၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်တွင် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင် ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးဇင်အောင် အား ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ထွန်းထွန်းက တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲကို မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက် ဝင်ပြိုင်မှာပါလဲ။
ဖြေ။ ။ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တခုတည်း အနေနဲ့တော့ ၄ ကျနော် ဝင်ပြိုင်မှာပါ။ ဒါပေမယ့် အခု လူ့ဘောင် သစ် နာမည်နဲ့ပဲ ပါတီ ၃ ခု ရှိနေတော့ အားလုံးကို ပြန်ပေါင်းစည်းနိုင်ဖို့ လုပ်နေပါတယ်။ အဲဒီအတွက် အားလုံးခြုံပြောရရင် လူ့ဘောင်သစ် အနေနဲ့ ကိုယ်စားလှယ်လောင်း ၄၀ ကျော်လောက် ရှိပါတယ်။
မေး။ ။ ရွေးကောက်ပွဲ အတွက် ပါတီက ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။
ဖြေ။ ။ ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးရုံးတော့ ဖွင့်ပြီးပါပြီ။ အခုလောလောဆယ်တော့ ပါတီကြီးတွေက သူ့ထက်ငါ အပြိုင် ကျဲနေကြတဲ့ အချိန်မှာ ကျနော်တို့ကတော့ ခဏတိတ်နေရတဲ့ပုံစံ ဖြစ်နေတယ်။ နောက်တပတ်လောက် ဆိုရင်တော့ ကျနော်တို့ပါတီ ရဲ့ မဲဆွယ်စည်းရုံးမှုတွေလည်း စတော့မှာပါ။ ပါတီ စည်းရုံးရေးကတော့ တောက်လျှောက် လုပ်လာတာပါပဲ။
မေး။ ။ ပြည်သူလူထုအတွက် ပါတီအနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့ပြီးပါလဲ။
ဖြေ။ ။ ကျနော်တို့ပါတီက ၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်ကာ ကျနော် လှုပ်ရှားခဲ့တဲ့ သမိုင်း ကြောင်းတွေလည်း ရှိပြီးသားပါ။ နောက်ပြီး တလျှောက်လုံးမှာလည်း ပညာရေး ပြောင်းလဲရေးအတွက် သမဂ္ဂအဖွဲ့အစည်း တွေနဲ့ လှုပ်ရှားခဲ့တာတွေ၊ အလုပ်သမားတွေအတွက် လှုပ်ရှားခဲ့တာတွေစတဲ့ သမိုင်းကြောင်းတွေ အများကြီး ရှိပါတယ်။ အဓိက က တော့ ကျနော်တို့ပါတီက ပြည်သူတွေဘက်ကပဲ ရပ်တည်ပြီး လှုပ်ရှားခဲ့သလို နောက်လည်း ဒီအတိုင်းပဲဆက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ရော ဘယ်လိုသဘောထား ရှိပါလဲ။
ဖြေ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ကိုပြင်ရမှာပါပဲ။ ပြင်စရာတွေလည်း အများကြီးပါ။ ကျနော်တို့ ပါတီအနေနဲ့ အဓိက အချက်ကတော့ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ ကိစ္စကို ဘယ်လိုလျှော့ချနိုင်မလဲ။ ဘယ်လို ပယ်ဖျက်ရမလဲပေါ့။ နောက်တချက်က တိုင်းရင်းသား ဒေသတွေဖြစ်တဲ့ ပြည်နယ်တွေ၊ တိုင်းဒေသတွေကို ဗဟိုချုပ်ကိုင်မှု အာဏာကို ဘယ်လိုခွဲဝေပေးရမလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
မေး။ ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ရော ဘယ်လိုသဘောထား ရှိပါလဲ။
