ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း ဒုက္ခသည်များ၏ အခက်အခဲကို မီးမောင်းထိုးပြသော ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ရန်ပုံငွေ ရှာဖွေရေး စီမံကိန်းတခုတွင် နာမည်ကျော် ထိုင်းသရုပ်ဆောင် စူပါမော်ဒယ် Priya “Pu” Suandokmai က ပါဝင်ကူညီခဲ့သည်။ အဆိုပါ လှုပ်ရှားမှု၏ အမည်မှာ “Namjai for Refugees” (ခိုလှုံသူများအတွက် ရက်ရောတဲ့ စေတနာ) ဖြစ်ပြီး ထိုင်း- မြန်မာ နယ်စပ် လက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်နေသော မြန်မာဒုက္ခသည် ၁ သိန်း ၂ သောင်းတို့အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။
ဧရာဝတီသတင်းဌာနမှ သတင်းထောက် စောရန်နိုင်က သရုပ်ဆောင် Pu အား ဒုက္ခသည်များ အရေးကိစ္စတွင် သူ၏ ကရုဏာတရား၊ စိတ်အား ထက်သန်မှုနှင့် အဆိုပါ လှုပ်ရှားမှုတွင် မည်သို့ ပါဝင်ဖြစ်ခဲ့ခြင်းတို့ကို မေးမြန်းခဲ့ပါသည်။
မေ: ။ ။ ပထမဆုံး အနေနဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ “Namjai for Refugees” လှုပ်ရှားမှုမှာ ဘယ်လိုပါဝင်ဖြစ်ခဲ့ပါလဲ။
ဖြေ ။ ။ UNHCR ကို သိခဲ့တာတော့ ၂ နှစ်ရှိပါပြီ။ ကမ္ဘာပေါ်က ဒုက္ခသည်တွေအကြောင်း ဝမ်းနည်းစရာ သတင်းတွေ ဖတ်ရတဲ့အခါ ကျမ စပြီး ပါဝင်ဖြစ်ခဲ့ပါတယ်။ သူတို့ကို ကိုယ်ချင်းစာမိတယ်။ သူတို့ရဲ့ဘဝတွေ ကောင်းမွန်အောင် ကူညီဖို့ ဆန္ဒရှိပါတယ်။ မယုံကြည်နိုင်လောက်အောင် ဝမ်းနည်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် တချို့ စိတ်ဒဏ်ရာ ရခဲ့တာတွေလည်း ရှိတယ်။ လူသားတွေအနေနဲ့ တခြားတယောက်ကို ကူညီဖို့ လိုအပ်တယ်လို့ ကျမခံစားရတယ်။ အဲဒါကြောင့် Google မှာ ဒုက္ခသည်တွေကို ကူညီတဲ့ အဖွဲ့ကို ရှာဖွေတဲ့အခါ UNHCR ကို တွေ့ခဲ့တယ်။ အဲဒါနဲ့ သူတို့ဆီကို အီးမေးလ်ပို့ခဲ့တယ်။
အဲဒီကတည်းက UNHCRရဲ့ လုပ်ရှားမှုတွေ ဖြစ်တဲ့ ပရဟိတ ဖက်ရှင်ပြပွဲ ဒါမှမဟုတ် ဒုက္ခသည် မသန်စွမ်းကလေးတွေ အကြောင်း လှုပ်ရှား လှုံ့ဆော်မှုတွေမှာ ကျမ အမြဲပါဝင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာဒုက္ခသည်တွေ နေထိုင်မှု အတွက် ရန်ပုံငွေ ဖြည့့်တင်းဖို့ ကနဦးအနေနဲ့ သူတို့က အကြံပြုတဲ့အခါမှာတော့ ကျမအနေနဲ့ အဲဒီ လှုပ်ရှားမှုမှာ ပါဝင်ဖို့ မဆိုင်းမတွဘဲ ဆုံးဖြတ်ခဲ့ပါတယ်။
မေ:။ ။ “Namjai for Refugees” လှုပ်ရှားမှုမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားပါသလဲ။
