နိုင်ငံတော် သမ္မတ ဦးထင်ကျော် ကို သမ္မတဟောင်း ဦးသိန်းစိန် က မတ် ၃၀ ရက် နေ့လည် ပိုင်းတွင် သမ္မတအိမ်တော် ၌ လုပ်ပိုင်ခွင့်နှင့် တာဝန်ကို လွှဲပြောင်း ပေးအပ်လိုက်ပြီဖြစ်သည်။ အစိုးရသစ် လက်ထက် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ တွင် မည်ကဲ့သို့သော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်မလဲ ဆိုသည့် အပေါ် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်း က စောင့်ကြည့်နေကြသည်။ အစိုးရသစ်လက်ထက်တွင် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍ အပြောင်းအလဲများ၊ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ များအပေါ် စီးပွားရေး လုပ်ငန်းရှင်တို့၏ မျှော်လင့်ချက် များနှင့် ပတ်သက်၍ အကြီးတန်းသတင်းထောက် သစ်နေမိုး က ဆက်သွယ်မေးမြန်းထားပါသည်။
ဦးသက်လွင်တိုး (ခရီးသွားလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ)
အကောင်းဆုံးမျှော်လင့်တယ်။ ဘာကြောင့်လည်း ဆိုတော့ နှစ်ပေါင်း ၄၀ လောက် ကျနေတဲ့ အင်ဂျင်ကြီး တခုပေါ့နော်။ အခုချိန်မှာတော့ ဒါကို ကျစ်ကျစ်လစ်လစ်နဲ့ ဆီစားသက်သာတဲ့ အင်ဂျင် မြန်နှုန်း များများနဲ့ မောင်းနိုင်မယ့် အင်ဂျင်တခု ဖြစ်အောင်တော့ အခု စလုပ်ပြီပေါ့ဗျာ။ အစိုးရ တဖွဲ့တည်းကို သွားပြီး အားကိုးလို့ မရဘူး။ ပြည်သူတွေကလည်း ပါဖို့ လိုတာပေါ့။
စွမ်းအင်နဲ့ လျှပ်စစ်ကို ဒေါ်အောင်ဆန်းစုကြည် ကိိုယ်တိုင်ကိုင်တယ် ဆိုတာလည်း ရည်ရွယ်ချက်ရှိတယ်။ ဒါတွေဟာ တချိန်တုန်းက ပိုက်ဆံတွေ အများကြီး ယိုပေါက် ပိတ်ပေါက်တွေ ဖြစ်ခဲ့တဲ့ အတွက်ကြောင့်လည်း ပါလိမ့်မယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေး ကတော့ ဝန်ကြီးဌာန တခုတည်း အဖြစ် ထီးထီးကြီး ရပ်တည်နေတာ ကောင်းပါတယ်။ ဆိုလိုတာက မီးခိုးမထွက်ဘဲ ရတဲ့ နိုင်ငံခြားငွေတွေကို ပိုပြီး မျှော်လင့်တယ်ဆိုတဲ့ သဘောနဲ့ ဝန်ကြီးဌာနကို သီးသန့် ထားပေးခဲ့တဲ့ အတွက်ကြောင့် ကျနော်တို့ အကောင်းဆုံးလုပ်ပြီး အကောင်းဆုံး မျှော်လင့်ပါတယ်။
