မြန်မာနိုင်ငံ၏ ယခုနှစ်နွေရာသီတွင် အယ်နီညိုကြောင့် ရာသီဥတုက ပိုမိုပူပြင်းနေသည်။ ထို့အပြင် ခရမ်းလွန်ရောင် ခြည် အညွှန်းကိန်းများကလည်း တနေ့ထက်တနေ့ မြင့်တက်လာနေပြီး အန္တရာယ်ရှိသည့်အဆင့်ထက် ကျော်လွန်နေ ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပွားနိုင်သည့် အရေပြားပြဿနာများနှင့် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ရေကစားကြမည့်သူများအနေဖြင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အရေပြားပြဿနာများအား ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ဆောင်ရန်ရှောင်ရန် အချက်များကို ဧရာဝတီ သတင်းထောက် ဇူးဇူးက အထူးအရေပြား ရောဂါကုဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာလင်းထက်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး – ခရမ်းလွန်ရောင်ခြည်ထိရင် လူ့ခန္ဓာကိုယ်မှာ အရေပြားနဲ့ပတ်သက်ပြီး ဘာတွေဖြစ်မလဲ။
ဖြေ – ရုတ်တရက်ပြောင်းလဲမှု မြင်သာတဲ့ ထင်သာတဲ့ဟာတွေက ပထမဆုံး နေလောင်မယ်။ အရင်တုန်းက ၁၅ မိနစ် လောက်အပြင်ထွက်ရင် ဘာပြဿနာမရှိပေမယ့် အခုကျတော့ အရေပြားမဲခြောက်။ တချို့နည်းနည်းပါးဖြူတဲ့ အသား လတ်တဲ့သူဆို ရဲတက်လာတာ။ ဒါက သာမန်အဆင့်။ အဲထက်ဆိုးရင် ရဲတက်တင်းကားပြီး အရေကြည်ဖုတွေပါထလာ မယ်။ မီးလောင်ဖုတွေလိုထလာတာ။ အဆင့်က နည်းနည်းပြင်းလာပြီ။ အဲထက်ဆိုးလာရင် တကိုယ်လုံး မီးလောင်ဖု တွေဖြစ် ပေါက်ပြဲ တော်တော်ဆိုးသွားပြီ။ သူတို့ကိုဆို မီးလောင်တဲ့ဒဏ်ရာရသူတွေကို ကုသသလို ကုသရမှာ။ အရမ်း ပြင်းလွန်းတဲ့ နေလောင်မှုပေါ့။ ဖြစ်ခဲပေမယ့်လည်း ကြိုသိထားတော့ ကောင်းတာပေါ့။ ဒါက နေရောင်တိုက်ရိုက်ထိတွေ့ ပြီး အသားရေပျက်စီး နေလောင်တာ။
နောက်တချက်က ဝက်ခြံ။ နေရောင်က ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းထဲ တချက်ပါတယ်။ ဝက်ခြံရှိပြီးသားသူတွေက ပို ထွက်လာမယ်။ မရှိသေးသူတွေက ထွက်လာနိုင်တယ်။ နောက် တင်းတိပ်။ အမဲစက်တွေထွက်လာမယ်။ နောက်တခါ နေရောင်နဲ့မတည့်တဲ့ရောဂါသည်တွေရှိတယ်။ အရေပြားလေးဘက်နာ။ သူတို့တွေက နေရောင်နဲ့မတည့်ဘူး။ နေရောင် ထိလို့မရဘူး။ ထိတာနဲ့ပိုဆိုးလေပဲ။ နေရောင်မထိအောင် ဆရာတို့မှာကြားထားတဲ့အတိုင်း နေကြရမယ်။
