စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် သတင်းထွက်နေသည့် ဦးကျော်ဝင်းနှင့် တွေ့ဆုံခြင်း

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ဦးကျော်ဝင်းသည် NLD ပါတီမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး သမ္မတဦးထင်ကျော် တင်သွင်းသည့် ဝန်ကြီးစာရင်းတွင် ပါဝင်ကာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းထွက်ပေါ်နေသည်။ သူသည် ၁၉ ၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက် ၆၈ နှစ်ရှိနေပြီဖြစ်သည်။ အခြေခံပညာကို အမှတ် ၁ အထက်တန်းကျောင်း ၊ပုသိမ်မြို့တွင် သင်ကြားခံပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ Brooklyn Park University နှင့် Certified Master of Business Consultant ,GAFM တို့မှ ပါရဂူဘွဲ့ နှင့် Master of Consultant ဘွဲ့များ ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ စီမံကိန်းမှူး ၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အခွန်ဦးစီးမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ယနေ့အထိ NLD စီးပွားရေးကော်မတီတွင် စီးပွားရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။  ဦးကျော်ဝင်းကို ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်ထားသည်။

မေး ။    ။ အရင်ဆုံး အန်ကယ်ရဲ့  ဘ၀ ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။    ။ အတိုချုံး ပြောရရင် အန်ကယ်က လပ္ပတ္တာသား။ အဲဒီမှာ ဆယ်လေးငါးနှစ်လောက် နေတယ်။ နောက်ပိုင်း ပုသိမ်ကို ပြောင်းပြီးတော့ ပုသိမ်မှာ အထက်တန်းအောင်တယ်ပေါ့နော်။ အထက်တန်းအောင်ပြီးတော့ ဒီဘက်မှာ စီးပွားရေး တက္ကသိုလ်တက်တယ်။ စီးပွားရေး တက္ကသိုလ်တက်ပြီးတော့ Natio nal Planning မှာ ဝင် အလုပ်လုပ်တယ်။ ၁၉၇၂ ခုနှစ်ပေါ့။ အဲဒီမှာ နှစ်ပေါင်း ၂၀ ကျော်လောက် အလုပ်လုပ်ပြီးတဲ့အခါကျတော့ ပြည်တွင်းအခွန်များ ဦးစီး ဌာနကို ပြောင်းတယ်။ ပြည်တွင်း အခွန်များ ဦးစီးဌာနမှာ ၆ နှစ်ခွဲလောက် လုပ်ပြီးတဲ့အခါကျတော့ ဆရာ နုတ်ထွက်လိုက်တယ်။ ပင်စင်ယူတာ မဟုတ်ဘူး။ ဦးစီးအရာရှိကနေ ထွက်လိုက်တယ်။ စီမံကိန်းမှာတုန်းကတော့ မြို့နယ်စုမှူးဆိုတော့ လက်ညွှန်အဆင့် ဖြစ်မလား မသိဘူး။ အဲဒီတုန်းက မြို့နယ်စုမှူးပဲ ခေါ်တာကိုး။
အဲဒီကနေ ဆရာ Business Consultant လုပ်တာပေါ့။ နောက်တခါ ဒီတာဝန်တွေ မယူခင်အထိကတော့ MCC နဲ့ ဘန်ကောက်က တက္ကသိုလ်တခု ပေါင်းပြီးတော့ Bachelor of Business Administration လို့ခေါ်တဲ့ ပညာရပ်အတွက် Senior Lecture လည်း လုပ်တယ်။ နောက်တခါ American International Institute နဲ့ MCC နဲ့ ပေါင်းပြီးတော့ လုပ်တဲ့ Management Training မှာလည်း Senior Lecture လုပ်တယ်။

မေး ။    ။ NLD ကို ဘယ်တုန်းက စပြီး ဝင်ခဲ့တာလဲ။
ဖြေ ။    ။ NLD ကို Join တယ်ဆိုတာထက် ဒီလိုလေ။ NLD မှာက စီးပွားရေး ကော်မတီဆိုတာ ရှိတယ်။ စီးပွားရေး ကော်မတီရယ်။ နောက်တခါ အကြံပေးပေါ့နော်။ အဲဒီလို လုပ်ခဲ့တာက လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကတည်းကပါ။