ကျနော်တို့ ဟိုတယ်ခရီး ဝန်ကြီးဌာနက လက်ရှိ ဝင်ငွေ ရှာပေးနေတဲ့ ၂ ဘီလီယံ ဆိုတာ အရမ်း နည်းပါတယ်။ ဒီထက်မက ဘီလီယံချီတဲ့ ဝင်ငွေတွေ ရှာဖို့ အရေးကြီးပါတယ်။ မှန်မှန်ကန်ကန် စာရင်းတွေပြမယ်။ မှန်မှန်ကန်ကန် ဝင်ငွေတွေကို အသုံးချနိုင်မယ်ဆိုရင် ကျနော်တို့ ခရီးသွားလုပ်ငန်း ပုံရိပ်ကောင်းမှာ ဖြစ်သလို နိုင်ငံအတွက်လည်း ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ သူများနိုင်ငံတွေမှာ ဆိုရင် ဒီကဏ္ဍက ဒုတိယ အများဆုံး ဝင်ငွေ ဝင်တဲ့ အနေနဲ့ ရှိတဲ့ နိုင်ငံတွေ ရှိသားပဲ။ ကျနော်တို့ဆီမှာတော့ နံပတ် ၅ လောက်တောင် အနိုင်နိုင် ဆိုတော့ ဒီထက်မက တဲ့ ဝင်ငွေတွေ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အလုပ်အကိုင်တွေ ပိုပြီး ရမယ်ဆိုရင် အများကြီး အဆင်ပြေပါလိမ့်မယ်။
ကျနော်တို့ဟာ အခုချိန်မှာ ဝိုင်းဝန်းပြီး လျင်မြန်အောင် တွန်းရမယ်ပေါ့။ ယာဉ်မောင်း တယောက်တည်း အားကိုးလို့ မရတော့ဘူး။ လူတွေ အားလုံးက ကားပေါ်က မဆင်းဘဲ ယာဉ်မောင်းနဲ့ အင်ဂျင်ကြီးကို အပြစ်တင် နေလို့တော့ မရဘူး။ အစိုးရသစ် အဖွဲ့ကို လွှဲပြောင်းတာ မြင်ရတယ်။ သိက္ခာရှိရှိ လုပ်နေကြတာတွေကို မြင်ရတာ အရမ်း နှစ်ထောင်း အားရဖွယ်ကောင်းပါတယ်။ ဒါလေးတွေကို ကျေနပ်နေရုံနဲ့ အောင်ပြီ ဆိုပြီးတော့ ဗိုလ်ချုပ် ပြောသလို တက်မထောင်နေလို့ မရပါဘူး။ ကျနော်တို့ ပန်းတိုင် လိုပါသေးတယ်။ အဲဒီအတွက် ကြိုးစားရပါလိမ့်မယ်။
ဦးသန်းလွင် ( ဘဏ်လုပ်ငန်း အကြံပေးပုဂ္ဂိုလ်)
နံပတ်တစ်က ပထမဆုံး အကြိမ် အရပ်သား အစိုးရပေါ့။ နှစ်ပေါင်း ၅၀ အတွင်းမှာ ပေါ်ပေါက်လာတဲ့ အစိုးရပေါ့။ ဒါကို ကြိုဆိုရမှာပေါ့။ အရပ်သားဆိုတဲ့ အတိုင်း စကားပြောရတာ ပိုပြီးတော့ အဆင်ပြေမှာပေါ့။ အဲဒီလိုတော့ ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုရင် အရပ်သား အချင်းချင်း စကားပြောရတာ ပိုကောင်းတယ်။ အင်္ဂလိပ်လိုတော့ we speak in the same language ပေါ့။ ကိုယ်ပြောချင်တာကို သူနားလည်၊ သူပြောတာ ကိုယ်နားလည်မယ်ဆိုတဲ့ သဘောပဲ။ ဒါက ကောင်းတဲ့ ဦးတည်ချက်ပါ။ နောက်တချက်က သမ္မတ ဦးထင်ကျော် ကိုယ်တိုင် ဘဏ္ဍာအခွန်ဝန်ကြီး ဌာနမှာ တော်တော်ကြာအောင် လုပ်ဖူးတယ်။ သူကတော့ ဘာပဲဖြစ်ဖြစ် ပညာရှင်တယောက်လို့ အန်ကယ်က ယူဆတယ်။ ပညာရှင် တယောက်နဲ့ စကားပြောရတာ ပိုကောင်းတယ်ဗျ။ သူလည်း ပရမ်းပတာ လုပ်မှာ မဟုတ်ဘူး။ ဒီအနေအထားဆိုတော့ ဝမ်းသာတယ်။