နောက်တချက် ရာသီဥတုက ပူမယ် အိုက်မယ်ဆိုတဲ့အတွက် ခန္ဓာကိုယ်က ချွေးတွေအရမ်းထွက်ပြီး မိတ်တွေထွက်လာ မယ်။ မိတ်ကလည်း နည်းတဲ့သူရှိတယ် များတဲ့သူရှိတယ်။ တပြင်လုံး ပြင်းပြင်းထန်ထန်ထွက်လာပြီဆို ပေါ့ဆလို့မရပါ ဘူး။ မိတ်ကမှတဆင့် ယားယံမယ် ကုတ်မယ် အရေပြားတွေက ချွေးနဲ့နူးနေတော့ ပဲ့ထွက်ပြီး ဖုန်တွေဝင် ပိုးတွေဝင်ပြီး ဆိုးတဲ့အဆင့်ကို ရောက်လာမယ်။ နောက်တခုက ချွေးနဲ့နူးနေတဲ့အရေပြားကို မှိုကကြိုက်တယ်။ အဲဒီလို စိုစိုစွတ်စွတ် နူးနူးကို ကြိုက်တဲ့အတွက်ကြောင့် မှိုတွယ်တာကနေ ပွေးတို့ ညှင်းတို့ ဖြစ်လာတယ်။ ဒါတွေက ဖြစ်လာမယ့်ပြဿနာ တွေပါ။
မေး – ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဖြစ်နိုင်တယ်ဆိုတာရော ဟုတ်ပါသလား။
ဖြေ – ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ အရမ်းမြင့်ရင် အရေပြားကင်ဆာဖြစ်နိုင်တယ်။ ဒါအရမ်းခေတ်စားတဲ့ စကားလုံးပေါ့။ အဲတော့ ခရမ်းလွန်ရောင်ခြည်ထိရင် ငါ့အရေပြားတော့ ကင်ဆာဖြစ်ပြီလို့ ထင်နေကြတယ်။ အဲဒီလို တော့မဟုတ်ပါဘူး။ ခရမ်းလွန်ရောင်ခြည်ထိရင် အရေပြားပျက်စီးမယ်။ သာမန်ထက်စာရင် ပိုပြီးပျက်စီးလွယ်တာပေါ့။ ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းပိုများလာတယ်။ ဒီနေ့ထိပြီး နောက်နေ့ ကင်ဆာဖြစ်တော့မယ်လိုမျိုးမဟုတ်ဘူး။ ဒီတကြိမ်ထိပြီး နောက် ၁၀ နှစ်ကြာရင် ကင်ဆာဖြစ်မှာလား အဲလိုလည်း ပြောလို့မရဘူး။ ခရမ်းလွန်ရောင်ခြည်ထိလို့ ပျက်သွားတဲ့ ဆဲလ်တွေကို ခန္ဓာကိုယ်က ပြန်လည်ပြုပြင်ပေးပါတယ်။ ဒါပေမယ့် ပျက်လွန်းအားကြီးပြီး မပြင်နိုင်တော့တဲ့ အဆုံးကျရင်တော့ ကင်ဆာဆိုတာ ဖြစ်ကြရတာ။ သဘောတရားက အဲဒါပဲ။ ဆေးပညာအရ ရုတ်တရက်ကြီးတော့ ကင်ဆာ ဖြစ်မယ်လို့မဟုတ်ပေမယ့် ကင်ဆာဖြစ်ဖို့ အန္တရာယ်ရှိလာတယ်လို့ ပြောတာပါ။
နောက်ပြီး မြန်မာလူမျိုးတွေရဲ့ အရေပြားက အညိုဆိုတော့ ခရမ်းလွန်ရောင်ခြည် အတော်အတန် နေရောင်ကို ခံနိုင် တယ်။ အညိုရောင်ထွက်ထားတဲ့ဟာတွေက ခရမ်းလွန်ရောင်ခြည်ကြောင့် ဆဲလ်ပျက်စီးမှုကို သက်သာစေတယ်။ ဒါပေမယ့် အခုလိုအချိန်မျိုးကတော့ အရမ်းပြင်းထန်တဲ့အတွက် အညိုရောင်အသားပိုင်ရှင်တွေလည်း ဂရုစိုက်ရမယ့် အချိန်ရောက်နေပြီ။ အရမ်း အန္တရာယ်များပါတယ်။ မကြာခဏသာ ထိတွေ့နေမယ်ဆိုရင်တော့ အရေပြားကင်ဆာ နောင်တချိန် ဖြစ်လာနိုင်တာပေါ့။ ဒါက ကြောက်ကြတဲ့ အရေပြားကင်ဆာကို ပြောပြတာပါ။
