ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်လောင်းများစာရင်း စိစစ်ထုတ်ပြန်ခဲ့ရာတွင် ကိုယ်စားလှယ်လောင်း ၁၇ ဦး ပယ်ချခံခဲ့ရပြီး တဦးသာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးကျော်မင်း ကို ဧရာဝတီ သတင်း ဌာနမှ ထွန်းထွန်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဦးကျော်မင်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ရန် စာရင်တင်သွင်းခဲ့ရာ တွင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခံခဲ့ရသူထဲများမှ တဦး အပါအဝင် ဖြစ်သည်။
မေး။ ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတာနဲ့ ပတ်သက်လို့ ရှင်းပြပေးပါဦး။
ဖြေ။ ။ ရွေးကောက်ပွဲ ဥပဒေတွေ၊ နည်းဥပဒေတွေမှာတော့ နိုင်ငံသားစိစစ်ရေး လက်မှတ်ရှိသူတွေ၊ အမျိုးသား မှတ်ပုံတင် ကိုင် ဆောင် သူတွေ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပြီး နောက်ပိုင်းကျတော့ မိဘနှစ်ပါးပါ နိုင်ငံသားဖြစ်ကြောင်း သက်သေ အထောက် အထား ပြရမယ်လို့ ပြောလာတယ်။ ကျနော်တို့ကတော့ မိဘနှစ်ပါးက နိုင်ငံသားဖြစ်တဲ့ အပေါ်မှာ ဘာမှသံသယ မရှိပါဘူး။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး လွှတ်တော်ရွေးကောက်ပွဲမှာကတည်းက ကျနော် တို့က ရွေးချယ်ခံခွင့်လည်း ရှိခဲ့တယ်။ မဲပေးခွင့်လည်း ရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲအထိ ကျနော်တို့ကို အမျိုးသား မှတ်ပုံတင်မရှိှလို့၊ နိုင်ငံသားကတ် မရှိလို့ဆိုပြီး ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ မပြောခဲ့ဘူး။
အခု ၂၀၁၅ ရွေးကောက်ပွဲ လုပ်မယ်ဆိုမှ ကျနော်တို့ကို ရွေးချယ်ခံပိုင်ခွင့် မရှိဘူးဆိုပြီး ပယ်ချလိုက်တယ်။ ကျနော်တို့ ပါတီက ရခိုင်ပြည်နယ်မှာ ၁၁ ဦး၊ ရန်ကုန်တိုင်းမှာ ၇ ဦး ကိုယ်စားလှယ်လောင်း တင်ခဲ့တာ ရခိုင်မှာ အကုန် အပယ်ခံရတယ်။ ရန်ကုန်မှာက ၆ ဦး အပယ်ခံရတယ်။ အဲဒီထဲက ရန်ကုန်က ကမန်လူမျိုးတဦးကတော့ အယူခံ မဝင်တော့ဘူး။ ကျန်တဲ့ ရခိုင်နဲ့ ရန်ကုန်က ၁၆ ဦး အယူခံ ဝင်ရာမှာလည်း ၁၅ ဦးကို ပယ်ချကြောင်း အကြောင်းပြန်လာတယ်။ တယောက်ကိုတော့ အကြောင်းမပြန်သေးပါဘူး။
ဒီကိစ္စက ကျနော်တို့ရဲ့ သမိုင်းကြောင်းမှာ တော်တော် အရေးကြီးတဲ့ အပြောင်းအလဲ ဖြစ်နေပြီး နှစ်ပေါင်း ၇၀ လောက် ဒီနိုင်ငံမှာနေ လာပြီးမှ အခု နိုင်ငံသား မဖြစ်ဘူးဆိုတာက လူမျိုးတခုလုံးကို ထိခိုက်စေပါတယ်။ ကျနော်တို့လည်း တော်တော်စိတ်မကောင်း ဖြစ် တယ်။