နောက်ငွေရေးကြေးရေး ကဏ္ဍတို့၊ ဘဏ်အသိုင်းအဝန်း တို့ကလည်း ကြိုဆိုကြမယ် ထင်တယ်။ ဘာကြောင့် ဒီလို ပြောတာလဲ ဆိုရင် ဒီအရပ်သား အစိုးရ လက်ထက်မှာ အထူးသဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးမယ့် အစိုးရ လက်ထဲ ရောက်လာတဲ့ အတွက် အထူးသဖြင့် နိုင်ငံအများစုကလည်း အကူအညီပေးဖို့ အလားအလာတွေ များတယ်။ ငွေရေးကြေးရေး၊ ချေးငွေအပိုင်းနဲ့ နည်းပညာအပိုင်းတွေပေါ့။ ပိုအရေးကြီးတာကတော့ နည်းပညာနဲ့ လာမယ့် capacity building ပေါ့။ ကျွမ်းကျင်မှုတွေနဲ့ နည်းပညာရှင်တွေ များများ လိုပါတယ်။ အရင်အစိုးရ ကိုလည်း ကျေးဇူးတင်ရမှာပေါ့။ အခြေခံလေးတော့ သူချသွားတာ ရှိပါတယ်။ ဒါလည်း အသိအမှတ်ပြု ရမှာပေါ့။
ဒါပေမယ့်လည်း အခုက အရပ်သား အစိုးရဆိုတော့ စကားပြောရတာ ပိုပြီး ပေါက်ရောက်တာပေါ့။ ပြောရဆိုရ ပိုအဆင်ပြေတာပေါ့။ အပေါ်ကနေ top down မဟုတ်တော့ဘူး။ အခုပါတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများက ခံစားချက်နဲ့လာခဲ့တာဆိုတော့ အန်ကယ်တို့လည်း ပိုအားရတယ်။ ကောင်းတဲ့ဘက်ကို ဦးတည်သွားမယ်။ အများကြီးလည်း မျှော်လင့်ပါတယ်။
ဦးခင်မောင်ပြုံး (ဟိုတယ်လုပ်ငန်းရှင်)
ဟိုတယ်လုပ်ငန်း ကတော့ တည်ငြိမ်တယ်ပေါ့နော်။ စီးပွားရေး အောင်မြင်အောင် လုပ်ပေးနိုင်တယ် ဆိုရင်တော့ နိုင်ငံခြားသားတွေ ဝင်လာမယ်။ ဝင်လာရင်တော့ အန်ကယ်တို့ တိုင်းပြည်က ပိုစည်ကားမယ်။ စည်ကားမယ်ဆိုရင်တော့ ဟိုတယ်လုပ်ငန်းရော ဟိုတယ်နဲ့ ပတ်သက်ပြီးတော့ ဆက်နွယ်မှီခိုနေတဲ့ လုပ်ငန်းတွေလည်း အောင်မြင်မှာပေါ့။ ဥပမာ ပုဂံ က မြင်းလှည်းသမား ၊ ပန်းပု လုပ်ငန်းလုပ်တဲ့လူက အစပေါ့။ အားလုံးဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီသဘောနဲ့ပေါ့။
ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဟိုတယ်လုပ်ငန်းကတော့ တည်ငြိမ်မှာပါ။ အောင်လည်း အောင်မြင်မှာပါ။ အစိုးရသစ်ကလည်း ဒီမိုကရေစီအစိုးရ ဆိုတော့ စီးပွားရေး လုပ်ငန်းကို အကောင်အထည်ဖော် နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ထားတာပေါ့။ စိုးရိမ်မှုက တိုင်းပြည်တည်ငြိမ် အေးချမ်းနေတယ်ဆိုရင် စိုးရိမ်စရာမရှိပါဘူး။ နိုင်ငံရေးဆိုတာလည်း တကယ်တော့ စီးပွားရေးပါပဲ။ အားလုံးက စီးပွားရေးပေါ်မှာပဲ မှီခိုသွားရမှာဘဲ။ စီးပွားရေး အကုန်လုံး အောင်မြင် တိုးတက်တယ်ဆိုရင် အကုန်လုံးအောင်မြင်သွားမှာပဲ။
