သမ္မတသစ် ဦးထင်ကျော်သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်၌ ပထမဆုံး ပြောကြားခဲ့သည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ပေါ်ပေါက်ရေး၊ ပြည်သူလူထု အများစု၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ကတိပေး ပြောဆိုသွားခဲ့သည်။
သမ္မတ ဦးထင်ကျော် ပြောဆိုခဲ့သည့် မိန့်ခွန်းနှင့် ပတ်သက်ပြီး အပစ်အခတ် တိုက်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများ၏ သဘောထားကို ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ကျော်ခက ဆယ်သွယ်မေးမြန်းထားပါသည်။
နိုင်ဟံသာ (ဒုက္ကဋ္ဌ – မွန်ပြည်သစ်ပါတီ)
အဲဒီအချက်တွေကို တဘက်ကပြန်ပြီး သုံးသပ်ကြည့်ရင် – အမျိုးသားပြန်လည်သင့်မြတ်ရေးကို သူတို့က ၁ အချက်မှာ ထားတယ်။ ငြိမ်းချမ်းရေးကတော့ ဒုတိယအဆင့်မှာ ထားတယ်။ စဉ်းစားစရာအပိုင်းက ပြန်တွက်ကြည့်ရင် အမျိုးသား ရင်ကြားစေ့ရေး ဆိုတာက တပ်မတော်နဲ့လား၊ ကြံ့ဖွံ့နဲ့လား။ အဲဒါကို သူတို့က လုပ်ငန်းစဉ်အဆင့် ၁ အနေနဲ့ ထားတယ်ဆိုတဲ့ သဘောထားမျိုး နည်းနည်းကောက်ယူလို့ရတယ်။ နောက်မှ ငြိမ်းချမ်းရေး ဆိုတာကတော့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ပြန်ပြီးတော့ညှိရမယ့် အပိုင်းတွေပေါ့ဗျာ။ အဲဒီလိုမျိုးတော့ ရှိတယ်။ တခြားဟာတွေကတော့ ဒီမိုကရေစီ ဖက်ဒရယ်ဖွဲ့စည်းပုံ တည်ဆောက်ရေးတို့ ကျန်တာတွေကတော့ အထူးဝေဖန်စရာ မရှိပါဘူး။ ဒါတွေက အားလုံးလိုအပ်တယ်။ အခုသူတို့လုပ်တဲ့ ဟာတွေကလည်း အားလုံးတော့ လိုအပ်တယ်။
ဒါပေမယ့် အဆင့်ကို ခွဲကြည့်လိုက်ရင်တော့ ရင်ကြားစေ့ရေးဆိုတဲ့ အပိုင်းမှာက အဓိကကတော့ တပ်နဲ့ဘာနဲ့ သူတို့တွေးမှာပေါ့ဗျာ နော်။ အဲဒါကို နားလည်မှုရအောင် ပထမအဆင့်အနေနဲ့ ထားမလား ဆိုတာကတော့ ထည့်တွက်စရာလိုမယ်ဗျ။ သမ္မတသိန်းစိန် တက်လာတုန်းကလည်း Good Government, Clean Governance စသည်ဖြင့်ပေါ့နော်၊ အကောင်းတွေချည်းပဲ ရွေးပြောတာပါ။ ဒါလည်း ဦးတည်ချက်ကတော့ ကောင်းတယ်။ အထူးပြောစရာ မလိုဘူးပေါ့နော်။ ဒါပေမယ့် လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ ဘယ်လောက် လုပ်နိုင်မလဲပေါ့ဗျာ။ တဘက်က ပြောမယ်ဆိုရင်တော့ သူတို့ကို ၂၀၀၈ ဖွဲ့စည်းပုံကနေ ထိန်းချုပ်ထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို တပ်က ကိုင်ထားတယ်။ အဲဒီတော့ အဲဒါကို ဖြတ်ကျော်နိုင်မလား။ မဖြတ်ကျော်နိုင်ဘူးဆိုရင် ဒါကို သိပ်ပြီး အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးဗျ။
ခူးဦးရယ် (ဒုဥက္ကဋ္ဌ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ – KNPP)
ဒီနေရာမှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်ကြီးကြီး စကားလုံးထပ်နေအောင် လူတော်တော်များများ ပြောကြတယ်။ အဲဒီအထဲမှာ NLD လည်း ပါတာပေါ့ဗျာ။ ဆိုတော့ ဒီဟာကိုပဲ အခြေခံပြီးတော့ သမ္မတ ဦးထင်ကျော်က ကိုးကားပြီးပြောတယ်လို့ ကျနော် အဲဒီလိုနားလည်ပါတယ်။ ဒါပေမယ့် အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကြီးကြီးအောက်မှာ လုပ်ဆောင်သွားရမယ့် အကြောင်းအရာနဲ့ နည်းနာတွေက တော်တော်များများရှိမယ်လို့ ကျနော်အဲဒီလို နားလည်ပါတယ်။ လုပ်ဆောင်ရမယ့် အဆင့်တွေ အများကြီးရှိမယ်။ လုပ်ဆောင်ရမယ့် အစုအဖွဲ့တွေ သဏ္ဍာန်တွေ၊ ပုံစံအမျိုးမျိုး ကွဲပြားနိုင်တယ်။
အဲဒီတော့ ကျနော်တို့ သိဖို့လိုအပ်တာက အစိုးရသစ်က ဖော်ဆောင်မယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာနဲ့ ပတ်သက်ပြီး နှိုက်နှိုက်ချွတ်ချွတ် ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲ၊ နှိုက်နှိုက်ချွတ်ချွတ် အသေးစိတ် ဘယ်လို ချထားသလဲ ဒါကို ကျနော်တို့ သိဖို့လိုတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်လို့ ပြောတဲ့နေရာမှာလည်း တချို့က ဘယ်လိုမြင်သလဲ ဆိုလို့ရှိရင် တိုင်းပြည်တွင်းမှာ စစ်ရေးပဋိပက္ခ တိုက်ပွဲတွေဟာ နှစ်ပေါင်း ၆၀ ကျော်၊ ၇၀ နီးပါး ဖြစ်နေတာ။ အဲဒီစစ်ပွဲတွေ ရပ်တန့်သွားရင်၊ ချုပ်ငြိမ်းပြီဆိုရင် ငြိမ်းချမ်းရေး ရပြီလို့ ရိုးရိုးလေး မြင်ကောင်းမြင်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ငြိမ်းချမ်းရေးက အဲဒီလောက်လည်း လာဦးမယ် မထင်ဘူး။
ဘာကြောင့်လဲဆိုရင် ကျနော်တို့က ရှင်းစရာပြုစရာ အခက်အခဲ ပြဿနာတွေကို ကျော်လွှားရမှာတွေက အများကြီး ရှိသေးတယ်။ ဒီနေရာမှာတော့ အသေးစိတ်ပြောရရင် အများကြီးပေါ့ဗျာ။ ဥပမာ တခုဆိုပါတော့ဗျာ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ခေါင်းစဉ်အောက်မှာ စပြီးဖော်ဆောင်နေတာနဲ့ ပတ်သက်လို့ တချို့က သုံးသပ်နေကြတာ ရှိတာပေါ့ဗျာ။ ဥပမာ လွှတ်တော်မှာ ဗမာမဟုတ်တဲ့ တိုင်းရင်းသား တချို့ကို နေရာပေးလိုက်တယ်။ အခု အစိုးရသစ် ဖွဲ့တဲ့နေရာတွေမှာလည်းပဲ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတချို့ကို နေရာပေးတယ်ပေါ့ဗျာ။ အဲဒီတော့ ဒါက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် စတင်ဖော်ဆောင်တဲ့ ပထမအဆင့်လို့ ကျနော်တို့ဘက်က သုံးသပ်တာပေါ့ဗျာနော်။
ဒါပေမယ့် ဒီနေရာမှာ ပူးပေါင်းလက်တွဲထားရုံနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပြီလား။ အမျိုးမျိုးရှိပါတယ်။ ဒီနေရာမှာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေက ကြီးမားပါတယ်။ ကြာလည်းကြာပါပြီ။ အစဉ်အဆက်အားဖြင့် အစိုးရတွေမှာ ဗမာလူမျိုးတွေက လွှမ်းမိုးခဲ့လို့ပဲ။ NLD အစိုးရအနေနဲ့ ဘယ်လောက် ယုံကြည်မှုကို တည်ဆောက်နိုင်မလဲ။