မေး။ ။ ဦးကျော်မင်းတို့ ပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ဘာကြောင့် ပယ်ချခဲ့တာပါလဲ။
ဖြေ။ ။ ခရိုင် ကော်မရှင်ကရော၊ ပြည်နယ်ကော်မရှင်ကပါ ပယ်ချခဲ့တဲ့ အဓိက အကြောင်းက မိဘနှစ်ပါးက နိုင်ငံသား ကတ် ကိုင် ဆောင် ထားခြင်း မရှိတဲ့အတွက် လူကြီးမင်းတို့ရဲ့ ကိုယ်စားလှယ်လောင်းအဆိုပြုလွှာကို ပယ်ချလိုက်တယ်လို့ပဲ ပြောတယ်။ အားလုံး ကို အကြောင်းပြချက်က ဒီအတိုင်းပဲ။ ကျနော်တို့သိထားတာက ဒီနိုင်ငံမှာ နိုင်ငံသားကတ်ကိုင်ဆောင်ထားတာ တယောက်မှမရှိသေး ဘူး။ အားလုံးက နိုင်ငံသား စိစစ်ရေးကတ်ပဲ ရှိကြတယ်။ နိုင်ငံသား လက်မှတ်ဆိုတာ လ.ဝ.က နည်းပဒေတွေ အရ ပုံစံ ၆ ကို ပြော တာ။ အခု ရထားတဲ့ ပန်းရောင်ကတ်က ပုံစံ ၆ (က) ပဲ ရှိသေးတယ်။
ကျနော်တို့ အိမ်ထောင်စု ဇယားတွေ၊ ကျောင်းတက်တာတွေမှာလည်း အမျိုးသားမှတ်ပုံတင် နံပါတ်တွေနဲ့ပဲ အားလုံး လုပ်ခဲ့ကြတာပဲ။ အင်္ဂလိပ်ခေတ်မှာ အမျိုးသား မှတ်ပုံတင်ကတ်လည်း မရှိဘူး။ နိုင်ငံသားကတ်လည်း မရှိခဲ့ဘူး။ ကျနော် အသက် ၇၀ ရှိပြီ။ ကျနော့် အဖေတွေ၊ ဘိုးဘွားတွေ မှတ်ပုံတင် ပြန်ထုတ်ပေးပါဆို ကျနော်ဘယ်က သွားထုတ်ရမလဲ။ ဒါဟာ ယုတ္တိဗေဒ မကျဘူး။ တခြား အခွန် ဆောင်တာတို့၊ အထောက်အထားတို့ ဆိုရင်တော့ ပြလို့ရတာပေါ့။ အယူခံ ပြန်တင်တော့လည်း ဒီလို အချက်အလက်တွေ တင်ပြ ခဲ့ပေမယ့် သူတို့က မစဉ်းစားတော့ ကျနော်တို့ ဘယ်လိုပြောရမှန်း မသိတော့ဘူး။
အခု လွှတ်တော်မှာ ရောက်နေသူတွေ၊ ခေါင်းဆောင်တွေရဲ့ မိဘ၊ ဘိုးဘွားတွေလည်း အမျိုးသား မှတ်ပုံတင်ပဲ ကိုင်ကြတာပဲ။ အရင် ခေတ်ကဆို ဘာကတ်မှ မရှိကြပါဘူး။ အဲဒီတော့ အမျိုးသားမှတ်ပုံတင် ကိုင်တဲ့သူက နိုင်ငံသား မဟုတ်ဘူးဆိုရင် ဒီလူတွေရဲ့ မိဘ၊ ဘိုးဘွားတွေကိုရော နိုင်ငံသား ဖြစ်တယ်လို့ ဘယ်လိုပြောမလဲ။ အဲဒီတော့ နိုင်ငံသားဆိုတာ ဥပဒေအရ မဟုတ်ဘဲ လူမျိုးအရ၊ ရုပ် သဏ္ဌာန်အရ ဆုံးဖြတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး။
မေး။ ။ အခုလို ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတဲ့အတွက် ဦးကျော်မင်းတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေအပေါ် ဘယ်လို ဆုံးရှုံးမှုတွေ ဖြစ်လာပါလဲ။