ဦးကျော်ဝင်း (မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူး)
အရင်ထက်စာရင် ပိုပြီး လုပ်ငန်းတွေ သွက်လက်မယ်လို့ မျှော်လင့်တာပေါ့။ အဓိပ္ပါယ်ကတော့ ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီး အရေအတွက်တွေ လျှော့လိုက်တယ်။ လုပ်ပိုင်ခွင့်တွေ ချပေးတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ရှိတာပေါ့။ အရင်တုန်းကဆို အဆင့်ဆင့် တင်ပြီးတော့ အပေါ်ရောက်မှ ဆုံးဖြတ်တာ။ အခုလို လျှော့လိုက်ခြင်းအားဖြင့် လုပ်ငန်းစဉ် နည်းနည်း မြန်သွားမယ်လို့ ထင်တယ်။ ဒါကတချက်ပေါ့။
နောက်တချက်က စိုးရိမ်မှုဆိုရင် တက်လာတဲ့ အစိုးရသစ်ရယ်၊ တပ်မတော်ရယ်၊ နောက်အခု အနားယူလိုက်ပြီဖြစ်တဲ့ လူကြီးပိုင်းထဲက လူဟောင်းတွေရယ် အားလုံးက ပြန်ပြီး ညှိညှိနှိုင်းနှိုှုင်း လုပ်နိုင်တယ် ဆိုတာမျိုး ပိုဖြစ်စေချင်တယ်။ တကယ်လို့ ညှိနှိုင်းမှုမှာ အခက်အခဲ ဖြစ်တယ်ဆိုရင် လုပ်ငန်းအခြေအနေ လုပ်ရတာ နည်းနည်း ရှုပ်ကောင်းရှုပ်သွားနိုင်တယ်ပေါ့။ အဲ့လိုတော့ မဖြစ်စေချင်ဘူး။ အားလုံး ညှိညှိနှိုင်နှိုင်းနဲ့ အဆင်ပြေပြေ လုပ်သွားတာပဲ ဖြစ်စေချင်တယ်။ ဒီလို ဖြစ်မှလည်း တိုးတက်မှာပါ။ ရွှေလုပ်ငန်းရှင်တွေ အတွက်တော့ မျှော်လင့်တာက ဈေးကွက်ပေါ့။
အရင် သမ္မတ လက်ထက်မှာလည်း ကြိုးစားခဲ့တာ အကောင်အထည်မပေါ်နိုင်သေးဘူး။ Gold Exchange Market ပေါ့။ ဒီဈေးကွက် ပေါ်လာရင်တော့ ရွှေလုပ်ငန်းရှင်တွေအတွက် လွတ်လွတ်လပ်လပ်နဲ့ များများစားစား လုပ်ငန်းတွေ သွက်သွက်လက်လက် လုပ်နိုင်တာပေါ့။ အထူးသဖြင့် ဥပဒေ ပိုင်းဆိုင်ရာမှာ ရွှေကို ကန့်သတ်ကုန်အနေနဲ့ ဖယ်ပေးဖို့ပေါ့။ အခု ဖယ်လည်း ဖယ်နေတယ်လို့ ကြားပါတယ်။
ဦးသန်းဦး (အိမ်ခြံမြေ လုပ်ငန်းရှင်)
ပိုကောင်းလာမယ် လို့ မြင်တယ်၊ အခုလို အိမ်ခြံမြေ ဈေးကွက် ပုံပျက်ပန်းပျက်နဲ့ ဖောင်းပွနေတဲ့ ပုံစံမျိုးတော့ ဖြစ်တာ နည်းသွားလိမ့်မယ်။ နောက်တခုက ပြီးခဲ့တဲ့ အစိုးရ လက်ထက်တုန်းက အားသာချက် အားနည်းချက်တွေကို ကြည့်ပြီးတော့ မကောင်းတာတွေပယ် ကောင်းတာတွေ ပြန်လုပ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ချမှတ်တဲ့ မူဝါဒ သေချာ မသိရသေးတဲ့ အခါ ခန့်မှန်းဖို့ကတော့ စောနေသေးတယ်။ အဲ့တော့ အရင်တုန်းက လုပ်ခဲ့တဲ့ ကိစ္စလေးတွေမှာ ကောင်းတာလေးတွေလည်း ရှိပါတယ်။ ဘာလဲဆိုတော့ တန်ဖိုးနည်း အငှားအိမ်ယာလို ဟာမျိုးလေးတွေ။ ဒါတွေကတော့ များများ အကောင်အထည်ဖော်ရမှာပေါ့။