ဖြေ ။ ။ လှုပ်ရှားမှုမှာ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ရန်ပုံငွေဖြည့်တင်းဖို့ အတွက် အနုပညာရှင် ၈ ယောက်ကို သူတို့ရဲ့ အရည်အချင်းတွေ ဖန်တီးအသုံးချဖို့ ၄ ယောက် တဖွဲ့စီ ဖွဲ့ခဲ့တယ်။ ကျမ အဖွဲ့မှာ ဒုက္ခသည် အမျိုးသမီးတွေရဲ့ အသံကို မြှင့်တင်ဖို့ အထူးတီရှပ် ဒီဇိုင်းဆွဲဖို့အတွက် ကျမ သူငယ်ချင်း အရမ်းထူးချွန်တဲ့ ဒီဇိုင်နာ Sanshaiကို ဖိတ်ခေါ်ခဲ့တယ်။ Sanshai နဲ့ ကျမက ကျမတို့ရဲ့ အနုပညာနဲ့ ပရိတ်သတ်တွေကို အသုံးပြုပြီး လှုပ်ရှားမှုကို လှုံ့ဆော်ဖို့ ကူညီခဲ့ပါတယ်။
အဲဒီ အတွက် UNHCR အနေနဲ့လည်း ဒုက္ခသည်တွေအတွက် လုံလောက်တဲ့ ရန်ပုံငွေတွေ ရနိုင်ပါတယ်။ လှုပ်ရှားမှု ပြီးသွားရင်တော့ ကျမတို့ ဖန်တီးခဲ့တဲ့ ဒီဇိုင်းတွေကို ပြသသွားမှာပါ။ ပြီးတော့ အထူး တီရှပ်တွေကိုလည်း ကျမတို့အဖွဲ့ကို ထောက်ပံ့ပေးခဲ့တဲ့ အလှူရှင်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးသွားမယ်လို့ မျှော်လင့်ထားပါတယ်။
မေး။ ။ ခင်ဗျားက ထိုင်းနိုင်ငံမှာ နာမည်ကျော် စူပါမော်ဒယ်တယောက်၊ သရုပ်ဆောင်တယောက်။ ပြီးတော့ ဒီအသက် မွေးဝမ်းကြောင်းနဲ့ သက်သောင့်သက်သာရှိတဲ့ ဘဝမှာ နေထိုင်တယ်။ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းကို ဘယ်လို စိတ်ဝင်စားလာခဲ့သလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကြားသိရတဲ့အခါ UNHCR ကို ဆက်သွယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ရင်နင့်ဖွယ်ရာ အကြောင်းတွေကိုလည်း သိရတော့ ကျမ အရမ်းဝမ်နည်းပြီးတော့ တခုခု လုပ်မပေးဘဲ မနေနိုင်တော့ပါဘူး။ ကျမ နေရာက ဆိုရင်လည် ကျမရဲ့ တွေးခေါ်မျှော်မြင်မှုတွေကို ဝေမျှနိုင်ပါတယ်။ ကျမရဲ့ အောင်မြင်မှုတွေနဲ့ ကမ္ဘာကြီးကို ပြောင်းပစ်ချင်ပါတယ်လို့ ခံစားရတယ်။
အဲဒါကတော့ မယုံကြည်နိုင်လောက်အောင်ပါပဲ။ အဲဒီ ဒုက္ခသည်တွေရဲ့ ဘဝတွေ ပိုပြီး ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ လုံလောက်တဲ့ အချိန်တွေ ကြိုးစားအားထုတ်မှုတွေ ရှိတဲ့အတွက် သူများတွေထက် တပန်းသာတဲ့ အခွင့်အရေးကို ရတယ်လို့ ခံစားရပါတယ်။
မေး ။ ။ ဘာကြောင့် ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည် စခန်းကို သွားလည်ခဲ့တာလဲ။ သူတို့ဘဝတွေဆီက ဘာတွေ သင်ယူခဲ့သလဲ။