ဖြေ။ ။ ဒါက ပေါ်လွင်နေတာပဲ။ ကျနော်တို့ လျှောက်လွှာတွေမှာ ရိုဟင်ဂျာလို့ထည့်ရင် အစိုးရက ပယ်ချနိုင်တယ် ဆိုပြီးတော့ ကျနော်တို့တွေအားလုံး ကမန်၊ မြန်မာ/အစ္စလမ် စသည်ဖြင့် သူ့ဟာနဲ့သူ ထည့်ပြီး လျှောက်ကြရတာ။ ဒါပေမယ့် ကော်မရှင်က ဒီလူတွေရဲ့နေရာတွေ နာမည်တွေကို ကြည့်ပြီးပယ်လိုက်တာပဲ။ ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်တဲ့ လူမျိုးရေး ခွဲခြားမှုပဲ။ လူမျိုးတိုင်းက ကိုယ် စား ပြုခွင့် ရှိရမယ်။ ပိတ်ပင်တာမျိုး မရှိရဘူး။ အခု ကျနော်တို့ လူမျိုးစုကို ကျနော်တို့ ကိုယ်စားပြုခွင့်မရအောင် စီမံနေတဲ့ ပုံစံပဲ ဖြစ် တယ်။ ကျနော်တို့က တခါမှ မရဘူးတဲ့ အခွင့်အရေးတွေကို တောင်းဆိုတာ မဟုတ်ပါဘူး။
ကျနော်တို့ သုံးသပ်တာက လူမျိုး၊ ဘာသာဆိုတာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။ နိုင်ငံ့အရေးအတွက် ဒီနိုင်ငံမှာရှိတဲ့ လုပ်အားရှင် အားလုံး ပါဝင်သင့်တယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်း၊ ဉာဏ်ရည်တွေကို အသုံးချနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အခု ကျနော်တို့ကို ပယ်ချခဲ့တဲ့အတွက် “မင်းတို့က နိုင်ငံသားတွေ မဟုတ်ဘူး။ မကြာခင် မင်းတို့ ထွက်သွားရတော့မှာ” ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ကြားရပါတယ်။ တနည်းအားဖြင့်လည်း ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်တယ်လို့ ကျနော် မြင်ပါတယ်။
မေး။ ။ ဦးကျော်မင်း အနေနဲ့ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ဘယ်လို ပြောရမလဲ၊ မကောင်းဘူးပေါ့။ တိုင်းပြည်အတွက် မကောင်းဘူး။ နိုင်ငံတကာက နိုင်ငံကို မျက်စိ ဒေါက်ထောက် ကြည့်နေတာ။ စစ်မှန်တဲ့ ဒီမိုကရေစီ ဆိုတာမှာ တိုင်းပြည်မှာရှိတဲ့ လူမျိုးစုအားလုံး တူညီမျှတတဲ့ အခွင့်အရေး ရသလား။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို နှစ်ဖက်အဖွဲ့တွေ လက်ခံနိုင်တဲ့ ပုံစံနဲ့ လုပ်နေတာ လား။ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေ လုပ်နေသလားဆိုတာ သူတို့က စောင့်ကြည့်နေတာပဲ။ သူတို့ရဲ့ စံနှုန်းတွေထဲမှာ မဝင်ဘူးဆိုရင် ကမ္ဘာက မကူညီတော့ဘူး။ အဘက်ဘက်က ဖွံ့ဖြိုးမှုတွေ နိမ့်ကျနေတဲ့ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုတာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ မပါဘဲ မဖြစ်နိုင်ဘူး။
အခု ရခိုင်တွေမှာ အထူးသဖြင့် လူငယ်တွေမှာ နိုင်ငံရေး အတွေးအခေါ်တွေက ပြောင်းသွားပြီ။ ဒီလူတွေကို နှင်ထုတ်မှ ရမယ်။ ဒီလိုပဲ ဖြစ်နေတာ။ သူတို့နဲ့အတူ ငြိမ်းချမ်းစွာ ပြန်လည်နေထိုင်ဖို့ကို မတွေးတော့ဘူး။ အခုအစိုးရ လုပ်လိုက်တာက ဒါကို မြှောက် ပေး နေသလို ဖြစ်နေတယ်။ လက်ရှိ ဒီမိုကရေစီဆိုတဲ့ခေတ်မှာ ဒါကို