မေး ။    ။ ဘာကြောင့်များ အန်ကယ့်ကို အခုလို ဝန်ကြီး အမည်စာရင်း တင်သွင်းခံရတာပါလဲ။
ဖြေ ။    ။ ဘာကြောင့်လဲဆိုတာတော့ ဆရာတို့ NLD က ခေါင်းဆောင်တွေကတော့ ထိုက်သင့်တဲ့သူဆိုလိုရှိရင် တာဝန်ပေးမယ်ဆိုတဲ့ မူရှိတာဆိုတော့ အဲလိုပဲ ထင်ပါတယ်။ ဆရာနဲ့ ထိုက်သင့်လို့ တာဝန်ပေးတယ်လို့ ထင်ပါတယ်။

မေး ။    ။ ဘယ်ဝန်ကြီးဌာနမှာ တာဝန်ပေးအပ်မယ်လို့ သိထားလဲ။
ဖြေ ။    ။ လျာထားတာကတော့ အမျိုးသား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဖြစ်လိမ့်မယ်။

မေး ။    ။ အန်ကယ့်အနေနဲ့ ဝန်ကြီးဖြစ်လာလို့ ရှိရင် ဘယ်လို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ စဉ်းစားထားတာ ရှိပြီလဲ။
ဖြေ ။    ။ အန်ကယ့်အနေနဲ့ စဉ်းစားထားတာတွေ ရှိပြီးသားပါ။ အန်ကယ်ကိုယ်တိုင်ကလည်း စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှာရော ပြည်တွင်းအခွန်များ ဦးစီးဌာနမှာရော ဒီဥစ္စာတွေက အန်ကယ်နဲ့ ရင်းနှီးပြီးသား ဝန်ကြီးဌာနတွေဖြစ်တဲ့ အခါကျတော့ ဘယ်နေရာမှာ အားသာချက်ရှိတယ်။ ဘယ်နေရာမှာ အားနည်းချက်ရှိတယ်ဆိုတာ သိပြီးသားပါ။ အဲဒီတော့ ပြုပြင်ပြောင်းလဲမယ်ဆိုတာကတော့ လုပ်ရမှာပေါ့။

အထူးသဖြင့်တော့ ဒီဌာနတွေက Corruption နဲ့ နီးစပ်တဲ့ ဌာနတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို ပထမဆုံး အန်ကယ် ကိုင်တွယ်ရမှာပေါ့။ အကျင့်ပျက် ခြစားမှုတွေက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အဟန့်အတား ဖြစ်နေတော့ ဒါတွေက ဦးစားပေးပြီးတော့ စဉ်းစားရမှာပေါ့။ တချိန်တည်းမှာလည်းပဲ ဝန်ထမ်းတွေကို စိတ်ဓာတ်တွေ မြင့်တက်လာပြီးတော့ သူတို့ရဲ့ Mindset တွေမှာ Motivation တွေ မြင့်လာပြီးတော့ တိုင်းပြည်ကို ကျေးဇူးဆပ်ချင်တဲ့ အလုပ်အကျွေးပြုချင်တဲ့ စိတ်ဓာတ်တွေ မြင့်လာအောင်တော့ အန်ကယ်တို့ လုပ်ရမှာပေါ့။ ချို့ယွင်းချက်တွေ အပြစ်တွေ ရှိတယ်ဆိုပြီးတော့ ပျက်ပယ်ထားလို့လည်း မရဘူးလေ။ သူတို့ မှာ အတွေ့အကြုံတွေ ရှိပါတယ်။ လုပ်ငန်းနဲ့ ပတ်သက်လို့လည်း သူတို့ရဲ့ အခန်းကဏ္ဍက ကြီးပါတယ်။ အဲဒါကြောင့် သူတို့ကိုလည်း အန်ကယ်တို့က ထိရောက်စွာနဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်လာအောင်လို့ လုပ်ရမှာပေါ့။ အဲဒါတွေ လုပ်ပေးနိုင်တယ်ဆိုရင်တော့ အတိုင်းအတာတခုအထိ အန်ကယ်တို့ သွားချင်တဲ့နေရာကို နီးစပ်လာမှာပေါ့နော်။

