၂၀၁၆ ခုနှစ် ရန်ကုန်သင်္ကြန် ကာလ အတွင်း စီးပွားဖြစ် မဏ္ဍပ်များ ဆောက်လုပ်ခွင့် ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကန့်သတ်လိုက်သည်။ စီးပွားဖြစ်မဏ္ဍပ်ဆောက်လုပ်ခွင့်များ ကန့်သတ်ပြီး ပြည်လမ်းမကြီး တလျှောက်တွင်မူ မိသားစုနှင့် ကုမ္ပဏီမဏ္ဍပ်တချို့ ဆောက်လုပ်ခွင့်ပေးထားသည်ဟုသိရှိရသည်။ အဆိုပါလမ်းမထက်ရှိ အိမ်များ၏ သင်္ကြန် ၅ ရက်တာ ခြံငှားရမ်းခများလည်း ဈေးနှုန်းမြှင့်တက်သွားရာ မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်ထားခဲ့ပြီး မဏ္ဍပ်လက်မှတ်ကြိုတင်ရောင်းချထားသူများ အကျပ်ရိုက်ကုန်သည်။ အဆိုပါအခြေအနေများအပေါ် မဏ္ဍပ် စီစဉ်ဆောက်လုပ်သူ များ၊ အနုပညာရှင်များ၊ မိဘနှင့် လူငယ်အချို့ ကို ဧရာဝတီ သတင်းဌာန ကော်ပီအယ်ဒီတာ မေစစ်ပိုင် က ဆက်သွယ်မေးမြန်းထားပါသည်။
မန္တလေးအခြေစိုက် စာရေးဆရာ ဆူးငှက်
ရန်ကုန်သင်္ကြန်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် လုပ်တဲ့အလုပ်ကိုတော့ မူအားဖြင့် လက်ခံပါတယ်။ ဒါကတော့ ရန်ကုန်မြို့ လူထုကတော့ ပိုသိနိုင်ပါတယ်။ သို့သော်လည်း အထူးသဖြင့် မြို့ကြီးတွေ ရန်ကုန်မန္တလေး စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်ကြီးတွေဟာ သင်္ကြန်ကို ခုတုံးလုပ်ပြီး စီးပွားရေးသဘောတခုတည်း မဟုတ်တော့ဘဲ နောက်ပိုင်းမှာ မူးယစ်ဆေးဝါးကိစ္စတွေ လိင်မှုကိစ္စတွေ ဒါတွေအထိ ပါလာတာတော့ အားလုံးသိနေတာ ကြာပါပြီ။ ဒါကို ရဲရဲတင်းတင်းဆုံးဖြတ်လိုက်တာကို ကြိုဆိုပါတယ်။
မန္တလေး က အတိုအပြတ်တွေဝတ်ရင် အရေးယူမယ်ဆိုတဲ့ကိစ္စကတော့ လွဲနေတယ်။ မန္တလေး ကျုံးဘေးမှာလည်း စီးပွားဖြစ် မဏ္ဍပ်ကြီးတွေ အများဆုံးရှိနေတာပဲ။ မဏ္ဍပ်အောက်မှာ အခန်းတွေ ဖွဲ့ထားပြီး ထင်သလိုနေကြတာတွေ အရင်တုန်းကတည်းကပါ။ ၁၀ နှစ်လောက်ရှိနေပါပြီ။ ဒါတွေကို ရေးသားနေကြတာပဲ။ ဒါတွေကို ဘာတခုမှ အရေးယူမှု မရှိခဲ့ဘူး။ ဒီနှစ် အစိုးရသစ် တက်လာလို့များ ဒီကိစ္စ ကို ကိုင်တွယ် မလားဆိုပြီးတော့ ဒုတိယလွှတ်တော် က ပုဂ္ဂိုလ်များနဲ့လည်း တွေ့တဲ့အခါမှာလည်း ပြောခဲ့ပါတယ်။
