ယနေ့ နေပြည်တော်ရှိ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲတွင် NLD ပါတီ မှ ပြည်သူ့လွှတ်တော် တွင် အဆိုပြုတင်သွင်းခဲ့သော အရပ်သားတဦးဖြစ်သူ ဦးထင်ကျော် က ဆန္ဒမဲ အရေအတွက် ၃၆၀ ဖြင့် မြန်မာနိုင်ငံ၏ ၉ ဦးမြောက် သမ္မတ ဖြစ်လာပြီ ဖြစ်သည်။
အရပ်သား တဦးဖြစ်သလို နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်သည့် ဦးထင်ကျော် နိုင်ငံတော်သမ္မတ ဖြစ်လာသည့်အပေါ် အမြင် များ၊ အနာဂတ် မျှော်လင့်ချက်များနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများအား ဧရာဝတီက ဆက်သွယ် မေးမြန်းထား သည် များကို ဖော်ပြလိုက်ပါသည်။
ဦးအောင်မိုးဇော်
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ
ကျနော်ကတော့ တော်တော်ဝမ်းသာတယ်၊ စိတ်လည်းလှုပ်ရှားမိတယ်။ ၁၉၆၂ ခုနှစ်လောက်ထဲက ဒါဟာ ပြည်သူတွေက ရွေးချယ် တင်မြှောက်တဲ့ ပထမဦးဆုံး သမ္မတဖြစ်တယ်။ ကျနော်တို့တိုင်းပြည်မှာ အရပ်သားသမ္မတ ပထမဆုံး စဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒီမိုကရေစီတိုင်းပြည် အတွက် ကောင်းမွန်တဲ့ အစဖြစ်တယ်လို့ ယူဆတယ်။ ကျနော်တို့ပြည်သူတွေ ကိုယ်စား၊ တိုင်းပြည်ရဲ့ကိုယ်စား ဂုဏ်ယူတယ်လို့ ပြောချင်တယ်။
သူ့ရဲ့ မျိုးရိုးဂုဏ်သိက္ခာအရ၊ ပညာအရည်အချင်းအရ၊ ဒီမိုကရေစီအရေးမှာ တစိုက်မတ်မတ် ရှိခဲ့မှုတွေအရ ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီ ဖြစ်အောင်၊ ငြိမ်းချမ်းရေးရအောင်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် တို့နိုင်ငံရဲ့ သမ္မတအနေနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးနဲ့ အတူတကွ လက်တွဲပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် သယ်ဆောင်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဦးမြအေး
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)
ကျနော်ကတော့ အစောကြီးကတည်းက ဦးထင်ကျော် ရမယ်ဆိုတာ ထင်ပြီးသားပဲ။ အဲဒါက သိပ်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ဝမ်းသာစရာထက် ပိုပြီးကောင်းတာက အရပ်သား စစ်စစ် အစိုးရ တက်တာတော့ ဝမ်းသာတယ်၊ ဝမ်းမြောက် ဝမ်းသာ ကြိုဆိုတယ်။ မှတ်ချက်ကတော့ လုပ်ရပ်တွေပေါ်မှာ မူတည်ပါလိမ့်မယ်။
ဦးဘိုကြည်
လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ
နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်က သမ္မတဖြစ်လာတဲ့အပေါ်မှာ ကျနော်တို့ အင်မတန်မှ ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရဲ့လုပ်ပိုင်ခွင့်က အကန့်အသတ် ရှိပါလိမ့်မယ်။ အဲဒီတော့ ကျနော်တို့ ပြည်သူတွေက မဲပေးရုံနဲ့ တာဝန်ပြီးဆုံးတာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့နဲ့ သမ္မတက လုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝရအောင် ဆက်ပြီးတော့ ဝိုင်းဝန်းကြိုးစားပေးဖို့လိုအပ်ပါတယ်။
အဲဒီတော့မှ သမ္မတနဲ့ အစိုးရအဖွဲ့က တိုင်းပြည်ရေးရာကိစ္စတွေကို စီမံခန့်ခွဲနိုင်မှာပါ။ ဒီလိုမှမဟုတ်ရင် သမ္မတအထက်မှာ ကာလုံရှိနေပြီးတော့ စစ်တပ်က မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးလက်အောက်မှာ ရှိနေတဲ့ သဘောဖြစ်နေတယ်။ အရင်ထက်စာရင်တော့ အပြုသဘောနဲ့ အကောင်းဘက်ကို ပိုမြင်ပါတယ်။
