နှစ်စဉ် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် သေဆုံးရသူ ဦးရေ သိသိသာသာ မြင့်တက်လာနေသလို နေ့စဉ် ယာဉ်မတော်တဆ ဖြစ်ပွားမှု မရှိသည့်နေ့ မရှိကြောင်း လေ့လာသိရှိရသဖြင့် ယာဉ်အမျိုးမျိုး အသုံးပြုနေသူများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာရန် အထူး လိုအပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင် စာရင်းအရ မော်တော်ယာဉ် ၄၂၇၄၇ စီး၊ မော်တော်ဆိုင်ကယ် ၄၂၄၀၁၅၅ စီး၊ ၃ ဘီး ၆၃၉၀၁ စီး၊ ထော်လာဂျီ ၃၉၅၄၁ စီး၊ နောက်ဆွဲယာဉ် ၅၄၅၅ စီး၊ စက်ယန္တရား ၁၃၂၇ စီး ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနချုပ်မှ ရရှိသည့် စာရင်းများအရ သိရပြီး အစိုးရမှ မော်တော်ယာဉ်တွင် တင်သွင်းခွင့်ကို ခွင့်ပြုပေးလျက်ရှိရာ စက်တပ်ယာဉ် ၁.၅ သန်းကျော် ဝင်ရောက် လျက် ရှိရာ ယာဉ်စီးရေ အသုံးပြုသူ များပြားလာသကဲ့သို့ ယာဉ်မတော်တဆမှုများလည်း တနှစ်ထက် တနှစ် ပိုများလာလျက်ရှိသည်။
၂၀၁၅ ခုနှစ်တွင် တနိုင်လုံး၌ ယာဉ်တိုက်မှု ၁၅၄၀၆ မှု၊ ဒဏ်ရာရရှိသူ ၁၅၆၁၄၊ သေဆုံးသူ ၄၂၃၃ ရှိခဲ့ကြောင်း နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က ပြောသည်။
ထို့ကြောင့် နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့က ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ပြည်သူများ၏ ဘဝလုံခြုံမှုကို အထောက်အကူ ပြုနိုင်ရန် ရှေ့ဦးသူနာပြုစုနည်း သင်တန်းတခုကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် မတ်လအတွင်းက ဖွင့်လှစ်ခဲ့ သည်။ ထိုအခမ်းအနားသို့ တက်ရောက်လာသည် နေပြည်တော် အမှတ် ၁ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ရဲခိုင်ကို ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ။ ယာဉ်ထိန်းရဲတွေအတွက် အခုလို ရှေ့ဦးသူနာပြု သင်တန်း ဖွင့်လှစ်ပေးရတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။
ဖြေ ။ ။ အခု သင်တန်းက ၂ ရက် လုပ်မှာပါ။ ပြည်သူကို ကာကွယ်မယ်။ ပြည်သူကို စောင့်ရှောက်မယ်။ ဒါက ယာဉ်ထိန်းရဲရဲ့ အဓိက တာဝန် ၂ ရပ်ပေါ့နော်။ ပြည်သူတွေမှာ အခုလို ယာဉ်မတော်တဆမှုတွေ ဖြစ်တော့ ယာဉ်မတော်တဆမှုတွေ ဖြစ်တဲ့ နေရာတိုင်း၊ နေရာ တိုင်းမှာ ကျနော်တို့ ယာဉ်ထိန်းရဲက ရောက်ပါတယ်။ အဲဒီလို ဖြစ်စဉ်တွေမှာ တချို့ကျတော့လည်း On the Spot သေဆုံးသွားတာ ရှိသ လို ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်။
ဒဏ်ရာရတဲ့သူတွေကို ဆေးရုံကို အချိန်မီရောက်အောင် ပို့ပေးဖို့ တာဝန် ကျနော်တို့ ယာဉ်ထိန်း ရဲမှာ ရှိတယ်။ အဲလို အချိန်မီ ရောက်အောင် ပို့တဲ့နေရာမှာ ရှေ့ဦးသူနာပြုနည်းကို မတတ်ဘူးဆိုရင် ပြည်သူကို ဒီအတိုင်း ခေါ်သွားမယ် ဆိုရင် First Stage လုပ်မထားဘူးဆိုရင် သေသွားနိုင်တယ်။ ဖြစ်တဲ့ ဥစ္စာက ပိုပြီးတော့ ဒဏ်ရာ ပိုကြီးသွားနိုင်တယ်။ First Stage လုပ်ပြီးတော့မှ ပို့ရင် လူနာရဲ့ အသက်ကို ကယ်တင်ရာ ရောက်တာပေါ့။ အဲဒါကြောင့် ဒီသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။