မထိန်းနိုင်ရင် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု မရှိဘူး။ စီးပွားရေး တွေ ထိခိုက်မယ်။ ကျနော်တို့ကတော့ တဦးနဲ့တဦး မှီခိုပြီးတော့ သင့်သင့်မြတ်မြတ်ပဲ နေချင်တယ်။ ခေါင်းဆောင်လုပ်နေသူတွေကတော့ အမြော်အမြင်ကြီးတဲ့သူတွေပဲ။ အခုလို လုပ်နေတာက ရည်ရွယ်ချက်တခုနဲ့ လုပ်နေတယ်လို့ပဲ ထင်တယ်။ ဒီမိုကရေစီခေတ် မှာ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။ လူတစုရဲ့ လူ့အခွင့်အရေးကို ပိတ်ပင် တားဆီးတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။
မေး။ ။ အယူခံဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ထပ်ပယ်ချ ခံထားရတော့ ဦးကျော်မင်းတို့ ဘယ်လို ဆက်လုပ်သွားဖို့ စီစဉ်ထားပါလဲ။
ဖြေ။ ။ ကျနော်တို့ပါတီ တာဝန်ရှိသူတွေ အစည်းအဝေးတွေမှာ ညှိနှိုင်းပြီး ဆက်လုပ်သင့်တာတွေကို ဆက်ပြီး လုပ်သွားရမှာပါ။ အဓိကအနေနဲ့ ကော်မရှင်က မှားသလား။ ကျနော်တို့က မှားသလား ဆိုတာကို ဗဟိုအစိုးရက စိစစ်ပြီး ဆုံးဖြတ်ပေးလို့ရအောင် ကျနော်တို့က ဗဟိုအစိုးရကို စာတင်ပြဦးမယ်။ အဲဒီမှာမှ ခရီး မရောက်သေးရင်တော့ ဘာဆက်လုပ်ရမလဲ ဆိုတာ ကြိုပြောဖို့ ခက်နေပါသေးတယ်။
မေး။ ။ ပါတီမှတ်ပုံတင် ဥပဒေအရ ပါတီတခုက အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာ မပြိုင်ရင် ပါတီဖျက်သိမ်းရမယ် ဆိုတော့ ဦးကျော်မင်းတို့ ပါတီအနေနဲ့ အဲဒီအပေါ် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါလဲ။
ဖြေ။ ။ အဲဒါနဲ့ပတ်သက်လို့ ပါတီမှတ်ပုံတင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေမှာတော့ ပါတီတခုဟာ ရွေးကောက်ပွဲကို အနည်း ဆုံး ကိုယ်စားလှယ်လောင်း ၃ ဦး ပါဝင်ယှဉ်ပြိုင်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် ပါတီဖျက်သိမ်း ခံရမယ်ပေါ့။ အခု ဦးတို့ပါတီရဲ့ ကိုယ်စား လှယ်လောင်း အားလုံးနီးပါးကို ပယ်ချလိုက်တယ်ဆိုတော့ ပါတီကို မရပ်တည်စေချင်လို့၊ ဖျက်သိမ်း စေချင်လို့လား။ တိုက်ဆိုင်မှုပဲ လား။
ဒါမှမဟုတ် ဦးတို့အားလုံးက နိုင်ငံခြားသားမို့လို့လား ဆိုတာ ဗဟိုအစိုးရက ဆုံးဖြတ်ပေးသင့်တယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီ လို ဖြစ်လာရင်တော့ အယူခံဖို့ ရှိတယ်။ အဲဒါမှ မရရင်တော့ တရားပြန်စွဲဖို့ပဲ ရှိတော့တယ်။ အခုတော့ ကျနော်တို့မှာ ဘယ်လိုအကြောင်းပြချက် ဘယ်လိုလုပ်ဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ ကျနော်တို့ စိုးရိမ်နေတယ်။