အရေပြားကင်ဆာရှိသလို ကြာမှဖြစ်တဲ့ အရေပြားမကောင်းတာ ပျက်စီးတာတွေဖြစ်နိုင်ပါတယ်။ အရေပြားမကောင်း တာကြောင့် အိုမင်းရင့်ရော်မှု ပိုလွယ်တယ်။ အသက်အရွယ်နဲ့မလိုက်တဲ့ အိုမင်းရင့်ရော်မှုတွေဖြစ်မယ်။ အရေးကြောင်း တွေနဲ့ ကြမ်းကြမ်းကြီးဖြစ်လာပြီး အသက်က ၄၀ လောက်ပေမယ့် ၆၀ လောက်ထင်ရတယ်။ နေရောင်ခြည်ကြောင့် ဆဲလ်တွေကိုပျက်စီးစေတယ်။ တင်းရင်းစေတဲ့ ဆဲလ်တွေအကုန်ပျက်ပြီး မတင်းနိုင်တော့ အကုန်လုံးလျော့ရဲပြီး အရေ ပြားတွေမှာ အရေးအကြောင်းတွေဖြစ်ကုန်ပြီး အသက်ထက် ပိုပြီးအိုမင်းရင့်ရော်မှုဖြစ်စေပါတယ်။
မေး – ကလေးတွေအနေနဲ့ရော ဘယ်လိုအရေပြားရောဂါ မျိုးတွေ ခံစားရနိုင်ပါသလဲ။
ဖြေ – ဒီလို ရာသီဥတုအခြေအနေမျိုးမှာ ကလေးတွေကို အထူးဂရုစိုက်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့နုနယ် တဲ့အသားအရေဟာ ထိမယ်ဆိုရင် ပိုပြီးတော့ လူကြီးထက်ခံရမယ်။ ပြောင်းလဲမှုတွေဖြစ်လာမယ့် ဆဲလ်အသစ်တွေ အတွက် နေရောင်ခြည်က ဖျက်ဆီးလိုက်မယ်ဆိုရင် ဆဲလ်တွေက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲမှုတွေဖြစ်လာမယ်။ မိဘ တွေအနေနဲ့ ဂရုစိုက်သင့်တယ်။ သူတို့ရဲ့အရေပြားလေးက နုတယ်။ ပျက်စီးလွယ်တယ်။ ရောဂါဝေဒနာတွေကတော့ လူကြီးတွေနဲ့အတူတူပဲ။ ဒါပေမယ့် သူတို့က ပိုပြီးပြင်းပြင်းထန်ထန်ခံစားရတာပေါ့။ ကုသရာမှာလည်း ခက်တယ်။ ဆေး ဆိုလည်း သူတို့နဲ့မတည့်မှာဆိုးတော့ ရွေးရတာတွေရှိတယ်။ သူတို့က နုတာကိုး။
မေး – အရေပြားရောဂါဖြစ်လာရင် ဆေးမြီးတိုတွေနဲ့ ကုသတာရှိတယ်။ အဲဒါတွေကရော ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်လဲ။
ဖြေ – သာမန်အဆင့်မှာတော့ ပြဿနာမရှိသလောက်ပဲ။ နေလောင်ပြီး သာမန်လောက်ရဲတာလောက်တော့ ပြဿနာ မရှိဘူး။ အဲဒီထက်ပိုဆိုးတာကို ဆေးမြီးတိုနဲ့ကုတယ်ဆိုရင်တော့ အန္တရာယ်ရှိတာပေါ့။ တချို့ကလျှောက်လုပ်တာပေါ့။ ဟိုဆေးရွက်လိမ်း ဒီဆေးရွက်ကြိတ်ထည့်။ အဲလုပ်လိုက်ခြင်းအားဖြင့် တခါတလေမှာ လိမ်းလိုက်တဲ့ဟာတွေက မတည့် ဘဲ ထပ်ဆိုးသွားတာမျိုးတွေရှိတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ ခံရတာပေါ့။ အမှန်တော့ သေသေချာချာ ကုသမှု ခံယူသင့်တယ်။ အရေပြားပြဿနာတွေ ဖြစ်လာပြီဆိုရင် တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်တာကောင်းပါတယ်။