အခုပဲ အဖြေတွေကထွက်နေတာလေ။ မန္တလေးမှာဆို နန္ဒဝန်အိမ်ယာကိုကြည့် အခန်းပေးနိုင်တာက ၆၀၀၀ ပဲရှိတယ်။ တကယ်လျှောက်ထားသူက ၁၂၀၀၀ ကျော်တယ်။ ဒါသင်ခန်းစာတွေပေါ့။ ဒါတောင်မှ လက်ရှိ အစိုးရသက်တမ်းအထိ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေကို ဦးစားပေးတာလေ။ လုပ်သက် ၂၅ နှစ်နဲ့ပေါ့။ အဲဒီလုပ်သက်မရှိသေးပေမယ့် အိမ်ယာလိုအပ်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိသေးတယ်။ ဒါက ဝန်ထမ်းအပိုင်းပဲ ရှိသေးတယ်။
သာမန် အခြေခံ လူတန်းစားတွေနဲ့ လူလတ်တန်းစားတွေ အများကြီး ရှိသေးတယ်။ ဝန်ထမ်းမှ မဟုတ်ဘူး ကျန်တဲ့သူတွေလည်း နိုင်ငံသားတွေပဲ။ ပြောချင်တာက ဒီနေရာမှာကို စံနှုန်းက ပေါ်နေပြီ။ ဝန်ထမ်းမှာတောင်မှ အဆပေါင်းများစွာ လိုအပ်ချက်က ရှိနေတယ်။ လိုအပ်တဲ့ပမာဏရဲ့ ၃၀ ပုံ မှာ ၁ ပုံလောက်ပဲ ပေးနိုင်သေးတာ။ ဒါကလည်း ဒီအိမ်ယာ တခုပဲ ရှိသေးတယ်။
နောက်ပြီး ရန်ကုန်မှာလည်း အိမ်ယာတွေ ရှိသေးတယ်။ ဒါတွေကို ကြည့်ပြီး နောင်တက်လာမယ့် အစိုးရအနေနဲ့ အိမ်ယာ လိုအပ်ချက် အခန်းကဏ္ဍတွေကို ဖြည့်ဆည်း ပေးနိုင်မယ်ဆိုရင် ထောက်ခံမှု ဒီထက်ပိုရအုံးမှာ။ နောက်ပြီး အားနည်းချက်တွေက ဧရာဝဏ်အိမ်ယာတို့ ရတနာအိမ်ယာတို့ ဆိုရင် အခန်းယူနစ် ၆၀၀ စတုရန်းပေ ရှိတဲ့ အခန်းတန်ဖိုးဟာ သိန်း ၆၀၀ ဖြစ်နေတယ်။ ၁၂၀၀ စတုရန်းပေ ရှိတဲ့ တန်ဖိုးဟာ သိန်း ၁၂၀၀ လောက် ဖြစ်နေတယ်ဆိုတော့ မူလတုန်းက တန်ဖိုးနည်း အိမ်ယာဆိုပြီး ဖော်ဆောင်တဲ့ အိမ်ယာတွေက အခြေခံလူတန်းစား လူလတ်တန်းစား တွေက အနားမကပ်နိုင်ဘူးလေ။
ဒီလို အနေအထား မဖြစ်ဖို့တော့ အခု တက်လာမယ့် အစိုးရက ဆောင်ရွက်ဖို့ လိုလာလိမ့်မယ်။ ပြောချင်တာက အရင်ထက်စာရင် သင်ခန်းစာတွေ ကြည့်ပြီး လုပ်နိုင်တဲ့ အခွင့်အရေး ရသွားတယ်ပေါ့။ ဒါကြောင့် နောင်လာမယ့် ၅ နှစ်မှာတော့ အိမ်ခြံမြေဈေးကွက်ဟာ ဒီထက်စနစ်ကျပြီး ပိုကောင်းတဲ့ ဈေးကွက်ဖြစ်သွားလိမ့်မယ်။ လိုအပ်ချက်တွေလည်း ဖြည့်နိုင်လာလိမ့်မယ်။
ဦးသိန်းထွန်း (ဘဏ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)