ဖြေ။ ။ ကျနော်တို့လည်း ငြိမ်းချမ်းရေး အစည်းအဝေးတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီကိစ္စမှာက ရိုးသားမှုရှိဖို့ လိုတယ်။ ငြိမ်းချမ်း ရေးကို လိုချင်တာ မှန်ပေမယ့် ရွေးကောက်ပွဲအတွက် အသုံးချတဲ့ ပုံစံမျိုးဆိုရင်တော့ လက်မခံပါဘူး။ ငြိမ်းချမ်းရေး အပေါ်မှာ နိုင်ငံရေး လှုပ်ရှားဖို့ ကိုယ့်အတွက်လုပ်ကြတဲ့ပုံစံမျိုး ဆိုရင်တော့ ဆင်ခြင်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ လက်ရှိလည်း ဝန်ကြီးတယောက် ဖြစ်နေတဲ့ ဦးအုန်းမြင့်နဲ့ မဲဆန္ဒနယ်တခုတည်းမှာ ယှဉ်ပြိုင်ကြရမယ့်အပေါ် ဘာများပြောချင်ပါလဲ။
ဖြေ။ ။ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆို လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဘယ်လောက် ပေးဆပ်ခဲ့သလဲဆိုတဲ့ သမိုင်းအပေါ်မှာ ပြည်သူက စစ်မှာပါ။ ကျောက်တန်း ဆိုတာကလည်း တကယ့်ကို သမိုင်း အစဉ် အလာ ရှိခဲ့တဲ့နေရာပါ။ ဘယ်သူတွေက ပြည်သူတွေဆီက ဘာတွေ ရယူထားပြီးပြီလဲ။ ဘယ်သူတွေက ပြည်သူတွေအတွက် ပေးဆပ်ခဲ့ပြီးပြီးလဲ ဆိုတာတွေကို ပြည်သူတွေက ကြည့်မယ်ဆိုရင် အားလုံးကို ကျနော့်အနေနဲ့ ယှဉ်နိုင်ပါတယ်။ ကြံ့ခိုင်ရေး ပါတီက ဝင်ပြိုင်မယ့် ဝန်ကြီး ဦးအုန်းမြင့်နဲ့လည်း ယှဉ်နိုင်ပါတယ်။ သမိုင်းကြောင်းကို ရိုးရိုးလေးပဲ ယှဉ်ကြည့်လိုက်ရင်တောင် ပြည်သူလူထုက မဲပေးမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ရွေးကောက်ပွဲက လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ရော ယုံကြည်ပါလား။
ဖြေ။ ။ အခုအခြေအနေ အတိုင်းကတော့ ဘယ်လိုမှတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူး။ မဲစာရင်းတွေ မှားနေတယ်။ မဲမပေးရတဲ့သူတွေလည်း အများကြီး၊ ပြည်သူတယောက်က အသက် ၁၈နှစ်ပြည့်လို့ မဲပေးချင် ပေးခွင့်ရှိရမယ်။ အင်အားကြီး ပါတီ တွေကတော့ မဲစာရင်း မပါတဲ့သူတွေကို တအိမ်တက် တအိမ်ဆင်းလိုက်ပြီး ငါတို့ကိုမဲပေး၊ မဲစာရင်းမှာ ပါအောင်လုပ်ပေးမယ်ဆိုပြီး လိုက်လုပ်နိုင်တယ်။ ကျနော်တို့လို ပါတီကျတော့ သူတို့လိုလည်း မလုပ်နိုင်ဘူး။ အဲဒီတော့ သူတို့ကို မထောက်ခံတဲ့သူတွေက မဲပေး ခွင့် ဆုံးရှုံးနိုင်တယ်ဆိုတာကို ပြောချင်တာ။ ပြည်သူတယောက် မဲပေးခွင့် မရလိုက်ရင်တော့ ဒါအခွင့်အရေး ချိုးဖောက်ခံရတာပါပဲ။ မဲပေးရမယ့်နေ့မှာ မဲပေးခွင့်ရှိတဲ့သူတယောက် မဲပေးခွင့် မရခဲ့ရင် ကျနော်တို့က ဆန္ဒပြသင့်ရင် ပြရမှာပဲ။
မေး။ ။ ဦးဇင်အောင်အနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဆိုတာကို အထောက်အထား ပြနိုင်ရင်တော့ ဆန့်ကျင်ပစ်ရမှာပဲ။ မဲပေးခွင့် ရှိသူတိုင်း ဟာ မဲစာရင်းမှာ မပါရင်တောင် ကိုယ်တိုင်မှန်ကန်ကြောင်း အာမခံချက်နဲ့ မဲပေးနိုင်ရမယ်။ မဲပေးခွင့် မရရင်တော့ ဆန္ဒထုတ်ဖော်ပြီး တရားမျှတမှု မရှိတာကို ထုတ်ဖော်ပြရမှာပဲ။ ။