၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အသက်အကြီးဆုံး ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ အသက် ၇၉ နှစ်အရွယ် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်သိန်းက တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ဦးကျော်သိန်းအား ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ခံယူချက် သဘောထားနှင့် မဲဆွယ်စည်းရုံးရေး အခြေအနေများကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ထွန်းထွန်းက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ အရင် ရွေးကောက်ပွဲတွေတုန်းကရော ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါလား။
ဖြေ။ ။ မပြိုင်ဖူးပါဘူး။ ဒီတကြိမ် ပထမဆုံး ဝင်ပြိုင်တာပါ။ နိုင်ငံရေး ပါဝင်လှုပ်ရှားမှု အတွေ့အကြုံအနေနဲ့က ကျနော့် အသက် ၁၇-၁၈ နှစ် အရွယ်မှာပဲ ဖဆပလ နှစ်ခြမ်းကွဲတဲ့အချိန် ၁၉၆၀ ခုနှစ်မှာ ကျနော်က သန့်ရှင်း(ပထစ) အစိုးရအဖွဲ့မှာ လူငယ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ၁၉၉၃ ခုနှစ်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အပေါ် အသိအမှတ်ပြုရေး တောင်းဆိုမှုကြောင့် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခံခဲ့ရပြီး ၂၀၀၁ ခုနှစ်မှာ ပြန်လည် လွတ်ပေးခဲ့တာပါ။
မေး။ ။ ရွေးကောက်ပွဲကို တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာပါလဲ။
ဖြေ။ ။ တသီးပုဂ္ဂလဆိုတော့ ကျနော်ကိုယ်တိုင် ပြောလို့ရမယ်။ ပါတီနဲ့ဆိုရင် အများပြည်သူနဲ့ဆိုင်တဲ့ ကိစ္စတွေကို ပါတီက သဘောတူမှ တင်ပြရမယ်ဆိုတာတွေ ဖြစ်လာမယ်။ နိုင်ငံအတွက်ရော တဦးချင်း နစ်နာမှုတွေကိုပါ ကိုယ်စားပြုပြီး လွှတ်တော်မှာ တင်ပြပြောဆိုချင်လို့ တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ဖို့ ရွေးချယ်ခဲ့တာပါ။
မေး။ ။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါဦး။
ဖြေ။ ။ အဓိက ကတော့ နစ်နာနေရတဲ့ ပြည်သူတွေကို ကိုယ်စားပြုပြီး လွှတ်တော်မှာ ပြောရေးဆိုခွင့် ရရှိဖို့အတွက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေး ရရှိဖို့ပေါ့။ ကျနော့် အဖေတုန်းကလည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရင်ပဲ သေဆုံးခဲ့ရတာပါ။ ပြည်တွင်းငြိမ်းချမ်းရေး မရှိတဲ့အတွက် ကျနော်တို့နိုင်ငံ စီးပွားရေးတွေ ကောင်းမွန်စွာ မလုပ်နိုင်ခဲ့တာကလည်း နှစ် ၆၀ ကျော်နေပြီ။
အဲဒီဲအတွက်လည်း ကျနော်တို့ နိုင်ငံသားတွေ တခြားနိုင်ငံတွေမှာ အဖိအနှိပ်ခံပြီး အလုပ်သွားလုပ်နေကြရတယ်။ အဲ့ဒါတွေအတွက် သူတို့တွေ ဒီပြန်လာပြီး အလုပ်လုပ်ကိုင်နိုင်အောင်လည်း အခွင့်အလမ်းတွေ ဖန်တီးပေးချင်ပါတယ်။ သူများတွေမပြောရဲတဲ့ မှားယွင်း နေတာတွေကို ပြောချင်လို့ ဝင်ပြိုင်တာ ဖြစ်ပါတယ်။
မေး။ ။ တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ နေရာမှာ ဘယ်လိုအားနည်းချက်တွေ ရှိနိုင်ပါလဲ။
