၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသူများထဲတွင် လူငယ်နှင့် အမျိုးသမီးများလည်း ပိုမို ပါဝင်လျက်ရှိရာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး လူငယ်တဦး ဖြစ်သူ ဒေါ်ဇာခြည်လင်းလည်း တယောက် အပါအဝင် ဖြစ်သည်။ ဒေါ်ဇာခြည်လင်းသည် ကြံ့ခိုင်ရေးပါတီတွင် အရှေ့ပိုင်း ခရိုင်ကော်မတီဝင်တဦး အဖြစ် တာဝန် ထမ်းဆောင် နေသူ တဦးလည်း ဖြစ်သည်။ ထို့ကြောင့် လူငယ် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဇာခြည်လင်း၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှု အခြေအနေများနှင့် ပါတီအကြောင်းကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ့်သူတွေထဲမှာ လူငယ်တွေ ပါလာတာတွေ့ရတယ်။ အဲဒီတော့ နိုင်ငံရေးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို သိချင်ပါတယ်။
ဖြေ။ ။ လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်လာဖို့က အဓိက အခန်းကဏ္ဍက ပါတယ်လို့ ကျမကတော့ ထင်တယ်။ လူငယ်တွေ နိုင်ငံရေးမှာ ပိုပြီးလည်း စိတ်ဝင်စားလာတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကလည်း သူတို့မှာ တာဝန်ရှိတယ်လို့ ခံယူပြီးတော့ ပါဝင်လာတာဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲရေးတွေမှာ ပိုပြီးတော့ ထိရောက်တဲ့ အခန်းကဏ္ဍတွေ ဖြစ်လိမ့်မယ်လို့ ကျမတော့ ယုံကြည်တယ်။
မေး။ ။ ဒေါ်ဇာခြည်လင်းတို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာရော လူငယ် ကိုယ်စားပြု ကိုယ်စား လှယ်တွေ များလာလား။ ဘယ်လောက် ရာခိုင်နှုန်းလောက် ရှိမလဲ။
ဖြေ။ ။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်လာမယ့် အနေအထားကတော့ အသစ် ဝင်ရောက်လာတဲ့ ကိုယ်စားလှယ်လောင်းတွေမှာ လူငယ် အရေအတွက်ကတော့ အရင်ကထက် ပိုများလာတယ်လို့ ကျမအနေနဲ့ ပြောနိုင်ပါတယ်။ ရာခိုင်နှုန်း အတိအကျကတော့ ပြောဖို့ ခက်ပါတယ်။
မေး။ ။ ပါတီအနေနဲ့ လူငယ်တွေကို ပိုပြီးတော့ ရွေးချယ်လာတဲ့ ပေါ်လစီ်မျိုး ရှိလား။ ဒါမှမဟုတ် ၂၀၁၀ ပြည့်နှစ်ထက် စာရင် ပိုပြီးတော့ လူငယ်အရေအတွက် များလာတာလား၊။ ဘယ်လိုမျိုးလဲ။
ဖြေ။ ။ ကျမတို့ ပါတီမှာ ဘာရှိလဲဆိုတော့ လူငယ်ဖိုရမ်တွေ လုပ်ထားတာ ရှိတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လူငယ်ဖိုရမ်တွေ လုပ်ခဲ့တာ ရှိတယ်။ လယ်သမား ဖိုရမ်တွေ၊ အလုပ်သမား ဖိုရမ်တွေအနေနဲ့ လုပ်ခဲ့တာတွေ ရှိတယ်ပေါ့။ လုပ်တဲ့အခါမှာ တနိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေရဲ့ ခံစားနေရတဲ့ ကိစ္စတွေကိုလည်း ကျမတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။