မေး – အန္တရာယ်များတဲ့ ခရမ်းလွန်ရောင်ခြည်မထိအောင် ဘယ်လိုကာကွယ်ရမလဲ။
ဖြေ – အရေပြားနဲ့ဆိုင်တာ အဓိကထားပြောရမယ်ဆိုရင် ပထမဆုံးကတော့ ပြင်ပနေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့ လုပ်ငန်းခွင်ဝင်နေကြသူတွေ တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ရမယ်။ အဲဒါ အရေးကြီးဆုံးပဲ။ ဒီလိုကာကွယ်တဲ့အခါ တိုက်ရိုက်မထိတွေ့အောင်ဆိုပြီး အဝတ်အထူကြီးတွေဝတ်တာမျိုးနဲ့ မရနိုင်ဘူး။ သူ့ရဲ့ပြင်ပအပူချိန်ဆိုတာ ရှိသေးတယ်။ ပြင်ပအပူချိန်နဲ့ လိုက်လျောညီထွေအောင်လုပ်ရမယ်။
နောက်ပြီး လူတွေအထင်က ခရမ်းလွန်ရောင်ခြည်ဟာ နေရောင်ခြည်ထဲမှာပါတယ်။ ဒါကြောင့် နေရောင်ထိမှ ခရမ်းလွန် ရောင်ခြည်ထိမယ်လို့ ထင်နေကြတယ်။ ဒါမဟုတ်ဘူး။ နေရောင်ထိရင်တော့ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိမှာပေါ့။ နေရောင်မထိတာနဲ့ ခရမ်းလွန်ရောင်ခြည် မထိဘူးလို့ ပြောလို့မရဘူး။ ရောင်ခြည်လှိုင်းဆိုတော့ တခြားနည်းနဲ့ ဝင်လာ လို့ရတယ်။
ဒါကြောင့် မျက်နှာကိုကာကွယ်ဖို့ အနားသတ်ကျယ်ပြန်တဲ့ ဦးထုပ်၊ ထီး ဆောင်းလို့ရတဲ့အပြင် မြန်မာလူမျိုးတွေအတွက် က သနပ်ခါးလိမ်းပေါ့။ သနပ်ခါးမလိမ်းသူတွေအတွက် နေရောင်ကာဆီလိမ်း။ နေရောင်ကာဆီဆို အနည်းဆုံး SPF 30 လောက်ပါတာလိမ်းပါ။ ဒါက တတ်နိုင်သလောက် ကာကွယ်တာ။
နောက်တခုက နေရောင်ခြည်ထဲနေတဲ့အခါ ချည်ထည် အကျီပွပွ လက်ရှည်ပေါ့။ တတ်နိုင်သလောက်ဖုံးတာကောင်း တာပေါ့။ အနက်ရောင်မဝတ်ရဘူး။ အနက်က အပူစုပ်တဲ့အခါကျတော့ တတ်နိုင်သလောက် အဖြူရောင်ဝတ်ရမယ်။ ဒါမှအလင်းပြန်ပြီး လှိုင်းကိုပြန်နိုင်အားရှိမယ်။
နေ့ခင်းဘက်တွေ တတ်နိုင်သလောက် အပူချိန်မြင့်လာပြီဆို မနက် ၁၀ နာရီလောက်ကနေ တချို့ကတော့ နေ့လယ် ၃ နာရီ လောက်ဆိုပေမယ့် ဆရာတို့ကတော့ ၄ နာရီလောက်။ အပူချိန်တွေက မြင့်လွန်းနေတယ်။ မနက် ၁၀ နာရီကနေ ၄ နာရီကြား အပြင်ကိုမထွက်နဲ့။ ခက်တာက ၁၀ နာရီကနေ ၄ နာရီထိဆိုရင် အလုပ်လုပ်ချိန်ကိုထိခိုက်တာပေါ့။ ဒါ ကြောင့် တတ်နိုင်သလောက် မထွက်ဘူးပြောရမယ်။ တတ်နိုင်သလောက် အရိပ်ထဲမှာလုပ်ဖို့ မတတ်သာတဲ့အဆုံးမှ သာ ထွက်လုပ်ဖို့။ အလုပ်ရှင်တွေနဲ့ လုပ်ငန်းခွင်ကြီးကြပ်သူတွေက ဒါတွေကို စနစ်တကျ စီစဉ်ပေးသင့်တယ်။ ဒါက ခရမ်းလွန်ရောင်ခြည် ကာကွယ်တာပါပဲ။