အစိုးရသစ်ကတော့ အခက်အခဲတွေ အများကြီးရင်ဆိုင်ရမှာပါ။ ဒီဟာကို ကျနော်တို့ပြည်သူတွေအနေနဲ့ကလည်း တချို့မဖြေရှင်းနိုင် တဲ့ ကိစ္စတွေမှာ နားလည်ပေးဖို့လိုပါတယ်။ အဓိက ပြဿနာက ဘယ်ဟာလဲ၊ ဘယ်သူလဲဆိုတာကို သေချာဆုံးဖြတ်ကြဖို့လိုပါလိမ့် မယ်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက အခုမှ စတယ်လို့ပြောလို့ရမယ်။ ညှိန်ှိုင်းမှုတွေ လုပ်ကြရမှာပေါ့။
အထူးသဖြင့် ကာကွယ်ရေးဦးစီးချုပ်တို့ ပြည်ထဲရေးတို့က အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်မယ်ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးဆို အခက်အခဲ မရှိလောက်ဘူး။ နိုင်ငံရေးအကျဉ်းသားဆိုတာလည်း အခုချက်ချင်း လွှတ်ရင်တောင် လွှတ်လို့ရတဲ့ အနေ အထားပဲ။
ဦးစိုင်းလိတ်
တွဲဖက် အထွေထွေအတွင်းရေးမှူး
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)
အားလုံး ဒီမိုကရေစီနည်းကျနဲ့ ရွေးချယ်တာပဲလေ။ ဒါပေမယ့် ဒီမိုကရေစီ ဆိုတာက ရွေးချယ်တဲ့စနစ်ကိုပြောတာ။ သွားနေတဲ့လမ်းကြောင်းကတော့ ဒီမိုကရေစီအပြည့်အဝ မဟုတ်သေးတော့ သမ္မတကြီး ဦးထင်ကျော် နေကောင်းကျန်းမာပါစေ။ နောက်ပြီး တခြားအပြောင်းအလဲတွေ ဖြစ်နိုင်အောင်ဆိုလို့ရှိရင် ဦးထင်ကျော် က ကောင်းမွန်စွာရှိဖို့ အင်မတန်ကို လိုအပ်ပါတယ်။
အဓိကတခုပဲ ပြောချင်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး ဒီမိုကရေစီ ဘက်တော်သားတွေအားလုံး တက်ညီ လက်ညီနဲ့ ကြိုးပမ်းမယ်ဆိုရင်တော့ တပ်မတော်ကလည်းပဲ ကျနော်တို့လိုမျိုး နားလည်လက်ခံပြီးတော့မှ သူ့အခန်းကဏ္ဍ သူပြန်ရောက်သွားပါလိမ့်မယ်။ ကာကွယ်ရေးတခုတည်းကို တာဝန်ယူတဲ့ တပ်မတော်မျိုးဖြစ်အောင် ကျနော်တို့ အားလုံးက တပ်မတော်ကို ပျော့ပျော့ပျောင်းပျောင်း ညင်ညင်သာသာလေး ချဉ်းကပ်ကြဖို့ လိုမယ်လို့ပြောချင်ပါတယ်။
ဦးဖေသန်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရခိုင် အမျိုးသား ပါတီ
ဦးထင်ကျော်ကို ပုဂ္ဂိုလ်ရေးအရ ဘာမှ ပြောစရာ မရှိပါဘူး။ တိုင်းရင်းသားတွေက လူနည်းစုဖြစ်တော့ ဒီဟာအပေါ်မှာ ဆုံးဖြတ်ပေးနိုင် တဲ့ အင်အားစု မဟုတ်ပါဘူး။ လက်ခံပါတယ်။
ဦးထင်ကျော်ရဲ့ အရည်အချင်းတွေကိုတော့ မမြင်ရသေးဘူး။ သူ့ကိုယ်ရေးရာဇဝင်တွေကို လေ့လာကြည့်လိုက်တော့ မျိုးချစ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တယောက်လို့ မြင်တယ်။ ကျနော်တို့ရွေးတာ မမှားလောက်ပါဘူး။ ကျနော်တို့ ဖြစ်စေချင်တာကတော့ နိုင်ငံကို တကယ် ဦးဆောင်နိုင်တဲ့သူမျိုးကို ဖြစ်စေချင်တယ်။ နိုင်ငံကို သူ့ Power နဲ့သူ ထိန်းနိုင်ဖို့ လိုတယ်။ တချိန်လုံး ဒေါ်အောင်ဆန်းစုကြည်က နောက်ကနေ ပံ့ပိုးပေးနေရတဲ့ ပုဂ္ဂိုလ်မျိုးထက် သူ့အရည်အချင်းနဲ့သူ ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့ လိုတယ်။
ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောရေးဆိုခွင့် ရှိသူ
သင့်တော်လို့ ကျနော်တို့က ဦးထင်ကျော်ကိုလည်း လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူကောင်းပဲ ဖြစ်မှာပါ။ လူကောင်း လူတော် ဖြစ်မှာပါ။ တခုပဲ သမ္မတ အထက်မှာ ဘယ်သူမှ မရှိရဘူး။ သမ္မတ သည် နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပဲ။ သမ္မတဟာ နိုင်ငံ တော်ရဲ့ အကြီးအကဲ။ အုပ်ချုပ်ရေး အကြီးအကဲပဲ။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါပြီးသား။