မေး။ ။ ဦးကျော်မင်းတို့ ပါတီက ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းကရော ဘယ်မဲဆန္ဒနယ်က ဝင်ပြိုင်မှာပါလဲ။
ဖြေ။ ။ ပါတီက ကိုယ်စားလှယ်လောင်း ၁၈ ဦးတင်တာမှာ ၁ ဦးပဲ ပြိုင်ခွင့်ရတယ်။ သူက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အတွက် ပန်းပဲတန်းမြို့နယ်ကနေ ဝင်ပြိုင်မယ့် ဒေါ်ကျိုကျိုဝင်း၊ သူတဦးပဲ ရှိတယ်။ နောက်တဦးကတော့ ပန်းပဲတန်းကပဲ ဒေါ်ချိုချို၊ သူ့ကိုတော့ အယူခံ ပြန်ဝင်ထားတာ ပယ်မပယ်က တရားဝင် မထုတ်ပြန်ပေးသေးဘူး။ ကျနော်တို့ကတော့ သူ့ကိုလည်း အတည်ပြုတယ်လို့ ယူဆထားတယ်။ ဒီ နှစ်ယောက်တည်း ရှိရုံနဲ့တော့ ပါတီက ရပ်တည်လို့ မရဘူး။
မေး။ ။ ဦးကျော်မင်းအနေနဲ့ရော လာမယ့်ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်မယ်လို့ ထင်ပါလား။
ဖြေ။ ။ အခု ကိုယ်စားလှယ်လောင်း ပယ်ချမှုတွေ ရှိနေတယ်။ အဲဒါတွေကို ခိုင်လုံတဲ့ ဥပဒေကြောင်းလည်း မပြနိုင်ရင် ဘယ်လို လုပ်ပြီးတော့ တရားမျှတမှု ရှိမလဲ။ လွတ်လပ်မှု ရှိမလဲ။ သိသာမြင်သာ မရှိဘဲ တဖက်သတ် ဖြစ်သွားမယ်လို့ မြင်တယ်။ အစိုးရက လုပ်တာ မဟုတ်ဘူး၊ ကော်မရှင်က လုပ်တာလို့ ပြောချင်ပြောမယ်။ ကျနော်တို့ မြင်တာတော့ အစိုးရလည်း ကော်မရှင်၊ ကော်မရှင် လည်း အစိုးရပဲ။ အစိုးရခန့်တဲ့သူပဲ ကော်မရှင် ဖြစ်နိုင်တာကိုး။ အခုလည်း တဝက်လောက် ပါနေတာပဲ။
မေး။ ။ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမယ့် အပေါ်ရော ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ပြောရရင် အများကြီးပဲ။ မြန်မာပြည် အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲ ပါသွားတာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလို့ပဲ။ မမှန်ကန်တဲ့ အုပ်ချုပ်မှုတွေကြောင့်ပေါ့။ အခု အဲဒီလူတွေကပဲ ဆက်ပြီးတော့ ဒီတိုင်းပြည်ကို အုပ်ချုပ်နေမယ်ဆိုရင် ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်ဖို့ အခြေအနေ သိပ်မရှိဘူး။ နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲ၊ ဦးနှောက်အပြောင်းအလဲ မြန်မာနိုင်ငံမှာ ရှိဖို့ လိုတယ်။ အပြောင်း အလဲ မရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး။ ဒါကို လူထုကပဲ ရွေးချယ်ရမယ်။ ဒီလို ရွေးချယ်တဲ့နေရာမှာ လူထုနဲ့ ထိုက်တန်တဲ့ အစိုးရ ကို ရလာမှာပေါ့။
