၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများထဲတွင် ပါတီအသီးသီးမှ လူငယ် နိုင်ငံရေးသမား များစွာ ပါဝင်လာရာ ထိုသူများထဲတွင် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီမှ အသက် ၂၆ နှစ် အရွယ် ကိုသူရိန်ရွှေလည်း တဦး အပါ အဝင် ဖြစ်သည်။ သူ ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မှာ ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မှ ဖြစ်ပြီး အဓိက ယှဉ်ပြိုင် ရမည့်သူမှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လက်ရှိ ဒုတိယ သမ္မတ ဖြစ်သူ ဦးဉာဏ်ထွန်းနှင့် ဖြစ်သည်။ ထို့ ကြောင့် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်တချို့နှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှု အခြေအနေတို့ကို ပဲခူး အခြေစိုက် ဧရာဝတီ သတင်းထောက် ထက်ဦးကျော်က သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။
ဖြေ ။ ။ ကျနော် ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးနဲ့ ပတ်သက်တဲ့ဗျူဟာတွေကို ကျနော့် အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ ကမ်ပိန်း မန်နေဂျာပေါင်းပြီး ရွေးကောက်ပွဲဗျူဟာလည်း ဆွဲပြီး သွားပါပြီ။ အောင်နိုင်ရေးအဖွဲ့လည်း ဖွဲ့ပြီးသွားပါပြီ။
မေး ။ ။ ကိုသူရိန်ရွှေရဲ့ ပြိုင်ဘက်က ဒုသမ္မတဖြစ်နေတော့ ဘယ်လို ယှဉ်ပြိုင်သွားဖို့ ရှိလဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော်သုံးမယ့် နည်းလမ်းလေးတွေ ပြောချင်တယ်။ အောင်နိုင်ရေးအဖွဲ့ကို လူငယ်လေးတွေနဲ့ ဖွဲ့မယ်။ နောက်တခုက ကျနော်က နာမည်ကြီးပြီးသား လူတယောက် မဟုတ်ဘူး။ သိပ်ကျော်ကြားတဲ့လူလည်း မဟုတ်ဘူး။ ဇီးကုန်းမြို့ အ တွက်ဆို ကျနော်က မြို့ခံ မဟုတ်ဘူး။ ကျနော်က ဟောပြောပွဲကြီးတွေ လုပ်လို့မရဘူး။ ဘာလို့ဆို ကျနော် ဟောပြောပွဲ လုပ်ရင် ဘယ်သူမှန်း မသိတဲ့အတွက် လာနားထောင်တဲ့လူ ရှိမှာ မဟုတ်ဘူး။
ဒီတော့ ကျနော့် မဲဆန္ဒရှင်တွေကို ပေးဖို့ message တွေကို ဘယ်ကနေပေးရမလဲဆိုပြီး စဉ်းစားတဲ့အခါမှ ပထမတဆင့် တအိမ် တက်ဆင်း လိုက်တွေ့မယ်။ နောက်ပိုင်း ဖုန်းနံပါတ်လေးတွေလည်း တအိမ်တလုံး တယောက်တလုံး နီးပါး ရှိနေပြီဆိုတော့ တအိမ် တက်ဆင်းသွားရင်းနဲ့ ဖုန်းနံပါတ်တွေ ယူလာမယ်။ ကျနော် လုပ်မယ့် အကြောင်းလေးတွေကို ဖုန်းကနေ ပြောသွားမယ်။ နောက်တ မျိုးက လက်ကမ်း စာစောင်လေးတွေ ဝေခြင်းအားဖြင့် ကျနော့် အကြောင်းလေးတွေ ရွေးကောက်ပွဲပြီးရင် ဘာလုပ်မယ် ဆိုတာလေး တွေနဲ့ ဝေသွားမယ်။ နောက်မြင်သာထင်သာရှိတဲ့ နေရာတွေ ကပ်မယ်။ လုပ်တဲ့နေရာမှာလည်း အရင် လုပ်နေကျ ရှေးရိုးစွဲ ပုံစံတွေ အတိုင်း မဟုတ်ဘဲ ပိုပြီး အသက်ဝင်အောင် လုပ်သွားမယ်။ စတက်ကာ ကမ်ပိန်းလေးတွေလည်း လုပ်သွားမယ်။ အဲဒီကိစ္စတွေလုပ်ဖို့ အတွက် ကျနော့်မှာ အချိန်၊ ငွေ၊ လူ ဘယ်လောက်ရှိလဲပေါ် မူတည်ပြီး စဉ်းစားထားတယ်။
