ရွေးကောက်ခံ သမ္မတ ဦးထင်ကျော် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးစာရင်းတွင် ဒေါက်တာ ဝင်းမြတ်အေး၏ အမည်စာရင်း ပါဝင်လာပြီး သူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး(လူ/ကယ်ပြန်) အဖြစ် တာဝန်ထမ်းဆောင်မည်ဟု သိရှိရ သည်။ ဒေါက်တာဝင်းမြတ်အေးသည် NLD ၏ ပဲခူးတိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၄ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်ပြီး မကွေး ဆေးတက္ကသိုလ်၏ ပါမောက္ခချုပ်ဟောင်းတဦးဖြစ်ကာ ကလေးအထူးကု ဆရာဝန်ကြီးတဦး လည်းဖြစ်သည်။ သူ့ကို ဆေးပညာလောကတွင် ထူးချွန်သော ဆရာဝန်တဦးအဖြစ် လည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ထူးချွန်တဦး အဖြစ်လည်းကောင်း အသိ အမှတ်ပြုခံထားရသူဖြစ်သည်။ နေပြည်တော်ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်က ဒေါက်တာဝင်းမြတ်အေးကို တွေ့ဆုံမေးမြန်း ထားပါသည်။
မေး ။ ။ ပထမဆုံး သိချင်တာက အန်ကယ်ရဲ့ အကြောင်းပါ။
ဖြေ ။ ။ ကျနော်က တကယ်တော့ ကလေးအထူးကု ဆရာဝန်ပေါ့နော်။ ကျနော် ၁၉၅၄ ဇွန်လ ၁ ရက်နေ့မှာ မွေးတယ်။ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမှာ မွေးတယ်။ မွေးပြီးတော့ အဲဒီမှာ အထက်တန်းအောင်တယ်။ အောင်ပြီးတော့ ဆေးတက္ကသိုလ် တက်တယ်။ ဆရာဝန်ဖြစ်တယ်ပေါ။ ဆရာဝန် ဖြစ်ပြီးတော့ ဘွဲ့လွန်တွေ တက်တယ်။ ကလေးအထူးကု ဆရာဝန်ဖြစ်လာတယ်။ အဲဒီ နောက်ပိုင်း ကလေးအထူးကု ဆရာဝန်ဘဝနဲ့ နယ်အနှံမှာ တာဝန်ထမ်း ဆောင်တယ်။ နောက်ပြီးတော့ သင်ကြားရေးဘက်ကို ရောက်တော့ မကွေးဆေးတက္ကသိုလ် ပါမောက္ခ ဖြစ်လာတယ်။ နောက်တခါ ရန်ကုန်ဆေး တက္ကသိုလ် ၁ ကို ပြန်ရောက်ပြီးတော့ ပါမောက္ခ ဖြစ်တယ်။ အဲဒီကတခါ ပါမောက္ခချုပ်နဲ့ ဆေးတက္ကသိုလ်(မကွေး)ကို ပြန်ရောက်တယ်။ ဆေးတက္ကသိုလ်(မကွေး)ကနေပဲ ပင်စင် ယူလိုက်တယ်။ ကျနော်ဘဝက အဲဒါပဲ။
နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရောက်တယ်ပေါ့။ ရောက်ပြီးတဲ့အခါကျတော့ ရွေးကောက်ပွဲ ဝင်တယ်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်။ ကျနော်က ပဲခူးတိုင်းဒေသကြီး အမှတ် ၄ မဲဆန္ဒနယ်မြေပေါ့။ ညောင်လေးပင်နဲ့ ကျောက်တံခါး အဲဒီမဲဆန္ဒနယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ လွှတ်တော်ထဲကို ရောက်လာတယ်။ အခုကျတော့ အစိုးရအဖွဲ့ထဲကို ပါလာတာပေါ့။
မေး ။ ။ အန်ကယ်ရဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ပတ်သက်လို့ ရှင်းပြပေးပါ။
