ကသွားဖို့ ရှိတယ်။ အဲဒီဒေသမှာ အရင်ကတည်းက လူငယ်အချင်းချင်း ပဋိပက္ခတွေ ရှိတယ်။ ဥပမာ-ဗိုလ်ချုပ် ဂွန်မော်လာရင် ရှမ်းရွာတွေက ဆန္ဒပြတာတွေ ရှိတယ်။ ကျနော့်မှာ အဲဒီပဋိပက္ခတွေ လုံးဝလျော့ကျစေဖို့ ရှိပါတယ်။ လူငယ်တွေကို အဓိက ဘယ်လိုချဉ်းကပ်နိုင်မလဲ။ ချစ်ကြည်ရေးနည်းနဲ့ ပွဲတွေကစားကြမှာလား။ လူမှုအဖွဲ့အစည်းတွေ အချင်းချင်း တွေ့ကြမှာလား။ အဲဒါတွေ ကျနော်တို့ အဓိက သွားမယ်။ အဓိက ငြိမ်းချမ်းရေးနည်းနဲ့ သွားမယ်။ ပြီးတော့ နောက်တခုက အောင်နိုင်ဖို့ထက် ပြည်သူတွေ နားလည်စွာနဲ့ ပါတီမူဝါဒ နား လည်လာနိုင်ဖို့က အဓိက ကျတာပေါ့။ အဲဒီ ဒေသတွေမှာက ပါတီမူဝါဒတွေ မပြောဘဲနဲ့ ငါတို့ကို မဲထည့်ပါ။ ငါတို့ နင်တို့ကို ဘာပေး မယ် ဆိုပြီး ရှိတယ်။ ကျနော်တို့က အဲ့ဒါတွေ မပေးနိုင်ဘူး။ ကျနော်တို့ပါတီက ငွေကြေးလည်း မရှိဘူး။ ကျနော်တို့က မူဝါဒတွေ စစ်မှန် တဲ့ ငြိမ်းချမ်းရေး ရရှိဖို့က အရေးကြီးတယ်ဆိုတဲ့ အချက်နဲ့ စည်းရုံးမှာပါ။
မေး။ ။ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ဘယ်လိုကူညီသွားဖို့ ရှိပါလဲ။
ဖြေ။ ။ ဒုက္ခသည်တွေ သူတို့နေရပ်ကို မြန်မြန်ပြန်ဖို့အတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ NCA မြန်မြန် လက် မှတ်ရေးထိုးနိုင်ဖို့ ဒီဟာတွေရပြီး ဒုက္ခသည်တွေနေရပ်ပြန်ကြဖို့ ကျနော်တို့ ကြိုးစားပေးမယ်။ ရွေးကောက်ပွဲ စည်းရုံးရေး အချိန် က မိုးတွင်းချိန် ဖြစ်နေတယ်။ တောထဲသွားဖို့က မကောင်းဘူး။ ပြည်သူတွေ မဲလာထည့်ဖို့ အတွက်လည်း အခက်အခဲ ဖြစ်တယ်။ ကားလမ်းကောင်းရင် ကျနော်တို့ ကားနဲ့ခေါ်လို့ ရတယ်။ ကားလမ်းမကောင်းတော့ လမ်းလျှောက်ပြီး မဲလာထည့်ဖို့က တော်တော် ခက်ခဲ တယ်။ မဲပုံးရှိတဲ့ နေရာနဲ့ ရွာကနေဆို ၄ နာရီလောက် လျှောက်ရမယ်။ ဒါက မဖြစ်နိုင်ဘူး။ လူငယ်တယောက် အနေနဲ့ကတော့ တခုပြောချင်တာက အမှန်အကယ် ဖြစ်ချင်တယ်။ ရွေးကောက်ပွဲ စည်းရုံးတဲ့ နေရာမှာ မူဝါဒနည်းလမ်းနဲ့ တရားမျှတတဲ့ နည်းလမ်း ဖြစ်ချင်တယ်။
မဲမဆွယ်ခင် ကတည်းက ဆန်၊ဆီ၊ဆားတွေပေးပြီး ပြည်သူတွေ နားမလည်တဲ့ အရာနဲ့ မဲဆွယ်နေပြီ။ လူတွေကို လိမ်နေတဲ့သဘော ဖြစ်နေတယ်။ ပြည်သူတွေက နားမလည်ဘူး။ သူတို့မူဝါဒ နားမလည်ဘူး။ နင်တို့ မီးလင်းအောင် လုပ်ပေးမယ်။ လမ်းတွေခင်းပေးမယ် ဆိုပြီး မဲဆွယ်နေတာက မှားနေတယ်။ ဒါက နိုင်ငံတော်ရဲ့ ပရိုဂျက်တွေ ရှိပြီးသားပဲ။ သူတို့က သွားပြီးတော့ ဒါတွေလိမ်ပြီး လုပ်တာ၊ ဘဝင်မကျဘူး။ ကိုယ့်ဝါဒကိုချပြ ရိုးရိုးသားသား ယှဉ်ပြိုင်၊ အဲဒါဆို ကျနော်တို့ သဘောကျတယ်။
ရှမ်းအချင်းချင်းပဲ ရှိပါတယ်။ ကျနော်တို့ကတော့ မတိုက်ခိုက်ဘူး။ ဘယ်သူ့ကိုမဲထည့် ဘယ်သူ့ကို မထည့်နဲ့လို့ မပြောဘူး။ ဘယ်သူက ဘယ်မူဝါဒနဲ့ သွားနေလဲဆိုတာကိုတော့ ပြည်သူကို ချပြပြီး သွားချင်တယ်။ ပြည်သူတွေကို နားလည်အောင် ချပြဖို့ အရေးကြီးတယ်။ ပြီးတော့ အမတ်လောင်းတွေက ဒီဒေသမှာ အမတ်ဖြစ်သွားတယ်။ ၅ နှစ်လုံး လာမကြည့်တာတွေလည်း ရှိပါတယ်။ ပြည်သူတွေ ဘာ လိုချင်တာလဲ မသိဘူး။ အခုအခါမှ ပေါ်လာပြီး ငါတို့ကို မဲထည့်ဖို့ ထပ်ပြီးမဲဆွယ်ကြတယ်။ ။