"ကုန်ဈေးနှုန်းကိစ္စကတော့ အဓိက ပြဿနာပဲ"

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမ္မတ အဖြစ်ရွေးချယ်ခံရသူ ဦးထင်ကျော်က ဝန်ကြီး ၁၈ ဦးစာရင်းကို တင်သွင်းပြီး လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီအထဲမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဖြစ်လာမယ်လို့ ရေပန်းစာနေတဲ့ ဒေါက်တာ သန်းမြင့်ကို ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်ကက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။    ။ ဒေါက်တာ သန်းမြင့် အကြောင်းကို အရင် သိချင်ပါတယ်။

ဖြေ ။    ။ ကျနော်က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ဟိုတုန်းက ဆိပ်ကျွန်းလို့ ခေါ်တာပေါ့ဗျာ။ ဧရာဝတီမြစ်ကမ်းပေါ် မွေးတာပေါ့လေ။ ကျနော် ဟင်္သတမှာ ကျောင်းနေတယ်။ ရွာမှာ အလယ်တန်းမှာ နေတယ်။ နောက်တခါ ရန်ကုန်ကို ၈ တန်းမှာ ရောက်လာတယ်။ ရောက်ပြီးတော့ ကျနော် ဒီမှာ ၁၀ တန်းအောင်တော့ တက္ကသိုလ်တက်တယ်။ ၁၉၆၀ ခုနှစ်မှာပေါ့။ ယုဝတီ သတင်းထောက်၊ တက္ကသိုလ် သတင်းထောက် လုပ်တယ်ပေါ့လေ။ လုပ်ပြီး ၆၁၊ ၆၂၊ ၆၃ ခုနှစ် တွေပေါ့။ ငယ်ငယ်တုန်းကလည်း အထက်တန်း ကျောင်းသား ဘဝတုန်းက ကျောင်းသားသမဂ္ဂမှာ အောက်ခြေက ပါဝင်ဆောင်ရွက်တယ်ပေါ့ဗျာ။

ဘကြီးမှိုင်းရဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ကျနော်တို့က ဝိုင်းဝန်းအားပေးတာပေါ့ဗျာ။ တက္ကသိုလ်ရောက်တော့ ယုဝတီ သတင်းထောက် လုပ်တယ်ပေါ့။ ယုဝတီ သတင်းစာကလည်း သိတဲ့အတိုင်းပဲ တော်တော် ယိုင်နေတော့ ၁၉၆၂ ခုနှစ် အာဏာလည်း သိမ်းရော သူလည်း ပြုတ်ရော။ ကျနော်တို့လည်း ၁၉၆၂၊ ၆၃ ကျောင်းသား အရေးအခင်းတွေမှာ ပါခဲ့တယ်။ ပါတဲ့အခါကျတော့ ကျောင်း တနှစ်ခွဲ အထုတ်ခံရတယ်။ အဲဒီမှာ ကျနော် အထူးမူလတန်း ဆရာဖြစ်သင်တန်း တက်လိုက်တယ်ဗျ။ တက်ပြီးတော့ မူလတန်းဆရာ လက်မှတ်ရတာပေါ့။ မူလတန်းဆရာ လုပ်သေးတယ်။

ကျောင်းပြန်တက်ခွင့်ရတဲ့အခါ စနစ်သစ် ပညာရေးအရ စီးပွားရေး တက္ကသိုလ် ပေါ်လာတော့ ၁၉၆၄ ခုနှစ် စီးပွားရေး တက္ကသိုလ်မှာ တတိယနှစ် ဝင်တက်ရ တာပေါ့လေ။ ၆၆ ခုနှစ်မှာ ဘွဲ့ရတယ်။ ဘွဲ့ရပြီးတော့ ကျနော် အဲဒီတုန်းက ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနအောက်မှာ စီမံရေးဆွဲ ဦးစီးဌာနမှာ အလုပ်ဝင် လုပ်တော့ ၆၆ ကနေ ၈၈ အရေးအခင်း ဖြစ်တဲ့အထိပဲ။ နောက်ပိုင်း ကုလသမဂ္ဂနဲ့ Assignment ရတယ်။ ၈၈ အရေးအခင်းပြီးတော့ အိန္ဒိယမှာ UNDP ပရောဂျက်မှာ တနှစ်၊ နောက် မာလဝီမှာ UNDP နဲ့ ၃ နှစ်၊ ဘော့စ်ဝါနာမှာ ၆ နှစ်။ ဒီလိုနဲ့ ဝင်လိုက်ထွက်လိုက်ပေါ့ဗျာ။