မေး။ ။ လက်ရှိနိုင်ငံရေး အခြေအနေ အပေါ်မှာရော ဦးကျော်မင်း ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ နိုင်ငံရေးက ဘယ်လိုလာဦးမယ်ဆိုတာ ပြောဖို့က စောနေပါသေးတယ်။ နိုင်ငံရေးသမားတွေထဲမှာလည်း စစ်မှန်သော ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်ချင်သူရှိသလို မိမိအာဏာ ရရှိရေးအတွက် ကြိုးစားတဲ့ နိုင်ငံရေးသမားလည်း ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီလို အုပ်စုကများရင် နိုင်ငံရေး အပြောင်းအလဲက ဖြစ်မလာနိုင်ဘူး။ နိုင်ငံအတွက် အကျိုးရှိတာကိုပဲ ငါတို့လုပ်သွားမယ်ဆိုရင် အကောင်းဆုံးပေါ့။ အခုလောလောဆယ်တော့ နေရာမရခင် ပြောတာက တမျိုး၊ နေရာရပြီးသွားရင် ပြောတာကတမျိုးပဲ ဖြစ်နေသေး တယ်။
မေး။ ။ ဦးကျော်မင်း ကိုယ်တိုင်ရော ဘယ်မြို့နယ်ကနေ ဝင်ပြိုင်ဖို့ စာရင်းပေးခဲ့တာပါလဲ။
ဖြေ။ ။ အရင်တုန်းက ၁၉၉၀ ခုနှစ်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြိုင်ခဲ့တာ။ အခု ၂၀၁၅ မှာလည်း ဘူးသီးတောင်မြို့နယ်ကနေပဲ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း တင်ခဲ့တာ။ အခုတော့ ပယ်ချခံခဲ့ရတယ်။ ကျနော်တို့က နိုင်ငံခြားသားဆို ဘာလို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ခွင့်ရပြီး အနိုင်ရတာပါလဲ။
အခု သူတို့က အဲဒီတုန်းက သေချာမစိစစ်ခဲ့ရလို့ပါလို့ ပြောတယ်။ ဒါက မဖြစ်နိုင်ပါဘူး။ အဲဒီတုန်းက စိစစ်ခဲ့တာက မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့် စစ်ဆေးပြီးမှ အတည်ပြုပါသည် ဆိုပြီး ပေးခဲ့တာပါ။ ပေးနိုင်တဲ့ ဥပဒေလည်း ရှိတယ်။ မပေးချင်လည်း ဥပဒေ ကို အဓိပ္ပာယ် ဖွင့်ဆိုတဲ့နေရာမှာ မူတည်ပါတယ်။
မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတယ် ဆိုတာက ပြည်နယ်အဆင့်က ပယ်တာပဲ။ ဥပဒေမှာတော့ ပြည်နယ်က ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည် ဖြစ်တယ်ဆိုတာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးကိစ္စ ဆိုတာ ဘယ်အခါမှ နောက်ဆုံး ဆိုတာ မရှိဘူး။ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။
ကျနော်တို့ ကိစ္စကို ဗဟိုကော်မရှင်က ပြန်ပြီးတော့ သုံးသပ်ရင် အမှုတွဲတွေကို ပြန်ပြီးတော့ လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက် တခု ခု ပေးရင် ရနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပါတီက ကိုယ်စားလှယ်တွေ ပယ်ချခံရတာက ဥပဒေကြောင်းထက် လူမျိုးရေးနဲ့ ပေါ်လစီ ပိုင်း ကို အခြေခံတယ်လို့ ကျနော်တို့ ပြောနိုင်တဲ့ အထောက်အထား ရှိတယ်။ အဲဒါကို ပြင်ဆင်ပေးပါ။ ကျနော်တို့ လုပ်မယ်။ လုပ်လို့ရနိုင်တဲ့ အထိ ကျနော်တို့က ဆက်လုပ်သွားမယ်။ ။