ဖြေ ။ ။ ပြောရရင် ကျနော်တို့က အမြဲတန်း ပြည်သူ့အတွက်ကို ကြည့်တယ်။ ကျနော် ဆေးကုတယ်ဆိုလို့ရှိရင် ကလေးနဲ့ ကလေးမိဘ မိသားစုကို အလေးထားတယ်။ ကျောင်းမှာ ဆရာလုပ်တော့လည်း ကျောင်းသားတွေ ကိစ္စကို အလေးထားဆောင်ရွက်တာ ရှိတယ်။ ဆေးတက္ကသိုလ်(မကွေး)မှာ ပါမောက္ခချုပ် လုပ်တော့လည်း ဆရာ/ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသားနဲ့ ဝန်ထမ်းတွေရဲ့ ကိစ္စကို အလေးထားဆောင်ရွက်တဲ့ သဘောရှိတယ်။ အဲတော့ ကျနော်တို့ ဝန်ထမ်းဘ၀ ဆောင်ရွက်ရတာတွေက တခါတလေကျလို့ရှိရင် ကိုယ်လုပ်ချင်တာတွေ လုပ်လို့ရတာ ရှိတယ်။ လုပ်လို့မရတာတွေ ရှိတယ်။ ဆိုတဲ့အခါကျတော့ ကျနော် အငြိမ်းစား ယူပြီးတဲ့ နောက်ပိုင်းမှာ လွတ်လွတ်လပ်လပ်ပေါ့နော်။ ကိုယ်ရဲ့ ဆန္ဒရှိတဲ့အတိုင်း ခုနက မေးသလိုပေါ့။ နိုင်ငံရေး အတွက် ရည်ရွယ်ချက်ရှိလား ဘာလားဆိုတာ အဲဒီသဘောတရားတွေပေါ့နော်။ ကျနော်က ဒါမျိုး ရှိတယ်။ ငယ်ငယ်တုန်းကလည်း ကျနော် ပါဝင်ခဲ့ဖူးတာတွေ ရှိတာပေါ့။ အဲဒီကနေတဆင့် ကျနော်စိတ်ထဲမှာ ဆိုလိုတာကတော့ ပြည်သူအကျိုးရှိမယ့် ကိစ္စဆို ကျနော်က လုပ်ချင်တယ်။ အဲဒီသဘောပါပဲ။
မေး ။ ။ အန်ကယ်ကို လူမှုဝန်ထမ်းနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးအဖြစ် တာဝန်ပေးမယ်လို့ သိထားပါတယ်။ ဘာကြောင့် ဒီလို တာဝန်ပေးတာလို့ ထင်ပါသလဲ။
ဖြေ ။ ။ ဆရာထင်တာတော့ ကျနော်တို့ကလေ ဒီအစိုးရအဖွဲ့အနေနဲ့ ဖွဲ့မှာက လွှတ်တော်ကိုယ်စားလှယ်တွေက ရာခိုင်နှုန်းက နည်းနည်းပဲ ပါတယ်။ ပြင်ပက ပညာရှင်တွေကို သုံးတယ်ပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေထဲကလည်းပဲ ပညာရှင်အချို့ကိုလည်း ထည့်သုံးတဲ့ သဘောပေါ့။ နံပါတ် ၁ ကတော့ လွှတ်တော် ကိုယ်စားလှယ်ထဲက ပညာရှင်အချို့ကို ဝန်ကြီးအနေနဲ့ တာဝန်ပေးတဲ့သဘောပဲ။ နောက်တခုက ကျနော်ကျင်လည်ခဲ့တဲ့ ကျနော်ရဲ့ ဘဝသမိုင်း ပေါ့နော်။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာက ကျနော်က လူမှုရေးလုပ်ငန်းတွေ အများကြီး တာဝန်ယူ ဆောင်ရွက်ပေးခဲ့ရတာတွွေ ရှိတယ်။ နောက်ပြီးတော့ လူငယ်တွေနဲ့ အဆင်ပြေခဲ့တယ်။ လူငယ်တွေကို ပြောဆိုနိုင်တယ်။ စည်းရုံးနိုင်တယ်။ လူငယ်တွေနဲ့ သဟဇာတဖြစ်တယ်။ အဲဒီအကြောင်းတရားတွေ ပါတာပေါ့။ ပြီးတော့ ကျနော်က Public နဲ့ အဆင်ပြေတယ်။