မေး ။ ။ နေပြည်တော်မှာ ဘယ်လို ယာဉ်တိုက်မှုမျိုးတွေ အဖြစ်များလဲ။ တခြားဒေသတွေနဲ့ မတူတဲ့ ထူးခြားဖြစ်စဉ်မျိုး ရှိလား။
ဖြေ ။ ။ ဒီမှာက ထူးခြားတာလို့ ပြောရင် ဆိုင်ကယ် ဖြစ်စဉ်တွေ များတယ်။ ဆိုင်ကယ်တွေကလည်း တအားများတယ်။ ဆိုင်ကယ် တွေကလည်း ခုနက ပြောသလိုပေါ့နော်။ ဝန်ထမ်းတွေလည်း စီးတယ်။ ရွာတွေက ပြည်သူတွေလည်း စီးတယ်။ အဲဒါကြောင့် ကျနော် တို့က ရွာတွေအထိ သွားပြီးတော့ Awareness လုပ်တယ်။ တချို့လည်း သိတယ်။ တချို့လည်း မသိကြဘူး။ မသိတဲ့သူတွေကတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နားမလည်ဘဲနဲ့ လမ်းမကြီး ဦးစားမပေးတာတို့ အဝိုင်းပတ်ကို ဦးစားမပေးတာတို့ မီးနီဖြတ်မောင်း တာတို့ ၃ ယောက်စီးတာတို့ ဦးထုပ်မဆောင်းတာတို့ ဒါတွေကို သူတို့ ကျူးလွန်တယ်။
ဒီနေပြည်တော်မှာ ရှိတဲ့လမ်းတွေက အင်မတန်ကောင်းတယ်။ ဆိုင်ကယ်စီးရင်လည်း ကီလို ၇၀ လောက်အထိ စီးကြတာလည်း ရှိတယ်။ အဲဒီလို Speed နဲ့ စီးတဲ့အခါ လဲတဲ့အခါကျရင် ဦးထုပ်မဆောင်းရင် ခေါင်းနဲ့ ကျတာပဲ။ ခေါင်းနဲ့ကျတော့ ဒဏ်ရာရတယ်။ ခေါင်းထိသွားရင် ကံကောင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ သေရင်လည်းသေသွားမယ်။ အတိတ်မေ့တာတို့ ခြေလက်တွေ ကျိုးသွားမယ်။ အဲဒါကြောင့် နေပြည်တော်မှာ ဖြစ်တဲ့ ဖြစ်စဉ်တော်တော်များများဟာ ဆိုင်ကယ်ကြောင့် ဖြစ်တဲ့ ဖြစ်စဉ်တွေ များတယ်။ အသေအပျောက်လည်း များတယ်။
မေး ။ ။ အခုလို အမှုဖြစ်စဉ်တွေဟာ ဒီဘက်နှစ်ပိုင်းတွေမှာ ပိုတိုးလာသလား၊ ဒါမှ မဟုတ် လျော့ကျသွားတာမျိုး ရှိလား။
ဖြေ ။ ။ ဖြစ်စဉ်တွေကတော့ ပိုတိုးလာတယ်။ ဘာကြောင့်တိုးလဲဆိုတော့ ခုနက ပြောသလို ဆိုင်ကယ်တွေလည်း များလာတယ်။ လူဦးရေလည်း တိုးလာတယ်။ လူဦးရေ တိုးတာနဲ့အမျှ ဆိုင်ကယ်တွေလည်း များလာတယ်။ ကားတွေလည်း တိုးလာတယ်။ အရင် တုန်းက ဆိုင်ကယ်တစီးကို ၈ သိန်း ၉ သိန်းဆိုတော့ ဝယ်မစီးနိုင်ကြဘူး။ အခုလို ပွင့်လင်းရာသီဆိုရင် ပဲတွေ၊ နှမ်းတွေ ပေါ်လာပြီဆိုရင် တောသူတောင်သားတွေက ဆိုင်ကယ်ဝယ်စီးကြတော့မှာပဲ။ ဒါပေမယ့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာမယ်ဆိုရင်တော့ သူတို့အတွက်လည်း ကောင်းမယ်။
ဆိုင်ကယ်ဖြစ်တယ်ဆိုတာ ဦးထုပ်ကြောင့် ဖြစ်တာ။ ဦးထုပ်ဆောင်းမယ်။ မေးသိုင်းကြိုးတပ်မယ်။ ဆိုင်ကယ်လဲရင် ခေါင်းနဲ့ အရင်ကျတာပဲ။ ခေါင်းထိပြီးတော့မှ ကိုယ်လုံးနဲ့ကျတာ။ အဲဒီတော့ ခေါင်းက အဓိကကျတဲ့အတွက် ဆိုင်ကယ်စီးမယ်ဆိုရင် ဦးထုပ်ဆောင်းကြပါ။
မေး ။ ။ နေပြည်တော်မှာ ရှိတဲ့ ယာဉ်ထိန်းရဲအင်အားနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့အခါ အင်အား အရည်အတွက်က လုံလောက်မှု ရှိရဲ့လား။