၂၀၀၃ နိုဝင်ဘာမှာ အပြီးပြန်လာပြီးတော့ ကျနော်ဒီမှာ ကုမ္ပဏီတခု ထောင်တာပေါ့။ ကျနော်အကြံပေး ကုမ္ပဏီက ကုလသမဂ္ဂ လုပ်ငန်းတွေမှာ အစုလိုက် ဖြစ်စေ၊ တယောက်ချင်းဖြစ်စေ ကုလသမဂ္ဂက အဖွဲ့အစည်းပေါင်းစုံနဲ့ အလုပ်လုပ်ရတာ ရှိတယ်။ Northern Rakhine Project ဆိုပြီး အခုပြောနေတဲ့ ရသေ့တောင် စစ်တွေဘက်မှာ UNDP အနေနဲ့ ၂ ကြိမ်လောက် ဝင်အလုပ်လုပ်ဖူးတယ်။ HIV ပရောဂျက်လုပ်တော့လည်း တာချီလိတ်၊ ဝနဲ့ မိုင်းလားဘက်တွေကို ရောက်ဖူးပါတယ်။

ပါတီပြန်ဖွဲ့တော့ ပါတီဝင်လိုက်တဲ့အခါ ပါတီအမြဲတမ်း ဦးဆောင်ကော်မတီမှာ ပါတယ်။ ၂၀၁၁ ခုနှစ်မှာပါ။ နောက်တခါ လှိုင်သာယာမြို့နယ် ပါတီညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌပေါ့။ ညီလာခံကနေ ရွေးလိုက်တော့ မြို့နယ် အမှုဆောင် ဥက္ကဋ္ဌပေါ့။ နောက်ပြီးတဲ့အခါကျတော့ အခုဗဟိုမှာဆိုရင် ဗဟို စီးပွားရေး ကော်မတီ ၆ ယောက်ရှိတယ်။ အဲဒီမှာ ကော်မတီ အဖွဲ့ဝင်ပေါ့။ ပါတီရဲ့ စွမ်းရည် မြင့်တင်ရေးသင်တန်းမှာ နည်းပြ။ အဲဒီမှာ RI Institute ဆိုတာ ထောင်ထားတာ ရှိတယ်။ အဲဒီမှာ အကြံပေးအဖြစ် လုပ်နေတုန်းပဲ။ အခု ပြည်သူ့လွှတ်တော် အမတ်အဖြစ် လှိုင်သာယာမြို့နယ်ကနေ တက်လာတာပေါ့လေ။ ဒီမှာ ရောက်ရောက်ချင်းတော့ ပြည်သူ့လွှတ်တော်က ဘဏ်နဲ့ ငွေကြေး ဖွံ့ဖြိုးမှု ကော်မတီမှာ ဥက္ကဌပေါ့လေ။ အခုကျတော့ ဒီစာရင်းထဲကို ပါလာတာပေါ့။

မေး ။    ။ အခုတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် လျာထားခံရပြီပေါ့နော်။

ဖြေ ။    ။ အဲဒီလိုပဲ ပြောကြတယ်။ ဒါက ဒီလိုပါ။ အခုက လွှတ်တော်ရဲ့ အဆိုပြုချက်ပဲ ရှိသေးတယ်။ အတည်ပြုချက် မရသေးဘူး။ ပြီးရင် ကက်ဘိနက် Meeting လုပ်ပြီးမှ တာဝန်ခွဲမှာပါ။ ဘယ်တာဝန်မှာ ပါမယ်ဆိုတာတော့ သဘောတရားလောက်တော့ သိတာပေါ့နော်။
မေး ။    ။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဆိုတာ တော်တော်လေးကို ကျယ်ပြန့်ပါတယ်။ အဲဒီတော့ ဘယ်လိုလုပ်ငန်းတွေကို စတင်ဆောင်ရွက်မယ်လို့ စိတ်ကူးထားတာ ရှိလဲ။