ဖြေ။ ။ တသီးပုဂ္ဂလဖြစ်လို့ အားနည်းချက် ဆိုတာတော့ မရှိပါဘူး။ ရွေးကောက်ပွဲရလဒ်က ပြည်သူကပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တခြားပါတီ ကိုယ်စားလှယ်တွေလိုတော့ ငွေကုန်ကြေးကျခံပြီးတော့ အော်ကြီးဟစ်ကျယ် မဲဆွယ်တာတွေတော့ မလုပ်နိုင်ဘူးပေါ့။ ကျနော် တတ်နိုင်သလောက်တော့ ကြိုးစားပြီး လုပ်နေပါတယ်။
မေး။ ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် လွှတ်တော်တွင်းမှာ ဘယ်လိုအင်အားစုတွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ရှိပါလဲ။
ဖြေ။ ။ ကျနော်ကတော့ ပြည်သူလူထုအတွက် အမှန်တရားအတွက် လုပ်တဲ့သူတွေနဲ့ လက်တွဲပူးပေါင်း သွားမှာပါ။ နောက်ပြီး ကျနော့်လိုပဲ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ရှိသေးတာပဲ။ အဓိကကတော့ ကျနော်တို့နိုင်ငံက ငြိမ်းချမ်းရေးမရဘဲနဲ့ တခြားနိုင်ငံ တွေနဲ့ စီးပွားရေးလုပ်လို့ မရဘူး။ အခုဖြစ်နေတဲ့ ဥပဒေမဲ့ သိမ်းယူတာတွေကလည်း ငြိမ်းချမ်းမှု မရှိလို့၊ တရားဥပဒေ မရှိလို့ ဖြစ်နေ တာ ပဲ။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေး တို့ကို လုပ်ဆောင်မယ့် ဘယ်ပါတီနဲ့မဆို လက်တွဲသွားမှာပါ။
မေး။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထား ရှိပါလဲ။
ဖြေ။ ။ လက်ရှိ အခြေခံဥပဒေကို အာဏာရှင်တွေက သူတို့သဘောနဲ့ ဆွဲထားတဲ့ ဥပဒေပဲ။ အခြေခံ ဥပဒေဆိုတာ ပြည်သူလူထု ကို ကိုယ်စားပြုတဲ့သူတွေက ရေးဆွဲကြရတာပါ။ တပါတီတည်းက ဆွဲထားတာမျိုး မဖြစ်ရပါဘူး။ အဲဒီအတွက် လက်ရှိဥပဒေကို ပြင်ရ ပါမယ်၊ မပြင်လို့ မရပါဘူး။
မေး။ ။ လောင်းလုံမြို့နယ်မှာ တခြားဘယ်ပါတီတွေက ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါလဲ။
ဖြေ။ ။ လောင်းလုံမှာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်တောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ထားဝယ် တိုင်းရင်း သား ပါတီက ကိုယ်စားလှယ်လောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
မေး။ ။ အင်အားကြီးပါတီက ကိုယ်စားလှယ်တွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် အနိုင်ရမယ်လို့ ယုံကြည်ပါသလား။
ဖြေ။ ။ ကြိမ်းသေ ယုံကြည်ပါတယ်။ မှန်ကန်တဲ့သူ သဘောပေါက်နားလည်တဲ့သူတွေ ဖြစ်တဲ့အတွက် ကျနော့်ကိုမဲထည့်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တဦးအနေနဲ့ ဘာများပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျနော်ပြောချင်တာကတော့ နှစ်ပေါင်း ၆၀ ကျော် ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြောင့် ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးတွေလည်း ပျက်စီးခဲ့ရတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်ဖို့အတွက်လည်း အရင်အစိုးရ လက်ထက်ကတည်းက စာချုပ် မှာ လက်မှတ်ရေးထိုးတာတွေ လုပ်ခဲ့တာပဲ။ စစ်ကတော့ ဖြစ်နေတုန်းပဲ။
ကျနော်ဆိုလိုတာက သဘောတူ ရေးထိုးထားတဲ့ စာချုပ်အပေါ် နှစ်ဖက်စလုံးက လိုက်နာဖို့ လိုတယ်။ အကောင်အထည်ဖော်ဖို့ လို တယ်။ ကျနော့်အဖေတုန်းကလည်း ငြိမ်းချမ်းရေးရဖို့ လုပ်နေရင်းနဲ့ အသတ်ခံခဲ့ရတယ်။ အဲဒီတော့ ကျနော်လည်း ငြိမ်းချမ်းရေးရဖို့ကိုပဲ ဆက်ပြီးတိုက်တွန်း လုပ်ဆောင်သွားပါမယ်။ ။