လုပ်မယ့်အလုပ်ဆိုရင် အမြဲတန်း သေချာလုပ်မယ်ဆိုတဲ့ စိတ်က အမြဲတန်းရှိခဲ့တာပေါ့လေ။ အဓိကကတော့ ကျနော်တို့ ဒီအလုပ်တွေကို စလုပ်ကတည်းက စွန့်ရမယ်ဆိုတာ ကျနော်တို့က သိပြီးသား။ ကိုယ်ကျိုးကို စွန့်ရမယ်။ ပြည်သူ့အတွက်ပဲ ဖြစ်ရမယ်ဆိုတဲ့စိတ်က ရှိပြီးသား။ ကျနော် ဒီအတိုင်း ဆောင်ရွက်ခဲ့တာ တွေ ရှိတယ်။ လူတယောက်ရဲ့ ဘာတွေလုပ်ခဲ့လဲဆိုတာတွေကို လေ့လာကြည့်ရင် အဲဒါတွေက ပေါ်လွင်မယ်လို့ ကျနော်ထင်တယ်လေ။
မေး ။ ။ အန်ကယ်က အစိုးရဝန်ထမ်း၊ အစိုးရအရာရှိ ဖြစ်ခဲ့တယ်။ အဲဒီအတွေ့အကြုံတွေလည်း ရှိခဲ့တယ်ဆိုတော့ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဖြစ်လာတဲ့အခါ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ ။ ။ စဉ်းစားထားတာတော့ ဒီလို။ အခုကျနော်တို့က ပြည်သူ့အစိုးရ။ ပြည်သူက တိုက်ရိုက်ခန့်တဲ့ ပြည်သူ့အစိုးရပေါ့နော်။ ပြည်သူ့ရဲ့ ကိုယ်စားလှယ်က တဆင့် ပြည်သူ့ရဲ့ ကိုယ်စားလှယ်ထဲကို ပါဝင်လာတယ်။ ပြည်သူတွေ အတွက်ပေါ့။ နောက်တခါ ကျနော်တို့ရဲ့ ဝန်ကြီးဌာန လုပ်ထားတဲ့ ဖွဲ့စည်းပုံကို ကြည့် လိုက်ရင်လည်း အရမ်းကျစ်လစ်ပါတယ်။ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ကျစ်ကျစ်လစ်လစ် လုပ်ထား တယ်။
ကျစ်ကျစ်လစ်လစ် လုပ်ထားတာကတော့ သေချာနေပြီပေါ့နော်။ ဝန်ကြီးဌာနတွေ လျော့လိုက်တယ်။ ဝန်ကြီးဦးရေက စုစုပေါင်းမှ ၁၈ ဦးပဲ ရှိတယ်။ အင်မတန်ကို ကျစ်လစ်တယ်။ ထိရောက်ဖို့ပဲ လိုတော့တယ်။
ထိရောက်ဖို့အတွက်ကျတော့ ဝန်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ ကျနော်တယောက်တည်းနဲ့ လုပ်လို့မရဘူး။ ပြည်သူတွေပါမှ ရမယ်။ အရေးကြီးတာ ပြည်သူတွေ ပါရမယ်။ ကျနော်တို့က ပြည်သူတွေပါအောင် လုပ်မယ်။ ကျနော်တို့က ပြည်သူ့အကျိုးကို ဆောင်ရွက်တယ်။ ပြည်သူ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေကလည်း သူတို့အကျိုးအတွက် လုပ်တာပဲလို့ သိရင် ကျနေ်ာတို့ရဲ့ အလုပ်တွေမှာ သူတို့ပါဝင်လာမှာပဲ။
ပြည်သူဆိုတော့ အကုန်ပါတာပေါ့။ အခုဝန်ထမ်းတွေလည်း ပြည်သူတွေပဲလေ။ ကျနော်ကတော့ အဲဒီပုံစံနဲ့ သွားမယ်ပေါ့။ မေတ္တာတရားနဲ့ ကျနော်သွားမယ်။ ဝန်ထမ်းတွေကိုလည်း ကျနော်တို့ အစိုးရအဖွဲ့ရဲ့ အဓိကက အဂတိလိုက်စားမှု ကင်းရှင်းရမယ်။ နံပါတ် ၁ က။ နံပါတ် ၂ က စွမ်းဆောင်ရည် မြင့်မားရမယ်။ အဂတိလိုက်စားမှု ကင်းရှင်းဖို့အတွက်က ဥပဒေတွေ စည်းမျဉ်းတွေနဲ့ တကယ်လိုက်နာပြီး ဆောင်ရွက်တယ် ဆိုရင် ဒီကိစ္စက အဆင်ပြေသွားလိမ့်မယ်။ စွမ်းဆောင်ရည် မြင့်ရမယ်ဆိုတဲ့ အပိုင်းကျတော့ ကျနော်တို့ ကိုယ်တိုင်က ကြိုးစားနေရမယ်။ ကျနော်တို့ကို တာဝန်ပေးလိုက်တဲ့အတွက်ကြောင့် ဒီနေရာနဲ့ တန်အောင် ကျနော်တို့ လုပ်ရမယ်။ မတန်ရင် ကျနော်တို့ ထွက်သွားရမှာပဲ။ ဟုတ်တယ် မဟုတ်လား။ နောက်တခါ ဝန်ထမ်းတွေရဲ့ အပိုင်းကိုလည်း ဘယ်လို လုပ်မလဲဆိုတော့ သူတို့ရဲ့ စွမ်းဆောင်ရည်မြင့်ဖို့ ကျနော်တို့က ကူညီမှာပေါ့။ သူတို့ပါလာအောင် ကျနော်တို့က ဆောင်ရွက်ရမှာပါ။