မေး ။ ။ မြို့ခံမဟုတ်ဘဲ ဘာလို့ ဇီးကုန်းမြို့နယ်ကို ရွေးချယ်ရတာလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲဝင်ရတဲ့ ကျနော့်ရဲ့ အဓိက ရည်ရွယ်ချက်က မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲသည် ဘယ်လိုလဲဆိုတာ သူတို့ကို မြင်စေချင်တယ်။ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ အခန်းကဏ္ဍတွေကို သိစေချင်တယ်။ ဘယ်လိုနည်းတွေနဲ့ သိစေချင် တာလဲဆိုရင် ကျနော်က သာမန်ပိုစတာကပ်၊ ဟောပြောပွဲလေးလုပ်၊ ရပ်ရွာမှာ သြဇာရှိတဲ့လူတွေကို ချဉ်းကပ်။ သူတို့တွေကနေ တဆင့် မဲပေးခိုင်း၊ သူတို့လိုတာလေးတွေ မဲဆွယ်ကာလမှာ ပေးလိုက်၊ အဲသလိုမျိုး ရွေးကောက်ပွဲတွေနဲ့ စာရင် သူ့ကို ရွေးချယ် လိုက်ရင် သူဘာလုပ်ပေးမလဲဆိုတဲ့ သူ့ရဲ့အစီအစဉ်ပေါ်မှာသာလျှင် ရွေးချယ်တင်မြှောက်တဲ့ ပုံစံလေးဖြစ်အောင် လုပ်ချင်တာ။ မဲလာဆွယ်တဲ့ လူတွေပြောတာကို ထိုင်နားထောင်နေရုံနဲ့ မပြီးဘူး။ တကယ်လုပ်နိုင်စွမ်းရှိရဲ့လား၊ လုပ်ရော လုပ်နိုင်လားဆိုတဲ့ အပြန်အလှန် မေးခွန်းထုတ်တာမျိုး လုပ်နိုင်အောင်လို့ ဒါကြောင့် ဒီရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲ ဝင်တာ။
မေး ။ ။ ရွေးကောက်ပွဲ ဝင်ဖို့အတွက် ဇီးကုန်းအပြင် အခြားဘယ်ဒေသတွေကို စဉ်းစားခဲ့ဖူးလဲ။
ဖြေ ။ ။ ပြည်သူ့ လွှတ်တော်အတွက် ကော့မှူးမဲဆန္ဒနယ်မှာ ဝင်ပြိုင်ဖို့ စဉ်းစားဖူးတယ်။ အဓိက ရည်ရွယ်ချက်က တတိုင်းပြည် လုံးကို message ပေးဖို့အတွက် ကျနော့်ကို တတိုင်းပြည်လုံး စိတ်ဝင်စားမယ့် နေရာမှာ ဝင်ပြိုင်မှ ရမယ်။ ကျနော့် အဓိက ရည်ရွယ် ချက်က ရှုံးခြင်း၊ နိုင်ခြင်းဆိုတာထက် ကျနော် ပေးချင်တဲ့ message ကို တနိုင်ငံလုံးက ရဖို့လေ။ ကော့မှူးကို ဘာလို့ ရွေးချင်တာလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်တယ်။ သေချာပေါက် ဒေါ်အောင်ဆန်းစုကြည် နိုင်မှာပဲ။ နိုင်ရင် ဘာလုပ် ပေးမယ်ဆိုတာ မဲဆန္ဒရှင်တွေကို မေးစေချင်တာ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောမှာပါ။ ဒါပေမယ့် ကျနော်က အသေး စိတ်ကို မေးချင်တာ။ ဒါမှတတိုင်းပြည်လုံးသိမှာ။ သူ့အတွက်ရော သူ့ပါတီအတွက်ရော ကောင်းမှာ။ တကယ်လို့ ကျနော့်လိုမျိုး သွားပြိုင်ပြီး မေးမယ့်လူသာ မရှိရင် သူပြောဖြစ်မှာ မဟုတ်ဘူး။ သူ့ကို ပြိုင်ဘက်တယောက်အနေနဲ့ ဝင်ပြီး မေးခွန်းတွေ မေးချင်တာ။ အဲလိုရည်ရွယ်ချက်နဲ့ ဝင်ပြိုင်ဖို့ စဉ်းစားဖူးတယ်။