မန္တလေးကိုလည်း ရန်ကုန်လို လုပ်စေချင်တယ်။ အရေးကြီးတာက လူသိန်းဂဏန်းလောက်ထဲ အတိုအပြတ် ဝတ်တဲ့သူတွေကို ဆွဲထုတ်ပြီးတော့ အချုပ်ကားထဲ ထည့်လို့ရတဲ့ကိစ္စမှ မဟုတ်ဘဲနဲ့ ဒါက ရယ်စရာကြီးပါ။ အူကြောင်ကြောင်နိုင်တဲ့ အမိန့်ပါ။ အရေးကြီးတာက မန္တလေးရဲ့ အထင်ကရဖြစ်တဲ့ ကျုံးဘေးလိုနေရာမှာ စီးပွားရေးမဏ္ဍပ်တွေ မဆောက်ရဘူးဆိုတဲ့ အမိန့်မျိုး ရဲရဲတင်းတင်း အမိန့်ထုတ်ကြပါလား။ အဲလိုမျိုး မထုတ်ဘဲနဲ့ အတိုအပြတ်ဝတ်ရင်ဖမ်းမယ်ဆိုတာကြီးက စိတ်ပျက်စရာကောင်းသလို ရယ်စရာလည်းကောင်းပါတယ်။ ဘာဖြစ်လာ လည်းဆိုတော့ မန္တလေး သင်္ကြန် က အစိုးရသစ်လက်ထက်မှာ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ပုံစံမျိုး ဖြစ်လာတယ်။
တခုပြန်တွက်ကြည့်တော့ ဒေါက်တာဦးထွန်းလွင် ပြောတဲ့ အချက်အလက်တခုပါ။ ရန်ကုန်တမြို့မှာက ရေပက်တဲ့အခါ သုံးတဲ့ရေဂါလံ က သိန်း ၂၄၀ ဂါလံ ရှိတယ်။ မန္တလေးမြို့မှာ ပက်တဲ့ရေဂါလံ က တနှစ်ကို သန်းပေါင်း ၅၀ ကျော် ရှိတယ်။ ဒါတွေက စပြီးတော့ အစိုးရသစ်အနေနဲ့ ဖြေရှင်းတယ်ဆိုတာထက် ကန့်သတ်ရမှာပေါ့။ ကျုံးဘေးမှာ ရေမပက်ရဘူးဆိုပြီး ကန့်သတ်လိုက်ရင် ရေလည်းချွေတာရာ ရောက်မယ်။ နောက်တခု က စီးပွားရေးသဘောနဲ့ မူးယစ်ဆေးဝါးကိစ္စ အပြင် အခြားသော ဆက်စပ်ပြဿနာကိုလည်း ထိန်းချုပ်ပြီးသားဖြစ်မယ်ပေါ့။
ကိုစည်သူ (မဏ္ဍပ်စီစဉ် သူ တဦး)
ကျနော်တို့က အင်းလျားလမ်းပေါ် ၃ နှစ်ဆောက်ခဲ့တယ်။ ပြည်လမ်းပေါ်လည်း ဆောက်ခဲ့တယ်။ ဒီနှစ်က ကမ္ဘာအေး ဘုရားလမ်းပေါ် ဆောက်မယ်ဆိုပြီးတော့ လုပ်ထားတာ။ ဒီနှစ်အတွက်တော့ ကျနော်တို့လည်း မရဘူး။ ပြည်လမ်း ဘက်မှာတောင် ခြံတွေ လိုက်ငှားတော့ ဈေးတွေက အရမ်း တက်နေပြီ။ ရွှေဟင်္သာကွန်ဒိုလောက်ထိ လိုက်ငှား ကြည့် နေတာ ကန်ပေါင်နဲ့တောင် တော်တော်လေး ဝေးသွားပြီ။ ၆ မိုင်ကျော်လောက်ရောက်နေပြီ။ ဒါတောင် ငှားလို့မရဘူး။ ငှားလို့ရတဲ့ခြံတွေကလည်း ဈေးတွေ အရမ်းတက်နေတယ်။ အခုလို ကန့်သတ်တာက အမှန်တော့ ကောင်းပါတယ်။ ပုံမှန်ဆိုလည်း ကျနော်တို့က မဏ္ဍပ်ပါမစ်တွေကို လိုက်ပြီး ဝယ်ရတာပဲလေ။