ဖြေ ။    ။ လုပ်ငန်းကတော့ ကျနော်တို့ ၂ မျိုး ရှိတယ်ဗျ။ တမျိုးက ပြည်တွင်းပေါ့။ ပြည်တွင်းမှာ လောလောဆယ် လုပ်ဖို့က ကုန်စည် စီးဆင်းမှု မှန်မှန်ကန်ကန် ရှိဖို့ပေါ့ဗျာ။ Trade Flow မှန်ဖို့လိုတာက တချက်။ နောက်တချက်က ဒီကဏ္ဍက တခြားဝန်ကြီးဌာနတွေနဲ့ သိပ်ဆက်စပ်နေတယ်။ လယ်သမားက ကုန်ထုတ်မှု လုပ်တဲ့အခါမှာ သီးနှံ သတ်မှတ်တဲ့ဈေးနှုန်း၊ မှန်ကန်တဲ့ ဈေးနှုန်း ရဖို့ လိုတာပေါ့။ စားသုံးသူတွေမှာလည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူစားသောက်နိုင်ဖို့ လိုတာပေါ့။ ဒီထုတ်လုပ်သူနဲ့ စားသုံးသူကြားထဲမှာ ဖြန့်ချိရေးလို့ဆိုတဲ့ Supply Change ပေါ့။ မှန်မှန်ကန်ကန်နဲ့ လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်ဖို့ လိုတယ်။ အခု Supply Change တွေက သဘောက ထုတ်လုပ်သူ လယ်သမားအတွက်နဲ့ ဒီဘက်က စားသုံးသူ ဝယ်ရတာက တော်တော်ကွာတယ်ဗျ။ ကွာဟတော့ လယ်သမားက နာတာပေါ့လေ။ တဖက်ကလည်း စားသုံးသူမှာ နာတာပေါ့။ ကြားထဲမှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေက ရှိနေတယ်။ ဒါကိုလည်း ကျနော်တို့က ဖြေရှင်းရမှာပေါ့လေ။

နောက်တခါ ပြည်ပကျတော့ ကျနော်တို့ကလည်း Import, Export ပေါ့။ ဒီဟာကလည်း ကျနော်တို့ရတဲ့တန်ဖိုးက နည်းပြီးတော့ သွင်းကုန်က များနေတဲ့ အခါကျတော့ ရေရှည်ကျတော့ မဖြစ်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် Export ပစ္စည်းတွေ အမျိုးမျိုးထုတ်နိုင်အောင် ဈေးများများရအောင်၊ နောက်ပြီးတော့ Border Trade တွေ ရှိတဲ့အခါကျတော့လည်း Trade မှာ တနိုင်ငံတည်းကို အားကိုးနေရမယ့်အစား နိုင်ငံပေါင်းစုံပေါ့ဗျာ။ အာဆီယံနိုင်ငံများ၊ EU နိုင်ငံများ အထိရောက်အောင် ဒါကိုတော့ ကြိုးစားပမ်းစား လုပ်ရမှာပေါ့ဗျာ။

လုပ်တဲ့အခါကျရင်တော့ ကျနော်တို့က ချို့ယွင်းချက်တော့ ရှိတာပေါ့။ တိုင်ပင်ညှိနှိုင်း ကြရမှာပေါ့။ ဝန်ကြီးဌာနတခုတည်း လုပ်လို့ မရဘူး။ ကျန်တဲ့ ကုန်သည်ကြီးများ အသင်းတို့၊ စက်မှုလက်မှု အသင်းတို့၊ ဒေသဆိုင်ရာ ကုန်သည်များအသင်းတို့၊ စားသုံးသူ အသင်းတို့ တောင်သူလယ်သမားတွေကလည်း သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ညှိနှိုင်းတိုင်းပင်ရမယ်။ ပြင်ပက ပညာရှင်တွေလည်း ရှိမယ်ဗျာ။ နိုင်ငံတကာကလည်း အိမ်နီးချင်းနိုင်ငံက သော်လည်းကောင်း၊ အာဆီယံ နိုင်ငံတွေ ကသော်လည်းကောင်း၊ အီးယူလို ဂျပန်လို နိုင်ငံတွေက သော်လည်းကောင်း၊ ကျနော်တို့က ညှိနှိုင်းဆွေးနွေးမယ်။ ကျွမ်းကျင်သော အကူအညီတွေ ယူမယ်။ Export Trade ကို ကျယ်ပြန့်လာအောင် လုပ်မယ်ဗျာ။