မေး ။ ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုရော ဘယ်လိုအကြောင်းနဲ့ ရွေးချယ်ခဲ့တာလဲ။
ဖြေ ။ ။ သူတို့ကျနော့်ကို လာကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့အခါမှာလည်း ဇီးကုန်းမဲဆန္ဒနယ်ကို ပေးမယ်။ ဇီးကုန်း မဲဆန္ဒနယ် မှာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဝင်ပြိုင်မယ်ဆိုတာ သိရတယ်။ တနိုင်ငံလုံးကို သိစေချင်တယ်။ ကျနော်ဒီမှာ တပွဲလုပ်လိုက်တာနဲ့ တနိုင်ငံလုံး သိလာမယ်။ တချို့က ရှိတယ်။ လက်ရှိ အစိုးရအဖွဲ့က လူကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျေးဇူးတင်နေ တာ။ သူတို့က လျှပ်စစ်မီးတွေ ရအောင်၊ ကျောင်းရအောင်၊ လမ်းရအောင် လုပ်ပေးနေတယ်။ ဒါသူတို့ရဲ့ ဘဏ္ဍာငွေတွေ စိုက်ထုတ် ပြီး လုပ်ပေးနေတာ မဟုတ်ဘူး။ သူတို့ တာဝန် ကျေပွန်အောင် လုပ်ပေးနေတာသာ ဖြစ်တယ်။ ကျေးဇူးတင်စရာ မဟုတ်ဘူး။
သူတို့ လုပ်ဆောင်ချက်တွေထဲက မကြိုက်တာ မနှစ်သက်တာရှိရင် သူတို့ကိုခန့်အပ်စရာမလိုဘဲ နောက်ထပ် အသစ်ကို ခန့်အပ် နိုင်တာကို ရှင်းရှင်းလင်းလင်း သိစေချင်တယ်။ ဒါကြောင့် ကျနော် ရွေးကောက်ပွဲ ဝင်ပြိုင်တယ်။ ဒါကြောင့် ကျနော် ဇီးကုန်းကို ရွေးချယ်တယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီကို ရွေးချယ်ခဲ့တယ်။
မေး ။ ။ ပြိုင်ဘက်အင်အားစုတွေရဲ့ အခြေအနေကရော လက်ရှိမှာ ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကျနော် ပြိုင်ရမယ့် ပြိုင်ဘက် ၄ ခု ရှိတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လက်ရှိ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးသက်နိုင်ဦး၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဦးခင်မောင်ဝင်း၊ နောက် တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ။ သူတို့နဲ့ ပြိုင်ရမယ်။ အဲဒီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက တနိုင်ငံလုံးမှာ အားကောင်းတယ်။ နောက်တခုက ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ကျနော့်ရဲ့အဓိက ပြိုင်ဘက်။ သူ့ဇာတိလည်းဖြစ်တယ်။ မြို့ပေါ် မှာ သူပြန်ကြည့်ထားတယ်။ သူ့ဆွေမျိုး အသိုင်းအဝိုင်းလည်း တောင့်တယ်။ သို့သော် သူပြန်ကြည့်ထားတာ မြို့ပေါ်တင်ပဲ။ ဒီမှာက ကျေးရွာ အုပ်စု ၃၄ အုပ်စု ရှိတယ်။ မြို့ပေါ်က ၅ ရပ်ကွက်ပဲ ရှိတယ်။ ဒါကြောင့် ကျန်တဲ့ ၂၉ အုပ်စုက ကျေးရွာတွေ။ ဒီကျေးရွာ တွေကို အခြေပြုပြီး ကျနော် ဆောင်ရွက်သွားမယ်။