ကျနော်တို့က ဘယ်လိုပဲ လျှောက်လျှောက်မရဘူးဗျ။ ကျနော်တို့ရှေ့မှာ စီနီယာတွေရှိတယ်။ အစောင် ၃၀ တင်ရင် စီစဉ်ချထားပြီးသား။ အဲလိုလူတွေဆီက တဆင့် ပြန်ဝယ်လို့ရဖို့ကို ကျနော်တို့က ကြိုပြီးကမ်းလှမ်းထားရတာ။ ပုံမှန်ဆိုလည်း သိန်း ၂၀၀ ၊ သိန်း ၃၀၀ လောက်ပေးရတာပဲ။ ကန်တော်ကြီးမှာ ဆောက်ခဲ့တဲ့ နှစ်တွေဆိုလည်း နှစ်တိုင်းလိုလို ပေးခဲ့ ရတာပဲ။ အခုတော့ ကောင်းသွားတာက အဲဒီလိုလူတွေ သိပ်မရှိတော့ဘူးပေါ့။ သူတို့က မိသားစုမဏ္ဍပ်တွေ ကိုယ့်အိမ်ရှေ့မှာ ကိုယ်ဆောက်လို့ရတယ်ဆိုတော့ နောက်နှစ်တွေမှာ တက္ကသိုလ်ရိပ်သာလမ်းဟောင်းတို့လိုနေရာဘက်မှာ ပြန်ပြီး ကြိုးစားကြည့်ရမှာဘဲ။ မဏ္ဍပ်ကြီးတာတွေတော့ ရမှာမဟုတ်တော့ဘူးပေါ့။ အိမ်အကျယ် အဝန်းရှိသလောက်ပဲ ရတော့ မှာပေါ့။ အရမ်းကြီးတာတွေတော့ မလွယ်လောက်တော့ဘူး။ ကျနော်တို့က တကယ်ဆောက်တယ်။ ပျော်ချင်လို့ ဆောက်တဲ့သူတွေ ။ အမြတ်လည်း သိပ်ပြီးခေါင်းထဲမထည့်ကြဘူး။ သူငယ်ချင်း ၁၀ ယောက်ရှိရင် ၁၀ ယောက်လုံး ပိုက်ဆံ ထည့်ပြီးဆောက်ကြတဲ့အတွက် မြတ်တဲ့အခါလည်းရှိတယ်။ မြတ်လည်း ပါးပါးပဲမြတ်တာ ခရီးသွားတာနဲ့ကုန်တာပဲ။
တကယ်စီးပွားဖြစ် ဆောက်တဲ့သူတွေက ပါမစ်လျှောက်ပြီး ပြန်ရောင်းတဲ့ခေတ်ဖြစ်လာတယ်။ အဲလိုဝင်လာတဲ့ လူတန်းစား တခုဝင်လာတော့ တကယ်ဆောက်တဲ့သူတွေ က ရှုပ်ကုန်တာပေါ့။ တကယ်ဆောက်ရတဲ့သူတွေ မလွယ်တော့ဘူး။ နောင်နှစ်တွေကတော့ ဆောက်မယ့်သူတွေကတော့နည်းလမ်းမျိုးစုံ ရှာပြီး ဆောက်မှာဘဲ။ မိသားစုမဏ္ဍပ်၊ ကုမ္ပဏီ မဏ္ဍပ်ဆောက်ခွင့်ပေးမယ်ဆိုတော့ ပုံမှန်ဆိုရင် ကုမ္ပဏီက စပွန်ဆာပေးတာဆိုတော့ သူတို့နဲ့ညှိပြီး ဆောက်ရမှပေါ့။
မမြတ်မှူးခင် (လူငယ်တဦး)