Import ကျတော့လည်း ကျနော်တို့ စိုးရိမ်တာကတော့ AEC ပေါ်လာတဲ့ အခါကျတော့ ပစ္စည်းဈေးကွက်ကိုလည်း ကိုယ်တွေက ဖန်တီးပေးရမယ်ဆိုတော့ အများစုက အနီးအနားနိုင်ငံအပေါ် သိပ်မီခိုနေရတာဆိုတော့ ကုန်ပစ္စည်းတွေက ထိုးဖောက် ဝင်ရောက်လာရင် အထူးသဖြင့် အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်း အများအပြားရှိတော့ သူတို့ထုတ်တဲ့ ပစ္စည်းတွေကို ကျနော်တို့က ယှဉ်ပြိုင်နိုင်ပါ့မလားပေါ့ဗျာ။ ကျနော် စဉ်းစားရတာပေါ့။ မယှဉ်ပြိုင်နိုင်ရင် သူတို့က ထိုးဖောက် ဝင်ရောက်လာရင် ကျနော်တို့ရဲ့ စက်မှုလုပ်ငန်း ထုတ်ကုန်တွေကို ထိခိုက်နိုင်တာပေါ့။ ဒါတွေကလည်း တခြားဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ရမှာပေါ့။ ဒါတွေကတော့ စိုးရိမ်ချက်တွေပေါ့။

မေး ။    ။ ဒေါက်တာ သန်းမြင့် ကိုင်တွယ်ရမယ့် ဝန်ကြီးဌာနက ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ တော်တော် ဆက်စပ်မှု ရှိပါတယ်။ ကျနော်တို့ ပြည်သူတွေမှာ ခေတ်အဆက်ဆက် ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ခံခဲ့ရတာဆိုတော့ အဲဒီလို ပြဿနာတွေ မကြုံတွေ့ရအောင် ဘယ်လို ဖြေရှင်းသွားမလဲ။ လူထုရဲ့ အသံကို ဘယ်လို နားထောင်မလဲ။

ဖြေ ။    ။ အသံတွေ နားထောင်ဖို့ ရှိတာပေါ့။ ကုန်ဈေးနှုန်း ကြီးတယ်ဆိုတာတော့ အကြောင်းအမျိုးမျိုး ရှိတာပေါ့ဗျာ။ ကျနော်တို့ ထုတ်လုပ်သူနဲ့ စားသုံးသူ ကြားထဲမှာ ဖြန့်ချိရေးပုံစံကို လက်ဝါးကြီးအုပ်မှုတို့၊ ဈေးကွက်ကစားတာတို့၊ ရာသီဥတုကြောင့် ပျက်စီးတာတွေနဲ့ နိုင်ငံခြားက အကြောင်းအမျိုးမျိုးကြောင့် ဝင်တဲ့ကုန်တဲ့ ရပ်သွားတာမျိုးတို့နဲ့ အမျိုးမျိုးတော့ ရှိတာပေါ့။ သို့သော် ကုန်ဈေးနှုန်းတက်တယ်ဆိုတာ သာမာန်အားဖြင့် သင့်တင့်မျှတတဲ့နှုန်းဆို ကိစ္စမရှိဘူး။ ဝင်ငွေကလည်း ပုံမှန်တိုးနေရင်တော့ ကိစ္စမရှိဘူး။ ဒါပေမယ့် လူထုရဲ့ အခြေခံ စားဝတ်နေရေးကို ထိခိုက်လာရင်တော့ လက်ခံလို့ မရဘူး။