ဖြေ ။ ။ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းအကြောင်း သတင်းကို ကျမ အမြဲတမ်း ဖတ်ပါတယ်။ အဲဒါက မယ်လ ဒုက္ခသည်စခန်းကို သွားလည်ဖို့နဲ့ ဒုက္ခသည်စခန်းက မိသားစုတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးကောင်းတခုပါပဲ။ စိတ်မကောင်းစရာ အတွေ့အကြုံတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ သဘောကောင်းတဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်။
သူတို့က အဲဒီ စိတ်မကောင်းစရာတွေကို ကြုံတွေ့ခဲ့ရသော်လည်း အဲဒီ စိတ်မကောင်းစရာတွေ ဘေးဖယ်ပြီး ရဲရဲဝံ့ဝံ့ ခွန်အားရှိရှိနဲ့ ကျေးဇူးတင်ကြတယ်။ ကျမ သွားလည်ပြီးတော့ သူတို့ ဘာတွေ လိုအပ်တယ်၊ သူတို့ကို ကူညီဖို့ ဘယ်လိုတွန်းအား ပေးမလဲဆိုတာ ကျမ နားလည်ခဲ့တယ်။ အဲဒါက သူတို့ရဲ့ အခွင့်အရေးတွေအတွက် ကူညီပေးဖို့ ကျမကို လှုံ့ဆော်ပေးတဲ့ မမေ့နိုင်တဲ့ အတွေ့အကြုံတခုပါပဲ။
မေ: ။ ။ ကလေးတွေ အမျိုးသမီးတွေ အပါအဝင် ဒုက္ခသည်တွေရဲ့ ဘဝတွေအကြောင်း လေ့လာပြီးတဲ့အခါ ဘယ်လို ခံစားရပါသလဲ။
ဖြေ ။ ။ စခန်းထဲက လူတွေက နှိပ်စက်မှုတွေ၊ စိတ်ဒဏ်ရာတွေကို ကြုံတွေ့ခံစားခဲ့ရပေမယ့် အဲဒီနာကြည်းမှုတွေနဲ့ ပတ်သက်ပြီး ကျမကို ဖွင့်ဟပြောဆိုတာ မလုပ်ဘဲ ကြင်နာမှုအပြည့်နဲ့ ကျမကို လက်ခံကြိုဆိုတယ်။ Johnity လို့ခေါ်တဲ့ ကောင်လေး တယောက်ကို ကူညီဖို့ UNHCR ရဲ့ ရန်ပုံငွေ ဖြည့်တင်းရေးမှာ ကျမ ပါဝင်ကူညီခဲ့တယ်။
ပြန်လည် ထူထောင်တဲ့ အစီအစဉ်တွေမှာ သူ တိုးတက်လာတာကို တွေ့ရတယ်။ သူနဲ့ တွေ့ရတာ ကျမကို နွေးထွေးစေ ပါတယ်။ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသား၊ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် လူ့အခွင့်အရေးကို ဦးထိပ်ထားသင့်တယ်လို့ ကျမ ခံစားရတယ်။ ဒုက္ခသည်တွေရဲ့ ဘဝကို လေ့လာတာက UNHCR နဲ့ ဆက်ပြီး နောက်ထပ် အလုပ်လုပ်ဖို့ တွန်းအားပေးပါတယ်။
မေး ။ ။ ခင်ဗျားရဲ့ ကျော်ကြားမှုကို အသုံးချပြီး ထိုင်းပရိသတ်တွေကြားမှာ ဒုက္ခသည်အရေးကို ပိုမိုသတိပြုလာဖို့ ဘယ်လို ကူညီနိုင်မယ်လို့ ယုံကြည်ပါသလဲ။
ဖြေ ။ ။ လူသိများတဲ့ လူတယောက်အနေနဲ့ ကျမတို့ရဲ့အသံ၊ အတွေးအမြင်တွေနဲ့ လူမှုပတ်ဝန်းကျင်မှာ ကျမတို့ မြင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်တယ်လို့ ယုံကြည်ပါတယ်။ လူမသိတဲ့ ဒုက္ခသည်တွေရဲ့ အသံကို ကျမရဲ့ အသံနဲ့ အသုံးပြုပြီး လူမှုပတ်ဝန်းကျင်က ကြားအောင် လုပ်နိုင်မယ်ဆိုရင် နားလည်မှုတွေ တိုးပွားလာနိုင်ပါတယ်။ လူတွေက အကြင်နာမေတ္တာတရား ရှိကြပါတယ်။ ဒါပေမယ့် တခါတလေ သူတို့ ဘာတွေ လိုအပ်တယ်ဆိုတာတော့ နားလည်ရပါမယ်။