ဟိုးအရင်တုန်းကလုပ်ခဲ့ သလို ပြောတာ နားထောင် ပြန်လာခဲ့ဆိုတဲ့ ပုံစံမျိုး မဟုတ်တော့ဘဲနဲ့ လူငယ်တွေရဲ့ တကယ် ခံစားနေရတဲ့ ခံစားချက်တွေကိုလည်း အဲဒီဖိုရမ်တွေမှာ၊ ဆွေးနွေးပွဲတွေမှာ အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးပြီးတော့ ကျမတို့ ပါတီအတွင်းမှာလည်း လူငယ်တွေနဲ့ ဆွေးနွေးပြီးတော့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ထားတာတွေ ရှိတယ်ပေါ့။
မူဝါဒတွေ လုပ်ငန်းစဉ်တွေ ချမှတ်ထားတာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေအတွက်ကိုလည်း ပိုပြီးတော့ ဆောင်ရွက် လာနိုင်မယ်လို့ ကျမတို့ လူကြီးတွေ အနေနဲ့လည်း လူငယ် တွေလည်း လက်တွဲပြီးတော့ နိုင်ငံတော် တည်ဆောက်ရေးတွေမှာ အတူဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ ယုံကြည်ပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။
မေး။ ။ မဲဆွယ်တဲ့အခါမှာရော ဘယ်လို မီဒီယာတွေကို ဘယ်လို အသုံးချလဲ။ Facebook သုံးလား။ ဒီဂျစ်တယ် မီဒီယာကို ဘယ်လို အသုံးချသွားဖို့ ရှိသလဲ။
ဖြေ။ ။ ကျမအနေနဲ့ကတော့ လက်ရှိလည်း ကိုယ်ပိုင် Facebook လည်း ရှိတယ်။ Facebook ကနေ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေလည်း တင်တယ်။ နောက်တခုက ကိုယ့်နာမည်နဲ့ Page ထောင်ပြီးတော့ ကိုယ့်ရဲ့Target Group ကို ရောက်အောင်လို့ ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။
မေး။ ။ ဒေါ်ဇာခြည်လင်း ဝင်ပြိုင်မယ့် ဒဂုံ/မြောက် မှာ ဘယ်ပါတီတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်လဲ။ ပြီးတော့ သူတို့က ဘယ်လို လူမျိုးတွေလဲ။
ဖြေ။ ။ ကျမတို့ ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မှာ အားလုံးပေါင်း ပါတီ ၇ ခု ရှိတယ်။ တသီးပုဂ္ဂလလည်း ရှိတယ်။ နိုင်ငံရေး ပါတီ အသီးသီးလည်း ရှိကြတယ်။ ကျမရဲ့ ပြိုင်ဘက်တွေ အကုန်လုံးက အမျိုးသားတွေချည်းပဲ။ အမျိုးသမီးကတော့ ကျမ တယောက်တည်း ရှိတယ်။ အသက်အရွယ်ပိုင်း ကျတော့ ကျန်တဲ့ ပါတီတွေမှာလည်း ကျမနဲ့ အသက်အရွယ် မတိမ်းမယိမ်း တွေ ပါကြတာတွေ ရှိပါတယ်၊ ဒါပေမယ့် အမျိုးသားတွေပေါ့။ ဆိုတဲ့အခါကျတော့ ယှဉ်ပြိုင်မှုတွေမှာလည်း တခြားပါတီတွေ ကလည်း သူတို့ရဲ့ မူဝါဒတွေကို ဆောင်ရွက်နေကြတာတွေ ရှိတယ်လေ။