ကျနော်တို့ကတော့ လူထုကလည်း ပြောမယ်ဆိုရင် နှစ်ပေါင်းများစွာက ခံစားလာရတာ ရှိတယ်။ အလုပ်အကိုင် ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ သွားရေး၊ လာရေး၊ နေရေး၊ ထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး ကိစ္စတွေလည်း ရှိတော့ သူတို့မှာက လိုအပ်ချက်တွေက အများကြီးပဲ။ ဒီထဲမှာ ကုန်ဈေးနှုန်းကိစ္စကတော့ အဓိက ပြဿနာပဲ။ ကျနော်တို့က သူတို့ရဲ့ အမြင်ကို ယူမယ်။ လွှတ်တော်မှာလည်းပဲ ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်သင်တန်းတွေမှာ ဆွေးနွေးတဲ့အခါ ကျနော်တို့ အစိုးရသည်ဖြစ်စေ၊ ကျနော်တို့ရဲ့ လုပ်ငန်းများကို အောက်ခြေက ဝန်ထမ်းများက ဥပဒေအတိုင်း သမာသမတ်ရှိရှိ ဆောင်ရွက် နိုင်လား၊ မဆောင်ရွက်နိုင်ဘူးလား ဆိုတာသည်  လွှတ်တော်ဘက်ကလည်း ကြည့်ရမှာပဲ။

ပြည်သူများကလည်း ဝန်ကြီးတွေကအစ ဌာနဆိုင်ရာတွေအပါအဝင် အောက်ခြေဝန်းထမ်းတွေ မှန်မှန်ကန်ကန် ဆောင်ရွက်ရဲ့လားဆိုတာ စောင့်ကြည့်ကြပါ။ ကြည့်လည်း ကြည့်ကြမှာပဲ။ ကြည့်ဖို့လည်း အားပေးပါတယ်။ ခင်ဗျားတို့ မီဒီယာတွေကိုလည်း အားပေးတယ်။ ဘာပဲဖြစ်ဖြစ် အောက်ခြေက အမြင်ကိုလည်း ကျနော်တို့က ယူရမှာ။ ယူပြီးတော့ သူတို့အကြံညဏ်ကိုလည်း ယူရမယ်။ ဘယ်လိုခံစားရလဲ။ ဘယ်လိုဖြစ်ချင်လဲဆိုတာ ဘယ်လိုသူတို့ ပါဝင် ဆောင်ရွက် နိုင်မလဲဆိုတာကို လူမှုအဖွဲ့အစည်းတွေကရော Trade Union လိုဟာမျိုးတွေကနေ ကုန်သည် စက်မှု အသင်းလို စားသုံးသူ အသင်းလို လယ်သမား သမဂ္ဂတို့လို အမြင်မျိုးတွေ ယူရမယ်။ သူတို့ အမြင်တွေ အားလုံးယူပြီးတော့ အကောင်းဆုံး ဖြစ်အောင် လူထုက ပြောင်းလဲချိန် တန်ပြီဆိုတော့ ပြောင်းလဲတဲ့ အခြေအနေဖြစ်အောင် ကျနော်တို့က လုပ်ကို လုပ်ရမယ်ဗျ။

လုပ်ငန်းတွေကတော့ စိန်ခေါ်မှုတွေ အများကြီးပေါ့ဗျာ။ လူထုလိုအပ်ချက်က များတယ်။ ကျနော်တို့ ဒီဘက်က စွမ်းရည်ကိုလည်း ထည့်တွက်ရသေးတယ်။ နောက်တခါ ဝန်ထမ်းများကလည်း ဘာပဲ ဖြစ်ဖြစ် ဥပဒေကြောင်းအရ ဆောင်ရွက်မှုနဲ့ သမာသမတ်ရှိဖို့ ဆိုတာလည်း လိုအပ်တယ်လေ။ ဝန်ထမ်းတွေမှာက စွမ်းရည်ကတော့ ရှိပြီးသားပါ။ ကျနော်တို့က တည့်မတ်ပေးလိုက်ရုံပဲ။ ပွင့်လင်းမြင်သာမှု ရှိဖို့ပဲ လိုတယ်။ ဒီနည်းလမ်းတွေက ပြီးခဲ့တဲ့ အစိုးရနဲ့ ခြားနားမှုတွေပဲ။

Did you find apk for android? You can find new Free Android Games and apps.
Loading