မေး ။ ။ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အဲဒီအတွက် ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ ရွှေ့ပြောင်းကြရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားအနေနဲ့ ဘယ်လိုမှတ်ချက် ပေးချင်ပါသလဲ။
ဖြေ ။ ။ ဒီပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ယေဘုယျအားဖြင့်ပဲ ပြောချင်ပါတယ်။ UNHCR က သိရသလောက် တကမ္ဘာလုံးမှာ ဒုက္ခသည်တွေနဲ့ တိမ်းရှောင် ပုန်းအောင်းနေရသူ စုစုပေါင်း သန်း ၆၀ အထိ ရှိနေပါပြီ။ အဲဒီ အရေအတွက်က ဒုတိယ ကမ္ဘာစစ်ကတည်းက အမြင့်ဆုံး ဖြစ်ပါတယ်။ အဲဒါက စစ်ပွဲတွေ ပဋိပက္ခတွေ အဆုံးသတ်ပြီး ကျမတို့အနေနဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံရေးကို ရှာဖွေဖို့ လိုအပ်နေပြီဆိုတာ သတိပေးတာပါပဲ။
မြန်မာနိုင်ငံမှာ မကြာခင်သေးခင်က ဖွံ့ဖြိုးတိုးတက်မှုတွေက အလားအလာ ကောင်းပါတယ်။ အနာဂတ်မှာ ကောင်းမွန်တဲ့ ဖြေရှင်းမှုတွေ ရှာတွေ့နိုင်မယ်လို့ ကျမ မျှော်လင့်ပါတယ်။
မေး ။ ။ အနာဂတ်မှာ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေအတွက် အစီအစဉ်တွေ ပြုလုပ်ဖို့ရှိပါသလား။ ရှိတယ်ဆိုရင် ဘာ အစီအစဉ်တွေ ရှိပါသလဲ။
ဖြေ ။ ။ ကျမ အစီအစဉ်ကတော့ ထိုင်းနိုင်ငံနဲ့ ကမ္ဘာက တခြားနေရာတွေမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ အခွင့်အရေးအတွက် ဆက်ပြီး အားပေးမှုတွေ လုပ်သွားမှာပါ။ UNHCRနဲ့ လက်တွဲ လုပ်သွားမယ်။ ဒီ အဖွဲ့အစည်းတွေအနေနဲ့ ကြီးမားတဲ့ လုပ်ငန်း တာဝန်တွေကို တာဝန်ယူ လုပ်ဆောင်ရတယ်ဆိုတာ ကျမ နားလည်ပါတယ်။
ရန်ပုံငွေရှာဖွေရေးမှာ ကျမရဲ့ ကျော်ကြားမှုနဲ့ ကိုယ်ကျင့်တရားကို အသုံးပြုပြီး ဒုက္ခသည်ဘဝတွေကို ပြောင်းလဲပေးဖို့ ပါဝင် ဆောင်ရွက်သွားမှာပါ။ ရန်ပုံငွေ ဖြည့်တင်းတာ၊ အားပေးထောက်ခံမှုတွေ လုပ်တာ ဒါမှမဟုတ် လူမှုဆက်ဆံရေးတွေ လုပ်ပေးတာကလည်းပဲ ဒုက္ခသည်တွေရဲ့ နေထိုင်မှုဘဝကို သက်ရောက်မှုရှိစေပါတယ်။ လူတွေကို ဒုက္ခသည်ဖြစ်လာစေတဲ့ အကြောင်းအရင်း၊ အရင်းအမြစ်တွေဟာ ပိုပြီးကြီးမားကျယ်ပြန့်တဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ အာရုံစိုက်မှုတွေ လိုအပ်နေ ပါပြီ။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော စောရန်နိုင်၏ Thai Actress: ‘The Cause of Refugees Deserves Wider Attention’ ကို ဘာသာပြန်ဆိုသည်။