ယုံကြည်မှု တည်ဆောက်တယ် ဆိုတဲ့နေရာမှာ အပြောတခုတည်းနဲ့ မရဘူး။ ဟန်ပြဖော်ပြလိုက်ရုံနဲ့လည်း မဖြစ်ဘူး။ တကယ်ပဲ ကျနော်တို့မှာ တင်းပြည့်ကျပ်ပြည့်၊ တန်းတူရည်တူ ဘယ်လောက် သဘောထား ဆက်ဆံသလဲဆိုတာ ကျနော်တို့ အများကြီး ကြည့်ဖို့လိုတယ်။ လုပ်ပိုင်ခွင့်ကိုလည်း ကျနော်တို့ ကြည့်ရမယ်။ ဆက်ဆံတဲ့ အနေအထားကိုလည်း ကျနော်တို့ ကြည့်ရမယ်။ တကယ်ပဲ နှစ်နှစ်ကာကာ တန်းတူရည်တူ အနေအထားမျိုး ရှိ မရှိ ကျနော်တို့ ကြည့်ဖို့လိုပါတယ်။ တကယ်လို့ ကျနော်တို့ အဲဒီလိုပြောလို့ တဘက်က ပြောလာနိုင်တာက ဒါဆိုလည်း ခင်ဗျားတို့က သူများလို့ တန်းတူ၊ ရည်တူ ဆက်ဆံခံချင်တယ်ဆိုရင် တန်းတူရည်တူ အနေအထားမျိုးရအောင် ဖန်တီးယူ၊ အရည်အချင်း ရှိဖို့လိုတယ်လို့ အဲဒီလိုပြောကောင်း ပြောပါလိမ့်မယ်။
အဲဒီလိုဖြစ်အောင် အစဉ်အဆက် ခေါင်းဆောင်တွေ၊ အစိုးရတွေက လုပ်ခဲ့လား ဆိုတာကို ကျနော်တို့ဘက်ကလည်း တုန့်ပြန်ဖို့ရှိပါတယ်။ အဲဒီလို အနေအထားမျိုးဖြစ်အောင် စဉ်ဆက်ခေါင်းဆောင်တွေက တလျှောက်လုံး ဖိနှိပ်ထားတာ၊ ကန့်သတ်ထားတာ။ ကုန်ကုန်ပြောရရင် ကျွန်ပြုထားတာ။ နှိပ်စက်ထားတာ။ အဲဒီလိုမျိုး အခြေအနေမျိုးကို ချက်ချင်း ကောက်ကာငင်ကာ ဘယ်လိုလုပ်ဖြစ်မလဲ အဲဒီအခွင့်အရေးတောင် ကျနော်တို့မရတာ။ အဲဒီလို အခြေအနေမျိုးရှိတယ်။
ဒါကြောင့်မို့လို့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်။ အဓိက လုပ်ငန်းစဉ်ထဲမှာ ထည့်ထားတယ် ဆိုတာကိုတော့ ကြိုဆိုလက်ခံတယ်။ ဝမ်းလည်းသာတယ်။ ဒါပေမယ့် ခုနကကျနော်ပြောတဲ့ အသေးစိတ်ဖော်ဆောင်တဲ့ အဆင့်တွေနဲ့ ပတ်သက်လို့ အစိုးရဘက်က အားလုံးအသေးစိတ် ဘယ်လိုပြင်ဆင်ထားတာ မသိပေမယ်လို့ ကျနော်တို့ဘက်ကတော့ ခုနက ထောက်ပြတဲ့တချို့သော အကြောင်းအချက်အလက်ပေါ်မှာ မူတည်ပြီး ယုံကြည်မှုအပြည့်အဝ ရဖို့တော့ နည်းနည်း စောင့်စားရလိမ့်ဦးမယ်လို့ ကျနော်ထင်တယ်။
စဝ်ဆေအွန် (နိုင်ငံရေး အကြံပေး – ရှမ်းပြည်တိုးတက်ရေးပါတီ /SSPP )
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ဆိုတဲ့နေရာမှာ တကယ်လက် တွေ့ကျကျ လုပ်သွားနိုင်မယ်ဆိုရင်တော့ ကြိုဆိုတာပေါ့။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ လူတိုင်းရချင်တဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် ဒါလည်းကြိုဆိုတယ်။ နောက် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာလည်း တို့တွေကလည်း ပြင်ဆင်ချင်တယ်။ NLD ကလည်း ပြင်ချင်တယ်။ တပြည်လုံး အတိုင်းအတာကလည်း