မေး ။ ။ ပညာရေးနဲ့ ပတ်သက်လို့ရော ဘာတွေဆည်းပူးခဲ့လဲ။
ဖြေ ။ ။ အင်္ဂလိပ်စာ အဓိကနဲ့ ဘွဲ့ရပါတယ်။ ဘွဲ့လွန်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ အတွက် ၁ နှစ်တက် ပြီးပါပြီ။ အခုရွေးကောက်ပွဲ ဝင်မှာမိုလို့ ထွက်လိုက်ရပါတယ်။
မေး ။ ။ အလုပ်အကိုင်အနေနဲ့ကရော ဘာလုပ်ပါလဲ။
ဖြေ ။ ။ အမေရိကန်စင်တာမှာရှိတဲ့ နိုင်ငံရေးသိပ္ပံကျောင်းလေးမှာ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူအဖြစ် ၂ နှစ်ကျော်ကျော် တာဝန်ထမ်းဆောင်ခဲ့တယ်။ ပြီးတော့ ကျနော့်ရဲ့အားလပ်ချိန်တွေမှာ မြန်မာနိုင်ငံခရစ်ယာန် ဓမ္မတက္ကသိုလ်မှာလည်း ပထမနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေကို စာသင်နှစ် ၂ နှစ် သင်ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့အခါမှာ အဲဒီအလုပ်တွေ အကုန်လုံးကို နားထားရပါတယ်။
မေး ။ ။ ရွေးကောက်ပွဲမှာ အနိုင်ရလို့ လွှတ်တော်ထဲကို ရောက်သွားခဲ့ရင် ဘာတွေကို အဓိကထားပြီး ဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ ရှိရင်းစွဲ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ ဖိနှိပ်နေတဲ့ ဥပဒေတွေ၊ တဦးတယောက်ချင်းရဲ့လွတ်လပ်ခွင့်ကို ဖိအားပေးနေတဲ့ ဥပဒေတွေကို ပြန်ပြင်မယ်။ နောက်ထပ်လည်း အဲသလိုမျိုး တဦးတယောက်ရဲ့အခွင့်အရေးကို ကန့်သတ်မယ့် လူ့အခွင့်အရေးကို ချိုးဖောက်မယ့် ဥပဒေတွေ ထပ်မထွက်လာအောင် လွှတ်တော်ထဲမှာ ကျနော်ကာကွယ်မယ်။ ပြီးရင် လူ့အခွင့် အရေးတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်အောင်ကြိုးစားမယ်။ ကျနော်တို့ရဲ့ပိုင်ဆိုင်ခွင့့် ကျနော်တို့ရဲ့ ကိုးကွယ် ခွင့် ကျနော်တို့ရဲ့ပြောရေးဆိုခွင့့် စတာတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ အရေးတကြီး လိုအပ်နေပြီ။ အဲဒီဥပဒေတွေ ပေါ်ထွက်လာအောင်ကျနော် ကြိုးစားမယ်။
မေး ။ ။ မဲဆန္ဒရှင်ပြည်သူတွေနဲ့တွေ့တဲ့ အခါမှာ ဘယ်လိုမျိုးကတိကဝတ်တွေ ပေးသွားမလဲ။
ဖြေ ။ ။ ကျနော်တွေ့ရတဲ့ မဲဆန္ဒရှင်တွေက ဥပဒေတွေဘာတွေဆိုတာထက် တကယ့် အခြေခံလူတန်းစားတွေနဲ့ တွေ့ရတယ်။ သူတို့ကို ဥပဒေတွေ ဘာတွေ သွားပြောလို့မရဘူး။ သူတို့စိုးရိမ်ပူပန်မှာက ဥပဒေတွေမဟုတ်ဘူး။ သူတို့ရဲ့ နေ့စဉ် စားဝတ်နေရေး၊ အဓိက စီးပွားရေး၊ သူတို့ သားသမီးတွေရဲ့ပညာရေး၊ သူတို့ စီးပွားရေးတွေကို အဓိကဆောင်ရွက်နိုင်မယ့် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး ဒါတွေ ဖြစ်မယ်။ မဲဆန္ဒရှင်တွေနဲ့တွေ့ရင် ကျနော် ဒါတွေပြောရမယ်။ တကယ်လည်း လိုအပ်တယ်။ တကယ်လည်း လုပ်ပေးရမယ်။ ဒီမှာ ရွာတွေ ဆင်းပြီးပြီ။ လမ်းလို့ခေါ်လို့မရတဲ့ လမ်းတွေ အသုံးပြုနေရတယ်။ လျှပ်စစ်မီးဆိုတာ မတွေ့ဖူးတဲ့ လူတွေ ရှိသေးတာ။ အဲ့ဒါတွေ ကျနော် လုပ်ပေးရမယ်။ အခြားပါတီတွေလိုလည်း မဲဆွယ်စည်းရုံးရေးကာလမှာ ဘာမှမပေးနိုင်ဘူး။
