၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် မဲဆွယ် စည်းရုံးမှုတွေ လုပ်ဆောင်နေကြပါပြီ။ အဲဒီအထဲမှာ မွန်ပြည်နယ် အခြေစိုက် မွန်အမျိုးသား ပါတီက ဒေါက်တာ တင်မျိုးလွင် လည်း တဦး အပါအဝင် ဖြစ်ပါတယ်။
သူက သထုံမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ အတွက် ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူပါ။ သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တချို့နဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတချို့ကို ဧရာဝတီရဲ့ ကော်ပီအယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဒေါက်တာ တင်မျိုးလွင်ဟာ မွန်လူမျိုး ဖြစ်ပြီး ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ အသက်က ၂၅ နှစ် ရှိပြီး ပညာအရည်အချင်းက MBBS ဘွဲ့ရထားပြီးတော့ လက်ရှိ ဆရာဝန် တယောက် ဖြစ်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲမှာ ဘယ်ပါတီ၊ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာလဲ။ ဘယ်ပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာလဲ။
ဖြေ ။ ။ သထုံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ အတွက် မွန်အမျိုးသားပါတီကနေ ဝင်ပြိုင်မှာပါ။ ယှဉ်ပြိုင်ရမယ့် ပါတီတွေက အမျိုးသား တိုးတက်ရေး ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေနဲ့ ၈၈မျိုးဆက် ဒီမိုကရေစီ ပါတီတို့နဲ့ ပြိုင်ရမှာပါ။
မေး ။ ။ ဘယ်ပါတီတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်လဲ။
ဖြေ ။ ။ ကျနော် ပြိုင်ရမယ့် နယ်မြေမှာ ကရင်၊ ပအို့ဝ် လူမျိုးတွေများတဲ့အတွက် ကရင်ပြည်သူ့ပါတီ၊ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ်၊ NLD တို့နဲ့ အဓိကထားပြိုင်ရမှာပါ။
မေး ။ ။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါသလဲ။
ဖြေ ။ ။ အောင်နိုင်ရေးအဖွဲ့တွေကို ရပ်ကွက်၊ ကျေးရွာအုပ်စု အလိုက်ဖွဲ့စည်းထားပါတယ်။
မေး ။ ။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်တဲ့အခါ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့် ရရဲ့လား။
ဖြေ ။ ။ လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်ရပါတယ်။
မေး ။ ။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့အခါ ပြည်သူလူထုကို ဘယ်လို ကတိမျိုးတွေ ပေးပြီး စည်းရုံးသွားဖို့ ရှိလဲ။ ဘယ်လိုပုံစံ မဲဆွယ် စည်းရုံးသွားမှာလဲ။
ဖြေ ။ ။ ပြည်သူလူထုကို မွန်အမျိုးသားပါတီရဲ့ မူဝါဒသဘောထားတွေကို ချပြမှာပါ။ လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပ နိုင်ငံရေး အင်အားစု တွေ ဟန်ချက်ညီညီ နိုင်ငံရေး ဆောင်ရွက်မှုများ လုပ်ဆောင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲရန်(သို့) ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေးဆွဲနိုင်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံသော မွန်ပြည်နယ် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အဓိကထား လုပ်ဆောင်သွားမယ့် အကြောင်း စည်းရုံး ပြောဆိုသွားမှာပါ။
မဲဆွယ် စည်းရုံးရာမှာတော့ ကားနဲ့လှည့်လည်ပြီး Pamphlet(လက်ကမ်းစာစောင်) ဝေမယ်။ ဗီနိုင်း တွေ ကပ်မယ်၊ မြေစိုက် ပိုစတာ စိုက်ထူမယ်။ ဆေးကုသရေး အစီအစဉ်နဲ့ အလျဉ်းသင့်သလို မဲဆွယ်ဟောပြောမှုတွေ လုပ်သွားမှာပါ။
မေး ။ ။ မွန်ပြည်နယ်မှာ တိုင်းရင်းသားတွေရဲ့ အဓိက လိုအပ်ချက်က ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ မွန်ပြည်နယ်မှာ တိုင်းရင်းသားတွေရဲ့ အဓိက လိုအပ်ချက်က တန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့
မေး ။ ။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အပေါ်မှာ တိုင်းရင်းသားပါတီက လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ ။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရကြား အပြန်အလှန် ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေး သဘော တူ စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်စေချင်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ချင်လဲ။ ဘယ်လိုဥပဒေမျိုးတွေ ပြဋ္ဌာန်း ဆောင်ရွက်ချင်ပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲ အနိုင်ရရင် ပါတီရဲ့မူဝါဒတွေကို တစ်ခုပြီးတစ်ခု ဖော်ဆောင်သွားမှာပါ။
မေး ။ ။ မြန်မာ့နိုင်ငံရေးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။ အားသာချက်၊ အားနည်းချက်တွေနဲ့ လူငယ်နိုင်ငံ ရေး ခေါင်းဆောင်တွေ များလာရင် တိုင်းပြည်ကို ဘယ်လိုအကျိုးပြုနိုင်မလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ လူငယ်တွေတက်ကြွစွာ ပါဝင်နေတာကို တွေ့မြင်ကြမှာပါ။ ဒါကြောင့် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရမ်းကို အရေးပါပါတယ်။ လူငယ်တွေရဲ့ အားသာချက်က ခေတ်စနစ်နဲ့အညီ ပညာတတ်လူငယ်တွေ ပေါများလာတဲ့အတွက် နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတာ့ ပြုပြင်ပြောင်းလဲမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့ လွှတ်တော်ထဲ ရောက်ရှိဖို့ လိုအပ်ပါတယ်။ လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေ များလာ ရင် နိုင်ငံ့အရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနိုင်မယ်လို့ မြင်ပါတယ်။ ။