ကျမတို့ ပြည်ခိုင်ဖြိုးအနေနဲ့ကတော့ ကျမကိုယ်တိုင်လည်းပဲ အသင်းဘဝထဲက လူမှုရေးလုပ်ငန်းစဉ်တွေ ဆောင် ရွက်ချင်လို့ဆိုပြီး ဘယ်သူ့ရဲ့ တိုက်တွန်းချက်မှ မပါဘဲ ဒီအထဲဝင်ခဲ့တယ်။ အခုလည်း ဒီလုပ်ငန်းတွေကို ဆောင် ရွက်နေတယ်။ အရင်ကလည်း ဒီဟာတွေကို ဆောင်ရွက်နေတယ်။ အကယ်၍မှ ပြည်သူက တာဝန်ပေးလာမယ် ဆိုရင်တော့ ကျမကတော့ ပိုပြီးတော့ ဥပဒေဘောင် အတွင်းကနေမှ မားမားမတ်မတ်နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်သူလူထုရဲ့ ကိုယ်စား ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျမအနေနဲ့ ယုံကြည်တယ်။
မေး။ ။ ဒီလွှတ်တော် နိုင်ငံရေးလို့ ခေါ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ဖို့ နဂိုကတည်းက အစီအစဉ် ရှိခဲ့ပါသလား။ ဒါမှမဟုတ်လည်း ပါတီက တာဝန်ပေးလို့ ဝင်ဖြစ်သွားတာလား။
ဖြေ။ ။ ကျမအနေနဲ့ကတော့ အသင်းဘဝတုန်းကလည်း ဒါပဲ လုပ်ခဲ့တာ။ နိုင်ငံရေးရဲ့ အခြေခံက လူမှုရေးလို့ပဲ ယုံကြည် ထားတာလေ။ ဒါကြောင့်မု့ိလို့ အခြေခံ လူမှုရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေရင်း တန်းလန်း နဲ့ပဲ ဒါဟာ ဆောင်ရွက် ဖြစ်တာပေါ့။ ၂၀၁၀ တုန်းကလည်း ကျမတို့အနေနဲ့ ရွေးချယ်ခံတဲ့ အထဲမှာ မပါဘူး။ သို့သော်လည်း ပါတီမှာ ကျမတို့အနေနဲ့ တာဝန်ယူပြီး ဆောင်ရွက်နေတယ်။
ပါတီမှာဆိုရင် ခရိုင်ပါတီ ကော်မတီဝင်အဖြစ် တာဝန်ယူပြီး ဆောင်ရွက်နေတယ် ဆိုတဲ့အတွက် ကျမတို့ ၂၀၁၀ တုန်းကလည်း ကိုယ်မပါသော်ငြားလည်း ပါတီတွင်း နိုင်ငံရေးပါတီ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ အတွက်ကို တဘက် တလမ်းက ဆောင်ရွက်ခဲ့တယ်။ အခု ၂၀၁၅ မှာ ပါတီကနေမှ တာဝန်ပေးလာတယ်။ တာဝန်ပေးလာတဲ့ အခါမှာလည်း ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တယ်။ တာဝန်ပေးလာတဲ့ အခါကျတော့လည်း တာဝန်ယူနိုင်တဲ့ အနေအထားမျိုး ဖြစ်အောင်လည်း ကျမတို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။
မေး။ ။ မဲဆွယ်တဲ့နေရာမှာ ပြည်သူလူထုကို ဘယ်လို မက်ဆေ့ချ်မျိုးတွေ ပေးပြီး မဲဆွယ်မှာလဲ။
ဖြေ။ ။ အဓိကကတော့ ဘယ်လိုဆောင်ရွက်သလဲ ဆိုလို့ရှိရင် ကျမတို့ ပြည်ခိုင်ဖြိုးပါတီကရော အကုန်လုံး ဆောင်ရွက် နေကြတာ ဘာလဲဆိုလို့ရှိရင် ပြုပြင်ပြောင်းလဲရေးဆိုတဲ့ လုပ်ငန်းစဉ်ဟာ ယခင်တုန်းကလည်း ဆောင်ရွက်ခဲ့တယ်၊ အခုလည်း ဆောင်ရွက်နေတယ်။ ဒီလုပ်ငန်းစဉ်တွေကိုလည်း ကျမတို့က ဆက်ပြီးတော့ ပြည်သူလူထုနဲ့အတူ ပူးပေါင်း ပြီးတော့၊ လက်တွဲပြီးတော့ ဆောင်ရွက်ချင်ပါတယ်ဆိုတဲ့ Massage ပဲ ကျမ ပေးချင်ပါတယ်။