မေး ။ ။ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဆိုတာ ပြည်သူလူထုရဲ့ ဒုက္ခကြုံရမှုတွေ တိုက်ရိုက် နည်းလမ်းရှာ ဖြေရှင်းပေးရတာဆိုတော့ ။ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာတဲ့အခါ ပြည်သူကို ထိရောက်အောင် ကူညီပေးနိုင်ဖို့ ဘယ်လိုတွေ စဉ်းစားထားပါသလဲ။
ဖြေ ။ ။ ရှိတယ်။ ကျနော် စဉ်းစားထားတယ်။ အဲဒီတော့ ဝန်ကြီးဌာနနဲ့ ပတ်သက်လို့လည်း လေ့လာတယ်။ သူတို့လည်း တော်တော်ကြီးကို အလုပ် လုပ်ဖို့အတွက် Plan တွေ၊ စီမံချက်တွေ သူတို့လုပ်ခဲ့တယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လက်စွဲစာအုပ်တွေဘာတွေ ထုတ်ပြီး စသဖြင့် တော်တော်လေး လုပ်ခဲ့တာ ရှိတယ်။ သို့သော် ဘယ်မှာ ဖြစ်လဲဆိုတော့ တကယ့်ကို ပြည်သူနဲ့ ထိတွေ့ပြီးတော့ အကောင်အထည်ဖော်တဲ့အပိုင်းမှာတော့ နည်းနည်းပိုပြီးတော့ အားစိုက်ရဦးမယ်လို့ ကျနော်ယူဆတယ်။ အဲဒီအပိုင်းကို ကျနော်က အားစိုက်မယ်။ နောက်တခု ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေးဆိုတာ လူတွေကယ်ဆယ် ပြန်လည် နေရာချထားရတဲ့အပြင်ကို မဖြစ်ခင် ကျနော်တို့က ကြိုကယ်ဖို့ လိုတယ်။
နောက်တခုက မဖြစ်ခင် ကြိုကယ်ဖို့ဆိုတာ သဘာဝဘေးအန္တရာယ်တခုခု ကျရောက်ရင် ပြည်သူက တိုက်ရိုက်ထိတွေ့ရတာလေ။ သူတို့က Response လုပ်ရတာ။ သူတို့က သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တာကို သူတို့ဒေသအလိုက်ပေါ့။ ဒါကလည်း တချို့ဒေသမှာ ဖြစ်တာက တမျိုး၊ နောက်တနေရာမှာ တမျိုး ဖြစ်နိုင်တယ်။ တနိုင်ငံလုံးမှာ အတူတူဖြစ်နေတာ မဟုတ်ဘူး။ တချို့ဒေသတွေမှာ တမျိုး၊ တချို့ဒေသမှာ တမျိုးဖြစ်တာ ရှိတယ်။
ကျနော်တို့က သူ့ဒေသနဲ့သူ ဖြစ်နိုင်ခြေရှိတဲ့ Risk ခေါ်တာပေါ့နော်။ ဒါတွေကို ကျနော်တို့က Identify လုပ်ထားရမယ်။ လေ့လာထားရမယ်။ ပြည်သူတွေ ကလည်း သိရမယ်။ ငါတို့ ဒေသကတော့ ဒီလိုမျိုး အန္တရာယ် ကျရောက်နိုင်တယ်။ ပြည်သူက နံပါတ် ၁ သိရမယ်။ သိပြီးရင် ဒီလိုမျိုးကျရောက်ရင် ငါတို့ ဘာလုပ်မလဲ။ အဲဒါကို သူတို့ကို လေ့ကျင့်ပေးထားမယ်။ သင်ထားမယ်။ ဖြစ်တာနဲ့ ဆက်တိုက်ဆက်တိုက် လုပ်သွားနိုင်မယ်ဆိုရင် ပြည်သူကိုယ်တိုင် ပါဝင်ပြီးတော့ သိပြီးတော့ သူတို့ကိုယ်တိုင် ခံယူပြီးတော့ တကယ်လုပ်ချင်အောင်၊ ဖြစ်မှ လုပ်တာမျိုး မဟုတ်တော့ဘူး။ မဖြစ်ဘဲနဲ့ သွားပြီးလေ့ကျင့်နေရင် ဒါတွေကို အလကားလို့ မထင်ပါနဲ့။ ဖြစ်ရင် အကျိုးရှိသွားပြီ။ အဲဒီလို ပုံစံမျိုး လုပ်ဖို့ ပြင်ဆင်ထားတယ်။