မေး ။    ။ အရင်က ဝန်ကြီးဌာန ၂ ခုကို တခုတည်း ပေါင်းထားတဲ့အတွက်ရော လုပ်ရမယ့် အလုပ်တွေ၊ တာဝန်တွေ ပိုများလာနိုင်လား။ ဘယ်လို အခက်အခဲတွေ ရှိနိုင်လဲ။
ဖြေ ။    ။ အန်ကယ့် အနေနဲ့ကတော့ သိပ်ပြီး အခက်အခဲမရှိဘူးလို့ ထင်ပါတယ်။ သို့သော်လည်းပဲ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် နိုင်ငံအတွက် အလုပ်လုပ်မယ်ဆိုရင်တော့ အန်ကယ်တို့ရဲ့ Management  ပုံစံကတော့ ပြောင်းရမှာပေါ့။ ညွှန်ကြားချက်လောက်နဲ့ မဟုတ်ဘဲနဲ့ ဟိုးအောက်ခြေအထိ အန်ကယ်ဆင်းမယ်။ ဟိုးအောက်ခြေမှာ ဖြစ်ပျက်နေတာကို သိအောင်လုပ်မယ်။ အောက်ခြေမှာ ဘာတွေလိုလဲ။ လိုအပ်တာတွေ ဖြည့်ဆည်းပေးမယ်။ အားနည်းနေလဲ အားနည်းတာကို ဖြည့်ဆည်းပေးမယ်ပေါ့နော်။ အန်ကယ်အောက်ခြေအထိဆင်းမှာပါ။

မေး ။    ။ လက်ရှိ အံဝင်ခွင်မကျတဲ့ ဥပဒေမျိုးတွေကိုရော ပြင်ဆင်ဖို့ ရှိလား။
ဖြေ ။    ။ ပြင်မှာပါ။ ပြင်ရမယ်ဆိုတာက ဒီလိုလေ။ နည်းနည်းလေး ပြင်ရမှာလည်း ရှိမယ်။ အများကြီး ပြင်ရမှာလည်း ရှိမယ်။ အဲဒီတော့ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် ကောင်းရာကောင်းကျိုးအတွက် လိုတယ်ဆိုရင် တပိုင်း၊ နောက်တခါ လက်ရှိခေတ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကလည်း ဖြစ်လာတဲ့အခါ ခေတ်နဲ့လျော်ညီအောင် ပြုပြင်ရမှာတွေ ရှိတယ်။ ဒါတွေကတော့ ပြင်သွားရမယ်။ ဥပဒေတခါ ဆွဲထားပြီးရင် တသက်လုံးနေတဲ့ ဥပဒေမျိုးကတော့ ဘယ်ဖြစ်မလဲ။ ဟုတ်တယ်မဟုတ်လား။
ဘဏ်လုပ်ငန်း Banking ပိုင်းမှာလည်း ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာပဲလေ။ ငွေကြေးဈေးကွက်ဆိုရင်လည်း ဒီထက်ပိုပြီးတော့ သွက်သွက်လက်လက်နဲ့ ကျယ်ပြန့်လာအောင် ထုထည်ကြီးမားလာအောင် လုပ်စရာတွေ ရှိတယ်။ ဘဏ်တွေရဲ့ လုပ်ငန်းတွေကလည်း ဒီထက်ပိုပြီးတော့ အော်ပရေးရှင်းပိုင်းမှာလည်း ဒီထက်ပိုကောင်းအောင် လုပ်ပေးရမှာတွေ ရှိတယ်။ ဒါမှလည်းပဲ နိုင်ငံအတွင်းမှာ ငွေကြေးလည်ပတ်မှုတွေ များလာပြီးတော့ လုပ်ငန်းတွေ ကောင်းလာမှာပေါ့နော်။