မေး – သင်္ကြန်ကာလ ရေကစားမယ့်သူတွေအတွက်ရော အပူဒဏ်ကြောင့် အရေပြားပြဿနာတွေမဖြစ်အောင် ဘာတွေအကြံပြုချင်ပါသလဲ။
ဖြေ – သင်္ကြန်ကာလမှာက နေကြောင့် သို့မဟုတ် လေကြောင့် သို့မဟုတ် ရေကြောင့် အရေပြားထိခိုက်မယ့် ပြဿနာ တွေရှိတယ်။ ဒီ ၃ ခုစလုံးကြောင့် အရေပြား ပျက်စီးနိုင်တာလည်းရှိတယ်။ ရေစိုတယ် နေထိုးလိုက်တော့ ခြောက်သွား တယ်။ လေတိုက်တယ် ပိုခြောက်သွားတယ်။ စိုလိုက်ခြောက်လိုက်နဲ့ ပိုဆိုးတယ်။ အရေပြားတွေ အက်သွားတယ်။ လန် ထွက်ကုန်တယ်။ တချို့ ဆိုးဆေးတွေ မျက်နှာတွေခြယ်ကြတယ် ဒါတွေက တည့်ချင်မှ တည့်တာ မတည့်လည်း မတည့်ရော ယားယံတာတွေ ဖြစ်ကုန်ရော။ ဆပ်ပြာမှုန့်တွေလည်း သတိထားရမယ်။
မျက်လုံးကို နေကာမျက်မှန်တပ်ရမယ်။ အရေပြားတွေမထိအောင် နေရောင်ကာဆီတွေလိမ်းရမယ်။ နေရောင်ကာဆီ က ရိုးရိုးနေရောင်ကာဆီ မရဘူး။ ရေစိုခံတဲ့ နေရောင်ကာဆီတွေလိမ်းရမယ်။ လက်ကိုတော့ တတ်နိုင်သလောက် အကျီ လက်ရှည်တွေဝတ်ပါ။ စောစောက အဖြူရောင်လို့ပြောခဲ့ပေမယ့် သင်္ကြန်ကျတော့ အဖြူရောင်မရဘူး။ ရေစိုမှာဖြစ်တဲ့ အတွက် အဖြူရောင်က အလင်းပြန်နိုင်စွမ်းပြုတ်ကျသွားရော။ ဒါကြောင့် အရောင်တောက်တဲ့အကျီလေးတွေ ချည်သားပွပွလေးတွေ ဝတ်ရမယ်။
ဆံပင်ကိုလည်း တတ်နိုင်သလောက်အုပ်ထားပါ။ ဆံသားပျက်စီးမှုကာကွယ်တာပေါ့။ အနားယူတဲ့အခါလည်း ဖိနပ်ကြီး တွေကိုချွတ်ထားပါ။ မဟုတ်ရင် ရေတွေနဲ့နူးပြီး မှိုတွေစွဲလာမယ်။ ဒါ အပြင်မှာ နားနေတဲ့သူတွေကိုပြောတာ။ အိမ်ပြန် နားတဲ့သူတွေကတော့ ရေချိုးပါ။ ရေပက်ခံကပြန်လာပြီးရင် ရေအကောင်းနဲ့ ပြန်ချိုးရပါတယ်။ မသန့်တဲ့ရေတွေထိလာ သလို တခြားသောအကြောင်းတွေလည်းရှိပါတယ်။ ပြီးရင် အရေပြားထိန်းသိမ်းမှုအနေနဲ့ ဆီလိမ်းရပါမယ်။ ဒါတွေက ကိုယ့်ဘက်က ပြန်လုပ်ယူရမှာ။ တကိုယ်ရည်သန့်ရှင်းမှုကလည်း အဓိကကျတယ်။