ပြင်ချင်တယ်ဆိုတော့ အဲဒီအပိုင်းမှာလည်း ကြိုဆိုတယ်။ ဒါပေမယ့် လက်တွေ့ လုပ်ဆောင်သွားဖို့တော့ လိုတယ်။ အခုရှိနေတဲ့ ဦးဆောင်နေတဲ့ အစိုးရဆိုတာလည်း ကျေကျေနပ်နပ်ဖြစ်လာတဲ့ အစိုးရတော့ မဟုတ်ဘူးနော်။ ၂၀၀၈ အခြေခံဥပဒေ မပြုပြင်မချင်းတော့ ဗမာပြည်သူပြည်သားအတွက် တိုင်းရင်းသားအတွက်လည်း မကောင်းဘူး။ အကျိုးမရှိဘူး။ စစ်တပ်အတွက်ပဲ အကျိုးရှိသလို ဖြစ်နေတယ်။ တကယ် လက်တွေ့ကျကျ လုပ်သွားမယ်ဆိုရင်တော့ ကျနော်တို့လည်း လက်တွဲပူးပေါင်းလုပ်သွားမယ့် အလားအလာ ရှိပါတယ်။
အစိုးရသစ် လက်ထက်မှာ ပြည်တွင်းစစ်တွေ ရပ်စဲသွားမလားဆိုတာက အစိုးရအပေါ်မှာပဲ မူတည်တယ်။ အစိုးရက ငြိမ်းချမ်းရေး တကယ်ရချင်တယ်ဆိုရင် ရနိုင်တဲ့နည်းလမ်းကို ရှာကြံထားရမယ်။ တကယ်အစစ်အမှန် ဖြစ်မယ်ဆိုရင်တော့ တို့လည်း လက်တွဲလုပ်ဖို့ အဆင်သင့်ရှိတယ်လေ။ အခု DPN (နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ် အဖွဲ့) ဖွဲ့ထားတာလည်း ဒီအတွက်ပဲ လုပ်ထားတာပဲ။ အစိုးရနဲ့ စကားပြောဖို့အတွက် ဖွဲ့စည်းထားတာပဲ။ SSPP ဆိုရင်လည်း DPN အဖွဲ့ဝင်လည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေတာ။ အစိုးရ ပေါ်လစီအပေါ်မှာ မူတည်ပြီးတော့ ဆန်းစစ်သွားမှာပါ။ ဒါပေမယ့် သူတို့က တကယ့်ငြိမ်းချမ်းရေးကို အစစ်အမှန်လုပ်သွားဖို့ဆန္ဒရှိရင် လက်တွဲသွားဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်။
ဗိုလ်မှူး တာပန်လ (ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော်/TNLA )
ကျနော်တို့ကတော့ သမ္မတမိန့်ခွန်း မပြောခင်ကတည်းကပေါ့၊ NLD ပါတီ ရွေးကောက်ပွဲ အပြတ်အသတ် နိုင်ကတည်းက ကျနော်တို့ ထုတ်ပြန်ချက် ထုတ်ထားတာ ရှိပါတယ်။ NLD က သူတို့ရွေးကောက်ပွဲ စဝင်ကတည်းက ကြေညာစာတမ်း ထုတ်ပြန်ထားတာရှိတယ်။ အဲဒီရွေးကောက်ပွဲ ကြေညာစာတမ်းထဲမှာဆိုလည်း သမ္မတပြောသွားတဲ့ အချက်အလက်တွေပါပဲ။ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရေး၊ ဒါက သူတို့တောက်လျှောက် ကြွေးကြော်လာခဲ့တဲ့ဟာလည်း ဖြစ်တယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ထည့်ထားပြီးသားလည်း ဖြစ်တယ်ဆိုတော့ NLD အနေနဲ့ လုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ အဲဒါမျိုး လုပ်နိုင်ဖို့အတွက်လည်း ကျနော်တို့ဘက်က ပူးပေါင်းလုပ်ဆောင်သွားဖို့အတွက် အဆင်သင့်ဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ TNLA နဲ့ တင်မကဘူး။ သမ္မတ မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတော့ ပြည်တွင်းစစ်ကြီး တခုလုံး ရပ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်။