မေး ။    ။ ဝန်ကြီးဌာနတွေမှာ အမြဲတန်း အတွင်းဝန်တွေ ရှိတယ်လေ။ သူတို့ကတော့ စနစ်ဟောင်းတွေနဲ့ ဖြတ်သန်းခဲ့တာပေါ့။ သူတို့လို ဝန်ထမ်းတွေနဲ့ ပေါင်းစပ်ဆောင်ရွက်ဖို့ ကျတော့ ဘယ်လို အခက်အခဲတွေ ရှိနိုင်လဲ။
ဖြေ ။    ။ ဘယ်သူတွေ ဘယ်ကနေပဲ လာလာ ဒီနေ့ဒီချိန်ခါမှာ အတူပေါင်းပြီးတော့ လုပ်မယ်ဆိုတဲ့ သဘောထားကို သူတို့ကို ပေးမှာပေါ့။ သူတို့လည်း သူတို့ အခန်းကဏ္ဍကနေပြီးတော့ အရေးကြီးတဲ့အပိုင်းတွေ ရှိတယ်။ ဒီဝန်ထမ်းတွေကို အန်ကယ်တို့ တန်ဖိုးထားမယ်။ သူတို့ကို နေရာပေးမယ်။ လုပ်ကိုင်ခွင့်တွေ ပေးမယ်။ သူတို့ကို လုပ်ပြခိုင်းမယ်။ သူတို့လိုအပ်ချက်တွေ အားလုံးကို ပံ့ပိုးပေးမယ်။ အဲလိုသွားမယ်ဆိုရင်တော့ အားလုံးအတွက် ဝမ်းသာစရာကောင်းမှာပါ။
အဲလိုမှ မဟုတ်ဘဲ အကြောင်းအရာတခု၊ ပါတီတခု အဖွဲ့အစည်းတခုကိုပဲ ကျောထောက်နောက်ခံပြုပြီးတော့ ပြည်သူ့အတွက် နိုင်ငံအတွက် သိပ်ပြီးတော့ မစဉ်းစားဘူးဆိုရင် အန်ကယ်တို့က လက်တွဲဖြုတ်သင့်ရင် ဖြုတ်ရမှာပေါ့။ ဒါကတော့ သူတို့အပေါ်မှာ မူတည်တယ်။ အန်ကယ်တို့ကတော့ အားလုံးကို ဆွဲခေါ်သွားမှာပဲ။ တိုင်းပြည်အတွက် ပြည်သူအတွက် ဆွဲခေါ်သွားရမှာပဲ။ ဒါကတော့ ပုဂ္ဂိုလ်တဦးတယောက်ချင်း အပေါ်မှာ မူတည်မှာပေါ့။

မေး ။    ။ ပြည်သူလူထုကို ဒီနေရာကနေ ဘာများ ပြောဆိုချင်ပါသေးလဲ။
ဖြေ ။    ။ ဒီနေ့ဒီချိန်ခါမှာ ပြည်သူက ယုံကြည်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ ရွေးပေးလိုက်တယ်။ လွှတ်တော်ထဲ ရောက်ပြန် တော့လည်း တခါ တိုင်းပြည်အတွက် ဒီတာဝန် ပေးခံရတဲ့အခါကျတော့ အန်ကယ် ဂုဏ်ယူပါတယ်။ ဂုဏ်ယူတယ်ဆိုတာက အန်ကယ့်အသက်က မနက်ဖြန်ဆို ၆၈ နှစ် ပြည့်ပြီ။ ဒီ ၆၈ နှစ် ပြည့်တဲ့အချိန်မှာ ဒီတာဝန် ထမ်းဆောင်ခွင့်ရတာဟာ အန်ကယ် ဂုဏ်ယူတယ်။ နောက်တခါ ဘဝတလျှောက်လုံးမှာ ရရှိလာတဲ့ အတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ ပညာရပ်တွေကို ပေါင်းပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်မယ်လို့ အားခဲထားတယ်။ ရှိတဲ့ ကျန်တဲ့အချိန်မှာ အန်ကယ်အချိန်အားလုံးကို တိုင်းပြည်အတွက်ပဲ ထားမယ်။ ပြည်သူ့အတွက်ပဲ ထားမယ်။

Loading