သင်္ကြန်ကာလအတွင်း အရက်သောက်သူတွေ။ အရက်ချိုးတွေ သူတို့တွေက နေရောင်ခြည်နဲ့မတည့်ဘူး။ အရေပြားက ရဲရောင်ပြီး အရေကြည်ဖုတွေထလာရော။ အရင်ကတော့ ပူတော့ အပြင်မထွက်ဘဲ အရက်သမား အိမ်ထဲမှာနှပ်နေတာ။ သင်္ကြန်ကာလရောက်တော့ အပြင်ထွက်ပြီး အရက်သောက် ဝေးလားဝါးလားလုပ်တော့ အကုန်လုံး အရေပြားတွေ ယားယံ ကုန်ရော။ အရက်သောက်တာ မကောင်းဘူးဆိုတာ ပြောစရာတောင်မလိုပါဘူး။
မေး – သင်္ကြန်နဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ – အစိုးရအာဏာပိုင်တွေကိုယ်တိုင်၌က ဒီလိုရာသီဥတုနဲ့ဆိုရင် ရေပက်ချိန်ကို သတ်မှတ်ပေးထားလိုက်။ ရေမပက် ရဆိုတဲ့ အချိန်ကိုလေ။ ဒီမိုကရေစီဘယ်လောက်ကျကျ ပြည်သူလူထုအန္တရာယ်ဖြစ်စေတယ်ဆိုရင် အမိန့်ကြော်ငြာစာ တွေ ထုတ်ပြန်ဖို့လိုတယ်။ ဒီမိုကရေစီဆိုပြီး လုပ်ချင်ရာလုပ်နေလို့မရဘူး။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေက တအားများလာတယ်။ ပြည်သူလူထုက ဒါကြီးကိုထွက်ပြီး တအုန်းအုန်းလုပ်တော့မယ်။ တွေ့ပါလိမ့်မယ်။ မြန်မာပြည် အလယ်ပိုင်းက မြို့တော်ကြီးက နေပူထဲမှာ တအုန်းအုန်းလုပ်နေကြတယ်။ နေ့လယ်အထိ မရပ်သေးဘူး။ အာဏာပိုင် အဖွဲ့အစည်းတွေက စည်းကမ်းချက်တွေ ထုတ်ပြန်သင့်တယ်။ တကယ့်အပူပြင်းဆုံးအချိန်မှာ ရေပက်ခြင်းမပြုလုပ်ဖို့ ထုတ်ပြန်သင့်တယ်။
အာဏာပိုင်တွေက မထုတ်ပြန်ရင်လည်း ပြည်သူလူထုက မနက်ကို စောစောစပက် နေ့လယ်စောစာသိမ်း ညနေ နောက်ကျမှထွက် ၁၀ နာရီကျော်တာနဲ့ တော်တော်ပူနေပြီ။ အလွန်ဆုံး ၁၁ နာရီပေါ့။ ညနေဆို ၄ နာရီက ပူတုန်းရှိ သေး။ ရေပက်ချိန်တော့ နည်းရင်နည်းမယ်။ ရေချွေတာပြီးသားလည်း ဖြစ်မယ်။ အယ်နီညိုနဲ့ ရေတွေက ရှားအုံးမှာနဲ့။ ရေ ချွေတာပြီးသားလည်းဖြစ်မယ် ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ အေးအေးဆေးဆေးမှ ထွက်ပေါ့။ မဆော့ရဘူးလို့ မပြောဘူး။ ရိုးရာမပျက် စည်းလေးကမ်းလေးနဲ့ ပျော်ကြရွှင်ကြတော့ ကောင်းတာပေါ့။ အန္တရာယ်လည်း မဖြစ်တော့ဘူး။
မနက်စောစောလည်ပြီး နေ့လယ် ၁၁ နာရီမှာ ရေပက်သူတွေလည်း သိမ်းပြီး ရေပက်ခံထွက်သူတွေလည်း အိမ် သို့မဟုတ် အရိပ်ကောင်းကောင်းလေးမှာ နားကြဖို့ အကြံပြုချင်ပါတယ်။ ညနေဘက်ကိုလည်း ၄ နာရီနောက်ပိုင်းမှ ထွက်ကြပါ။ အဲလိုအချိန်လေးနဲ့ ကစားကြမယ်ဆိုရင် ရာသီဥတုဒဏ် နေရောင်ခြည်ဒဏ်နဲ့ အဆင်ပြေမှာပါ။