ဖြေ ။ ။ နေပြည်တော်မှာကျတော့ အခမ်းအနားတွေလည်း ရှိတယ်။ သွားရလာရတယ်။ ဒီမှာ တပ်ဖွဲ့စု ၈ ခု ရှိတယ်။ မြို့နယ် ၈ မြို့နယ်အတွက်ပေါ့။ သူတို့လည်း သူတို့အင်အားနဲ့ နေ့ရောညရော လုပ်နေရတာပဲ။ အခုက ဘယ်လိုလဲဆိုတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သီးသန့် ဟောပြောပွဲတွေလည်း လုပ်တယ်။ ယာဉ်စစ်နေရင်းနဲ့လည်း ပြည်သူကို ဟောပြောပွဲလုပ်တယ်။
ပြည်သူကို ဖမ်းဖို့ တခုတည်းတင် မဟုတ်ဘူး။ ဖမ်းဖို့ကလည်း အရေးမကြီးဘူး။ ဖမ်းဖို့လည်း မရည်ရွယ်ဘူး။ ပြည်သူကို ပညာပေးသင့်တဲ့ အခါမှာလည်း ပညာပေးလိုက်တယ်။ ဒါကတော့ ညီလေးရေ ဦးထုပ်ကြီးပဲ ဆောင်းလို့မရဘူး။ မေးသိုင်းကြိုးလေး တပ်စည်းနော်။ ၂ ယောက်ထက် ပိုမစည်းနဲ့။ အဲဒီလို ပညာပေးလိုက်တယ်။ ဖမ်းဖို့သက်သက် တခုတည်းတော့ မရည်ရွယ်ဘူး။ ယာဉ်စည်းကမ်း ချိုးဖောက် မှုတွေကို ထိန်းသိမ်းရင်းနဲ့ အသိပညာပေးတာတွေ တွဲလုပ်တယ်။
မေး ။ ။ ကျနော်တို့ သိသလောက် ယာဉ်ထိန်းရဲတွေဟာ အများအားဖြင့် လူကြီးလမ်းကြောင်းတွေ လိုက်နေရတာများတယ်။ အဲဒီတော့ ပြည်သူကို စောင့်ရှောက်ပေးနိုင်မှု အပိုင်းမှာရော ဘာတွေ ဆောင်ရွက်နေလဲ။ လူကြီးလမ်းကြောင်းနဲ့ ပြည်သူကို စောင့်ရှောက်မှုမှာ ဘယ်ဟာကို ဦးစားပေးနေလဲ။
ဖြေ ။ ။ အဓိကကတော့ ပြည်သူပဲလေ။ ပြည်သူရဲ့ အပေါ်ကို ပိုပြီးတော့ ကျနော်တို့ Service ပေးရတော့မှာလေ။ အရင်ကလည်း ပေးခဲ့တယ်။ အခုတော့ ပိုပြီးပေးပါ့မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သေတာတွွေ အရမ်းများလာပြီ။ သေတာ ဘာကြောင့်လဲ။ သေရတဲ့ အကြောင်းအရင်းက ဘာလဲ။ ငါတို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောပွဲတွေ နည်းနေလို့လား။ ဒါတွေကို ပိုလုပ်မယ်။ ပြီးတော့ ရွာတွေအထိလည်း ဆင်းလုပ်နေတာပဲ။
ပြန်ကြားရေးနဲ့ညပတ်သက်ပြီးတော့လည်း ညီလေးတို့ မီဒီယာတွေက ဂျာနယ်တွေမှာ ထည့်ပေးတာ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့ Share လုပ်ပေးတာ ညီလေးတို့ကိုလည်း အကူအညီတောင်းတယ်။ မီဒီယာတွေကလည်း တတ်နိုင်သလောက် ကူညီကြပါ။
မေး ။ ။ ယာဉ်ထိန်းရဲဆိုရင် လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ ပြောဆိုဝေဖန်နေကြတာတွေ ရှိတယ်။ အဲလိုတွေ ဖြစ်လာရင် ဥပဒေပိုင်းအရ အရေးယူဆောင်ရွက်မှုတွေ ရှိလား။
ဖြေ ။ ။ ရှိပါတယ်။ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပါတယ်။ တိုင်လို့ရတယ်။ တိုင်စာတက်လာတာနဲ့ ခေါ်မယ်။ စစ်ဆေးမယ်။ ခုံဖွဲ့သင့်ရင်လည်း ခုံဖွဲ့စစ်ဆေးမယ်။ ယာဉ်စည်းကမ်း ဥပဒေအရ အရေးယူမယ်။ သူ့အတိုင်းအတာအလိုက် အရေးယူဆောင်ရွက်ပါမယ်။
မေး ။ ။ ယာဉ်ထိန်းရဲ တယောက် ဖြစ်လာဖို့အတွက် ထားရမယ့် စိတ်ထားနဲ့ ကျင့်ဝတ်က ဘာလဲ။
ဖြေ ။ ။ ပြည်သူလူထုကို ကူညီစောင့်ရှောက်ရမယ်ဆိုတဲ့ စိတ်ပဲ။ ပြည်သူကို ကာကွယ်မယ်။ ပြည်သူကို စောင့်ရှောက်မယ်။ ဒါပဲ။