ကောင်းတော့ ကောင်းမှာပါ။ ဒါပေမယ့် အခု အစိုးရက စီးပွားရေး မူဝါဒကို မကြေငြာသေးတော့ ပြောရင် နည်းနည်း ခက်သေးတယ်။ စီးပွားရေးမူဝါဒက စိုက်ပျိုးရေး ကို အခြေခံမှာလား၊ လယ်ယာမြေကဏ္ဍနဲ့ ပတ်သက်ပြီး တန်ဖိုးမြှင့် လုပ်ငန်းမျိုးတွေလား စသဖြင့် ဘာမှမသိရသေးသလို သူတို့က မကြေငြာသေးဘူး။ သူတို့က ကြေငြာမှ အန်ကယ်တို့က ပြောလို့ရမှာ။ အန်ကယ်တို့လည်း စိတ်ဝင်စားနေတာ ရှိပါတယ်။ ကောင်းမယ်လို့တော့ မျှော်လင့်ပါတယ်။ လောလောဆယ်တော့ စိုးရိမ်မှုရှိနေတယ် ပြောရင်လည်း ဆန္ဒစောနေသေးတယ်။ မရှိဘူး ပြောဖို့လည်း စောနေသေးတယ်။ သူတို့ဘက်က ထုတ်ပြန် ကြေငြာတာတွေ ကြည့်ပြီးမှ သေချာ လေ့လာပြောလို့ရမှာ။ အကောင်းဘက်ကိုပဲ မျှော်လင့်ထားတာပါ။
ဦးတင်ချို( စီးပွားရေးအကြံပေး)
အကောင်းဘက်ကို ပြုပြင်ပြောင်းလဲနေတာ ကြိုဆိုတယ်။ ဝန်ကြီးဌာနကို လျှော့ပြီး ဖွဲ့စည်းလိုက်တာကအစ တိုင်းပြည်ဘဏ္ဍာငွေ ကို လျှော့ပြီး လုပ်တယ်ပေါ့။ ဒီတိုင်းပြည်ကလည်း နှစ်စဉ်ဘတ်ဂျက်တွေ လိုငွေပြပြီး ဆင်းရဲ မွဲတေနေတဲ့ နိုင်ငံဆိုတော့ ဒီလို ခြေလှမ်းမျိုး စလှမ်းတာကို အများကြီး အားရတယ်။ ဒါက ပထမခြေလှမ်းပေါ့။ နောက် ဘာခြေလှမ်းတွေ လာအုံးမလဲ စောင့်ကြည့်ရအုံးမှာပေါ့။
နောက်တခုက စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး MIC က လုပ်ငန်းတွေ ချပေးသွားတယ် ဘာညာ ကြားတာပေါ့။ ဒါက သူတို့ မတက်ခင်လေးတွေမှာ ကပ်ပြီး လုပ်သွားတယ်ပေါ့။ အဲ့ဒါတွေကိုလည်း အစိုးရအဖွဲ့ အသစ်တက်လာတဲ့အခါ ပြန်ပြီးတော့ စိစစ်လုပ်ဖို့ လိုလိမ့်မယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ဘယ်လောက် ရှိလဲ။ တိုင်းပြည်အကျိုးက ဘယ်လောက် ရှိမှာလဲ။ စီမံကိန်းတွေ လုပ်တယ်ဆိုတာက တိုင်းပြည်အတွက် ဘယ်လောက် အကျိုးရှိသလဲ ဆိုတာကို ကြည့်ရမယ်။
သက်ဆိုင်ရာ ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းတွေရဲ့ အကျိုး ထက် တိုင်းပြည်အကျိုးက ရှေ့တန်းပါဖို့လိုတယ်။ ရေရှည်အကျိုးပေါ့။ ဒါတွေလည်း သူတို့ ဆန်းစစ်ဖို့ လိုလိမ့်မယ်။ အချိန်ပေးဖို့ လိုပါလိမ့်မယ်။ စီးပွားရေး ပညာရှင်တွေ အနေနဲ့ကတော့ လိုတဲ့ ဘက်က ဝိုင်းဖို့ အဆင်သင့်ရှိပါတယ်။ ဒီအချိန်မှာ အားလုံးက ဝိုင်းပြီး မလုပ်ဘူးဆိုရင် တိုင်းပြည် တိုးတက်ဖို့ အခွင့်အရေးက နည်းသွားလိမ့်မယ်။ ဒီအချိန်က အကောင်းဆုံး အခွင့်အရေးပဲလို့ မြင်ပါတယ်။