မေး ။ ။ အဂတိတရား ကင်းရှင်းရေး ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောနေပေမယ့်လည်း အကျင့်ဟောင်းတွေရှိနေတဲ့ ဝန်ထမ်းတွေကို ဘယ်လို စည်းရုံးမလဲ။
ဖြေ ။ ။ သိပ်မခဲယဉ်းဘူး။ အရမ်းကြီးလည်း နက်နဲမှုတော့ မဟုတ်ဘူး။ လွယ်လွယ်လေး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အစိုးရက ပြည်သူ့ အစိုးရဆိုတာ သူတို့ သဘောပေါက်သွားဖို့ လိုတယ်။ ဝန်းထမ်းတွေ အားလုံးသဘောပေါက်ရမှာ။ ဝန်ထမ်းကလည်း ပြည်သူပဲ။ ပြည်သူ့အစိုးရက ပြည်သူ့ကောင်းကျိုးလုပ်တာ။ ဝန်ထမ်းကလည်း ပြည်သူဆိုတော့ သူတို့ကောင်းကျိုးကို လုပ်တာလေ။ သူတို့ကောင်းကျိုး လုပ်တဲ့အတွက်ကြောင့် သူတို့က ဘာလို့ မကောင်းအောင် လုပ်မလဲ။
သူတို့ ကောင်းတာအတွက် လုပ်နေတယ်ဆိုတာကို နံပါတ် ၁ သဘောပေါက်ဖို့ လိုတယ်။ နောက်တခါ သူတို့ဘ၀ ပြေလည်ဖို့ ကျနော်တို့ ဖန်တီးပေးရမယ်။ သူတို့မပြေလည်တာ ဘာရှိလဲ။ သူတို့အဆင်ပြေအောင် တတ်နိုင်တဲ့နည်းနဲ့ ကျနော်တို့ ဖန်တီးပေးမယ်။ ဖန်တီးပေးဖို့ အကြောင်းတရားတွေကတော့ ကျနော် တို့က ပြည်စုံအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ယိုပေါက်တွေကို ပိတ်မှာကိုး။ ယိုသွားမယ့်အပေါက်တွေ အလဟသ ပြုန်းတီးမယ့်ကိစ္စတွေကို မလုပ်ဘူး။
အခုလည်း ထင်ရှားနေပြီလေ။ ဝန်ကြီးဌာနတွေ ပေါင်းလိုက်တာလေ။ တခြားယိုပေါက်တွေကို ပိတ်လိုက်မယ်ဆိုရင် သူတို့အတွက် ပံ့ပိုးနိုင်မယ်။ ကူညီနိုင်မယ်။ ပြည်စုံအောင် လုပ်ပေးနိုင်မယ့် အကြောင်းတရားတွေ ပေါ်လာမယ်။ အဲဒီအချိန်ကျ ကျနော်ထင်တယ်။ အဂတိလိုက်စားမှုက လျော့သွားမှာပဲ။
မေး ။ ။ အန်ကယ်တို့လို ပညာရှင်တွေကို NLD က ကမ်းလှမ်းခဲ့တာလား။ အန်ကယ်တို့ကိုယ်တိုင်က လုပ်ချင်ပါတယ်ဆိုပြီး အဆိုပြုတာလား။
ဖြေ ။ ။ ကျနော်တို့ကို ဒီအစိုးရအဖွဲ့မှာ တာဝန်ပေးအပ်တယ်ဆိုတာက ကျနော်တို့ လုပ်ချင်လို့လည်း လုပ်လို့မရဘူး။ တာဝန်ပေးမှ လုပ်လို့ရတာ ရှိတယ်။ အခုအခြေအနေကို ပြောရရင်တော့ ကျနော်တို့ကို ဒီတာဝန်ပေးမယ်။ ဒီတာဝန်ဟာ သင့်တော်တယ်။ ကြိုးစားဆောင်ရွက်ဖို့ လိုမယ်။ ဒါမျိုးတွေကို အသိပေးတာပေါ့။ အသိပေးတဲ့အခါ ကျနော်တို့ ပါဝင်တာပါ။