အခုလို မဏ္ဍပ်တွေကို ပိတ်လိုက်တာက တမျိုးတော့ဖြစ်တယ်ရှင့်။ နေရာတကာလိုက်ပြီး ပိတ်ပင်နေသလိုမျိုး ခံစားရတယ်။ မဏ္ဍပ်လက်မှတ်က ဝယ်ထားပြီးတော့ စီစဉ်သူဘက်ကတော့ ဘယ်လိုလုပ်ပေးမလဲမသိဘူး။ တခုခုတော့ သူတို့ စီစဉ်ပေးမယ်ထင်တာပဲ။ အမှန်ဆိုရင် မဏ္ဍပ်အောက်က သူတွေအတွက်တို့၊ ရေပက်ခံထွက်တဲ့သူတွေအတွက်တို့ လုံခြုံရေးများများချထားပေးရင် ရမှာဘဲလေ။ မဏ္ဍပ်ပေါ်က လူတွေက သိပ်ပြီး ပြဿနာ လုပ်တာမဟုတ်ဘူး။ မဏ္ဍပ်တွေ မရှိဘူး ဆိုရင်တော့လည်း တနေရာရာ ကို ခရီးထွက်ဖြစ်မယ် ထင်တာပဲ။
ဒီဂျေ ဝိုင်း
အီနားရှား သဘောလိုပေါ့။ အရှိန်နဲ့သွားနေတဲ့ ကားတစီး ကို ဘရိတ်ဆောင့်အုပ်လိုက်သလိုပေါ့။ ဒီယဉ်ကျေးမှု က နှစ် ၂၀ လောက်ရှိပြီ။ သူ့ဘာသာသူလည်း အဆင်ပြေနေပါပြီ။ အခုလို ပိတ်ချလိုက်တော့ ကမောက်ကမတွေ အများကြီး ဖြစ်သွားတယ်လို့ ထင်ပါတယ်။ ပိုပြီး စိတ်ပူမိတယ်။ နဂိုကတည်းက မဏ္ဍပ်မသွားတဲ့သူတွေက ကန်တော်ကြီးတို့ တိရိစ္ဆာန်ရုံလိုနေရာတွေမှာ ပြုံတိုးနေတာဆိုတော့ အဲဒီလူတွေကသပ်သပ် မဏ္ဍပ်ထိုင်သူတွေ သပ်သပ်စီပေါ့လေ။ အခုလိုဖြစ်လာရင် အကုန်ရောထွေးပြီး ပိုပြီး အန္တရာယ်များလာနိုင်တယ်။ နှစ်တိုင်း မဏ္ဍပ်ထိုင်တဲ့ လူငယ်တွေ၊ လူကြီးတွေ ရဲ့ အရေအတွက် က သိန်းဂဏန်းရှိတယ်ဆိုတော့ ဒီဟာတွေမရှိတော့ရင် တခြားနေရာတွေမှာ ပျံ့ကျဲပြီး ဗရမ်းဗတာဖြစ်မှာ စိုးရိမ်မိတယ်။
ကျနော်ကြားမိတာကတော့ လူကြီးတွေက လူငယ်တွေ ရဲ့ သဘောထားကို ပြန်စဉ်းစားပေးမယ်လို့လည်း ကြားပါတယ်။ အကောင်းဆုံးဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။
ဒေါ်ကလျာ (မိခင်တဦး)
အိမ်က သမီး ၂ ယောက် က သင်္ကြန်ဆို အမြဲ လိုလို မဏ္ဍပ်ထိုင်ကြတာ။ သူတို့တွေ အိမ်ပြန် မရောက်မချင်း စိတ်ပူရတယ်။ သတင်းတွေလည်း ဖွင့်ကြည့်ရတာတွေရှိတယ်။ ဟိုးတနှစ်က မဏ္ဍပ်ဗုံးပေါက်တုန်းက သူလည်း အဲဒီနားမှာရောက်နေတယ်။ ဘယ်လိုမှလည်း ဆက်သွယ်လို့မရတော့စိတ်ပူရတာ အရမ်းပဲ။ အခုလိုမျိုး မဏ္ဍပ်ဆောက်လုပ်ခွင့်တွေ ကန့်သတ်လိုက် တယ်ဆိုတော့ မိဘတွေကတော့ စိတ်အေးရတယ်လို့ ပြောလို့ရတယ်။ သမီးတွေကတော့ မဏ္ဍပ်မထိုင်ရဘူးဆိုရင် ကားနဲ့လည်မလား အိမ်မှာ နားနေမလား ဆိုပြီး ပြောနေကြတာပဲ။ သူတို့ကတော့ ဒီလို ကန့်သတ်လိုက်တဲ့အပေါ် မကြိုက် ချင်ကြဘူး။