မေး ။ ။ ရွာတွေကို စဆင်းနေပြီဆိုတော့ ပြည်သူတွေရဲ့ ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှုကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကျနော်ထင်တာ မမှားဘူးဆိုရင် အခြားနယ်တွေနဲ့ ယှဉ်ရင် ကျနော်တို့ ဇီးကုန်းမြို့နယ်က အခြားနယ်တွေနဲ့ စာရင် မဆိုးဘူး။ ဘာဖြစ်လို့လဲဆိုရင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယသမ္မတ ထွက်ထားတဲ့နယ်ဆိုတော့ အလိုလိုနေရင်း ရွေးကောက်ပွဲ ရောဂါက တက်ပြီးသား။ အထွေအထူး တက်စရာ မလိုဘူး။
မေး ။ ။ မဲဆွယ်မှုတွေ စနေပြီဆိုတော့ သွားတဲ့နေရာမှာရော အခက်အခဲတွေ တွေ့ရလား။
ဖြေ ။ ။ အနှောက်အယှက်တော့ မရှိဘူး။ ဒါပေမယ့် ကျနော်သွားတဲ့ တောက်လျှောက်လုံးမှာတော့ သတင်းတပ်ဖွဲ့တို့ နယ်ထိန်း တို့ပေါ့လေ။ သူတို့တွေက ဆိုင်ကယ်တွေနဲ့ တောက်လျှောက်လိုက်တယ်။ တချို့ဆို ကျနော့်ကို ကိုယ်တိုင်တွေ့ပြီးတော့ ဘာပြော သလဲ၊ ဘာကိစ္စလဲ၊ အချိန်ဘယ်လောက်ကြာမှာလဲ။ လူဘယ်နှယောက်နဲ့ တွေ့မှာလဲ စသဖြင့်ပေါ့၊ မေးတာတွေတော့ ရှိတယ်။ ကျနော့်ဘက်ကတော့ ခုချိန်ထိ ထွေထွေထူးထူး စိတ်အနှောက်အယှက်တော့ မတွေ့သေးပါဘူး။
မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိလဲ။
ဖြေ ။ ။ ကျနော် ရွေးကောက်ပွဲဝင်ရတဲ့ အဓိက ရည်ရွယ်ချက်က ကျနော်တို့လူငယ်တွေဟာ ဒါမျိုး တိုင်းရေး ပြည်ရေးနဲ့ ပတ်သက်ရင် စွမ်းဆောင်နိုင်တယ်။ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းလည်း ရှိတယ်။ စွမ်းဆောင်ဖို့ သတ္တိလည်း ရှိတယ်။ အဲဒါကို တတိုင်းပြည်လုံးကို သိစေချင်တယ်။ လူငယ်တွေအနေနဲ့လည်း ကျနော်ကဲ့သို့ ဝင်ရောက် လုပ်ကိုင် ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုတယ်။
နောက်တခုက ကျနော် ဒီမှာ ရွေးကောက်ပွဲဝင်တယ်။ ပြိုင်ဘက် အင်အားကြီးနဲ့ တွေ့ရမယ် သိသိကြီးနဲ့ ဝင်တာ။ ကျနော် လူငယ် တွေကို ယုံတယ်။ ကျနော့်မှာ လူငယ်တွေရဲ့အကူအညီ အများကြီး လိုတယ်။ ကျနော့်ကို ဝိုင်းကူကြပါ။ ဒီပွဲမှာသာ ကျနော် အောင်အောင် မြင်မြင်ဆောင်ရွက်နိုင်တယ်ဆိုရင် ကျနော်တို့ လူငယ်တွေရဲ့အစွမ်းသတ္တိကို တနိုင်ငံလုံးက သိလာပါလိမ့်မယ်။ ဒီနေရာမှာ ကျနော်တို့ လူငယ်တွေရဲ့အစွမ်းသတ္တိ ကိုပြဖို့ အခွင့်အရေး ရလာပါပြီ။ ဝိုင်းဝန်းပြီးတော့ ကူညီကြပါ။