ကရင်ပြည်နယ်တွင် နိုင်ငံရေးပါတီများ အသီးသီး မဲဆွယ် စည်းရုံးလျက်ရှိရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)လည်း အပါအဝင် ဖြစ် သည်။ “အမေစု ပြန်လာပြီ” “ခွပ်ဒေါင်း ပြန်လာပြီ” “အမှန်တကယ်ပြောင်းလဲဖို့ NLD ကိုမဲပေးစို့”စသည့် ကြွေးကြော်သံများဖြင့် ပြည် နယ် တခုလုံးတွင် အတိုက်အခံပါတီက လှည့်လည် စည်းရုံးလျက်ရှိသည်ကို တွေ့ရသည်။ ကရင်ပြည်နယ် ဘားအံမြို့မှ အစချီကာ အနုပညာရှင်များကလည်း ပါဝင် မဲဆွယ်စည်းရုံးလျက် ရှိပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဘားအံမြို့ပေါ် ရပ်ကွက်များ အပါအဝင် နယ်စပ်မြို့ မြဝတီအထိ NLD ပါတီက စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။
ထို့ကြောင့် ထိုစည်းရုံးရေး ခရီးစဉ်တွင် လိုက်ပါလာသည့် ကရင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ပြည်နယ် အတွင်း ရေးမှူး ဦးနိုင်ထွန်းချစ်နှင့် ဧရာဝတီ၏ ကရင်ပြည်နယ် သတင်းထောက် မင်းခန့်ပိုင်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ NLD အနေနဲ့ ကရင်ပြည်နယ်မှာ အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ ဘယ်လောက်ထိ ယုံကြည်ထားလဲ။ ရာခိုင်နှုန်း ဘယ်လောက် ရှိနိုင်မလဲ။
ဖြေ ။ ။ ကျနော်တို့ နဂိုတွက်ထားတဲ့အတိုင်းက ၈၀ ရာခိုင်နှုန်းပါ။ ဒါပေမယ့် နီးလာလေ ဝန်းရံပြည်သူအားကို ကြည့်ပြီး ၁၀၀ ရာခိုင် နှုန်းလို့ ပြောလို့ ရပါပြီ။ အားနည်းချက်တခုက ကျနော်တို့ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မဲပေးနည်းကို အောက်ခြေ ကျေးရွာလေးတွေအထိ မဆင်းနိုင်တာလေးတခုပါပဲ။
မေး ။ ။ ပြည်နယ်အစိုးရဖွဲ့နိုင်ခဲ့ရင် အတိုက်အခံပါတီနဲ့ တိုင်းရင်းသားတွေအကြား ဘယ်လောက်ထိ ရင်ကြားစေ့ပေးနိုင်မှာလဲ။
ဖြေ ။ ။ ပြည်နယ်အစိုးရ ဖွဲ့နိုင်ခဲ့ရင် အတိုက်အခံပါတီမှ မဟုတ်ဘူး။ နိုင်ငံရေးပါတီငယ်တွေနဲ့ တိုင်းရင်းသားတွေရဲ့အသံကို နားထောင်မယ်။ သူတို့ပေးတဲ့ အကြံဉာဏ်တွေနဲ့ပေါင်းစပ်ပြီး ကိုယ့်နိုင်ငံ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးဖို့ ငြိမ်းချမ်းရေးတွေ အပြီးသတ်ရနိုင်ဖို့ လုပ်ဆောင်မှာပါ။ ရင်ကြား ဘယ်လောက်အထိစေ့နိုင်မလဲဆိုတဲ့ စကားကို ပြောရရင်တော့ NLD အပေါ်ထားတဲ့ မြင်တဲ့အပေါ်မှာပဲ သက်ရောက်ပါလိမ့်မယ်။
မေး ။ ။ ၂၀၁၅ ရွှေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အခါ စိန်ခေါ်မှုက ဘာတွေ ဖြစ်နိုင်မလဲ။
ဖြေ ။ ။ ဒီရွေးကောက်ပွဲမှာ စိန်ခေါ်မှု အနေနဲ့ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေ အတွေ့အကြုံနည်းတဲ့အခါကျတော့ မဲဆွယ်စည်းရုံးတော့ မဲပေးပုံကို အဓိကထား ရှင်းပြရတာပေါ့ဗျာ။ မဲပေးပုံပေးနည်းကို ခပ်စိပ်စိပ်ဆင်းပေးနေရတယ်။ ကျန်တာတွေ ကတော့ မဲစာရင်း အကြိမ်ကြိမ်မှားတာတွေ အက္ခရာစဉ်တိုင်းတွေဆိုတော့ မဲပေးပြည်သူတွေအတွက် ခက်ခဲသွားတာပေါ့။
မေး ။ ။ အခု မဲဆွယ်ခရီးစဉ်က ဘယ်လို စီစဉ်ထားပါလဲ။
ဖြေ ။ ။ ကရင်တပြည်နယ်လုံး မဲဆွယ်ခရီးစဉ်ကို ဗဟို အဖွဲ့ချုပ်က ပံ့ပိုးပေးတာပါ။ ဒါရိုက်တာကြည်ဖြူသျှင်က အနုပညာသည်တွေကို တာဝန်ယူ ခေါ်လာပေးပါတယ်။ အခု ဘားအံမှာ တရက် ကော့ကရိတ်နဲ့မြဝတီမှာ တရက် ဖျော်ဖြေပြီး စည်းရုံးရေးဆင်းတာပေါ့။
မေး ။ ။ ဒီခရီးစဉ်မှာ ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်အရ ဘယ်လောက် သုံးစွဲထားလဲ။
ဖြေ ။ ။ ဟုတ်ကဲ့။ သိန်း၄၀ နဲ့ ၄၅သိန်း ဝန်းကျင်လောက် ရှိမှာပါ။ အတိအကျတော့ မတွက်ချက်ရသေးပါဘူး။