ဦးစိုးအောင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ
အန်ကယ်တို့ အနေနဲ့ကတော့ သူ့ကို လက်ခံပါတယ်။ သူက အရည်အချင်းလည်း ရှိပါတယ်။ တခုရှိတာကတော့ သူက အုပ်ချုပ်ရေး အတွေ့အကြုံ မရှိဘူး။ ဒါတွေကလည်း ဖြစ်သွားမှာပါပဲ။
အခုကလည်း ပြည်သူကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုပဲ လက်ခံတာကိုး။ အန်ကယ်တို့ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကို အသိအမှတ်ပြုတယ်။ အဲဒီတော့ သူ့ရဲ့ဦးဆောင်မှုကိုပဲ အားလုံးက လိုက်ကြရမှာ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောတယ်လေ။ ပါတီစွဲတွေ ဒေသစွဲတွေ လူမျိုးစွဲတွေ မထားဖို့။ ပူးပေါင်း ဆောင်ရွက်ဖို့လေ။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံပါတယ်။ အခု သူ့လုပ်ဆောင်မှုတွေက ပေါ်လွင်နေပြီလေ။
တိုင်းရင်းသားတွေနဲ့ ပူးပေါင်း ဆောင်ရွက်တယ်။ အန်ကယ်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့လည်း ပူးပေါင်းဆောင်ရွက် တယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး တိုင်းပြည် ပိုကောင်းလာနိုင်မယ်လို့ ထင်ပါတယ်။
မိုင်းဝင်းထူး
နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ပလောင်(တအာင်း) အမျိုးသား ပါတီ
ကျနော်တို့ ဦးထင်ကျော်အကြောင်း သိပ်တော့ မသိဘူး။ သိသလောက်က သူက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက တာဝန်ရှိတဲ့ သူ တယောက်လို့ပဲ သိထားတယ်။ ဖောင်ဒေးရှင်းဆိုတော့ CSO မှာ လုပ်တာပေါ့။ CSO မှာ လုပ်တဲ့သူ ခပ်များများက ပြည်သူတွေနဲ့ ထိတွေ့မှုတွေများတယ်။ လက်တွေ့ ပြည်သူတွေကြားထဲမှာ နားလည်မှုရှှိရှိနဲ့ လုပ်ပေးနိုင်မယ်လို့ ကျနော်မျှော်လင့်တယ်။
သူကလည်း ဒီကိစ္စတွေအပေါ်မှာ ကောင်းကောင်းမွန်မွန် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့် အဲဒီလိုပြောလဲဆိုတော့ NLD ရဲ့ မူဝါဒလို့ပဲ ပြောပြော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာပဲ ဖြစ်ဖြစ် ကျနော်တို့ ဒီစည်ပင်ဧည့်ရိပ်သာမှာ တွေ့တုန်း က ဆိုရင်လည်း ငြိမ်းချမ်းရေးကိစ္စကို ဦးစားပေးမယ်လို့ ပြောထားတာတွေ ရှိတယ်။ ငြိမ်းချမ်းရေးဆိုတာက တိုင်းရင်းသားဒေသတွေမှာ လိုအပ်နေတဲ့ကိစ္စတခု ဖြစ်တဲ့အတွက်ကြောင့်မိုလို့ သူတို့က ဒီကိစ္စကို ကောင်းကောင်းမွန်မွန် ထိထိမိမိနဲ့ လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေကို လုပ်ပေးတာက တိုင်းရင်းသားအရေးကို ဂရုစိုက်တာနဲ့ အတူတူပါပဲ။
ဦးကျင်ဝမ်း
ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
“ဝ” ဒီမိုကရက်တစ် ပါတီ
ကျနော့်အမြင်ကတော့ သက်ဆိုင်ရာ ပါတီကြီးကနေပြီးတော့ အရည်အချင်းရှိလို့ တင်လိုက်တာပဲ။ ကျနော်တို့ အနေနဲ့ကတော့ သိပ်ပြီးတော့ သဘောထား မှတ်ချက်ပေးစရာ မရှိပါဘူး။ သမ္မတ အရည်အချင်းနဲ့အညီ တိုင်းရင်းသားတွေအပေါ်မှာရော တနိုင်ငံလုံးအပေါ်မှာရော သူ့စွမ်းအားနဲ့သူ လုပ်ပေးနိုင်ဖို့ လိုပါတယ်။ သူ့(ဦးထင်ကျော်)အကြောင်းကတော့ အခုမှပဲ ကြားဖူးတယ်။ ။