ဒေါက်တာ စိုးထွန်း ( မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)
ကျနော်ကတော့ ကောင်းတယ်လို့ မြင်တယ်။ တိုင်းပြည်က ရွေးကောက် တင်မြှောက်ထားတဲ့ သမ္ပတသစ်အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။ တခုတော့ ရှိတာပေါ့။ ဆောင်ရွက်တဲ့ နေရာမှာ ဖြစ်နိုင်ရင်တော့လည်း လက်တွေ့ကျကျ တိုးတက်လာတာကို ကျနော်တို့က လိုချင်တယ်။ ဒီလို ဆောင်ရွက်ပေးဖို့ လိုတာပေါ့။ တခါတလေကျတော့ ကျနော်တို့ အတွေ့အကြုံတွေ အရဆို ကိန်းဂဏန်းတွေတော့ အများကြီး တက်လာတယ်။ သို့သော်လည်း လက်တွေ့ကျကျ တိုးတက်မှုက အားနည်းမှု အပိုင်းမှာ ရှိတာပေါ့။ ဒါလေးတော့ သတိထားဖို့လိုမယ် မြင်ပါတယ်။
မျှော်လင့်ထားတာဆိုရင်တော့ နံပတ် ၁ က အဂတိ လိုက်စားမှု ကင်းပြီးတော့ နိုင်ငံသားတွေ တန်းတူ အခွင့်အရေးရဖို့ပေါ့။ နိုင်ငံတော်ရဲ့ တင်ဒါတွေ ပြိုင်တဲ့အခါမှာ တန်းတူ အခွင့်အရေး မရဘူးလို့ ခံစားရတယ်။ ဒါက ပထမ မျှော်လင့်ချက်ပေါ့။ နောက်ပြီး ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းပြီး လက်ရှိ ဖြစ်ပျက်နေတဲ့ လောလောဆယ် တရုတ်နိုင်ငံကို တင်ပို့ ရောင်းချတဲ့ အခါမှာ အခက်အခဲတွေ တွေ့နေတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း တိုင်းပြည်ခေါင်းဆောင်ဖြစ်လာပြီ။ နိုင်ငံတကာမှာလည်း သြဇာကြီးမားသူ အဖြစ် ဖော်ပြခံထားရသူဆိုတော့ သူ့ရဲ့ သြဇာကြီးမားမှုကို အမှီပြုပြီး ကျန်တဲ့ တိုင်းပြည်တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ ကျနော်တို့ တိုင်းပြည်ရဲ့ ပြည်သူပြည်သားတွေ နစ်နာနေတဲ့ နေရာတွေကို ကာကွယ်ပေးနိုင်မယ်။ အောင်မြင်အောင် ဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဦးမြတ်သင်းအောင် (လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ)
ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာဖို့ မျှော်လင့်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခု သူယူလိုက်တဲ့ တာဝန်တွေက များတော့ မနိုင်မှာတော့ စိုးရိမ်တယ်။ ဒါလည်း သူလွှဲရမယ့်သူ တွေ့ရင် လွှဲပေးမှာလို့မြင်ပါတယ်။ အပြောင်းအလဲတွေက အများကြီး ဆက်ဖြစ်လာလိမ့်မယ်လို့ ယုံထားတယ်။