မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ဆင်နွဲကြမှဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အစိုးရသစ် ကူးပြောင်းစကာလတွင် ရိုးရာသင်္ကြန်နဲ့ပတ်သက်ပြီး မူအမျိုးမျိုး ချမှတ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ယခုနှစ် မန္တလေးသင်္ကြန်မှာ ယခင်နှစ်တွေနဲ့မတူဘဲ ဘာတွေပြောင်းလဲ ပြင်ဆင်နေလဲ ဆိုတာ သိရဖို့ သင်္ကြန်ကာလတွင် “မန္တလေးသင်္ကြန် ဘဏ္ဍာငွေရှာဖွေရေးနှင့် ဆုချီးမြှင့်ရေး ကော်မတီ” ဥက္ကဌ အဖြစ် တာဝန်ယူထားသည့် မန်းစည်ပင်ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနဲ့ ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဒီနှစ် မန္တလေးသင်္ကြန်မှာ အရင်နှစ်ထက် ထူးခြားတဲ့အစီအစဉ်တွေ ပါဝင်ပါသေးလား။
ဖြေ။ ။ ထွေထွေထူးထူး ပြောင်းလဲတာတော့ မရှိပါဘူး။ မြို့တော်ဝန်မဏ္ဍပ်ဆိုတဲ့နေရာမှာ “မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်” အဖြစ် ပြောင်းလဲသတ်မှတ်မယ်။ သင်္ကြန်အကြိုနေ့မှာ ကတဲ့ကျောင်းသူဦးရေ တဝက်လျော့တယ်။ မနှစ်က ၃၀၀၀ ၊ ဒီနှစ် ကျောင်းသူဦးရေ ၁၅၀၀ ပဲ ကမယ်။ ဖွင့်ပွဲပိတ်ပွဲလည်း မနှစ်က အချိန်အတိုင်းပါပဲ။ အကြိုနေ့ ညနေ ၅ နာရီခွဲ မဏ္ဍပ်ဖွင့်မယ်။ အတက်နေ့ည ၁၂ နာရီ ပိတ်မယ်။ ဒီနှစ်မှာ တိုးလာတဲ့ ဘုန်းကြီးဆွမ်းကပ်နဲ့ ဘုံဆွမ်းလောင်းဖို့ရှိတယ်။ အခုထိတော့ နေရာ၊ အချိန်ကို ညှိနေဆဲပါ။
မေး။ ။ အလှပြယာဉ်၊ သံချပ်အစီအစဉ်တွေရော ပါဝင်ဦးမှာလား။
ဖြေ။ ။ ပါတယ်။ အလှပြယာဉ်တွေက တစီးကို ထောက်ပံ့ကြေး သိန်း ၂၀ ပေးတယ်။ အရင်နှစ်တွေကတော့ သိန်း ၃၀ ပေးတယ်။ မြို့မကတော့ နှစ်စဉ် သိန်း ၅၀ ရယ်၊ ကား၊ ဓာတ်ဆီ ထောက်ပံ့ပေးပါတယ်။ သံချပ်က မနှစ်ကတည်းက စလုပ်ပါတယ်။ မနှစ်ကတော့ ၂ ဖွဲ့ပြိုင်တယ်။ ဒီနှစ်တော့ လျှောက်ဖို့ သတင်းစာမှာ ထည့်ကြေငြာပြီးပါပြီ။ သံချပ်စည်းကမ်းကတော့ အဓိက ပုဂ္ဂိုလ်ရေးဆန်တဲ့အရာတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေတဲ့အရာတွေ မပါဝင်ဖို့ ထုတ်ပြန်ထားပါတယ်။ တခြား ထွေထွေထူးထူး ကန့်သတ်ထားတာ မရှိပါဘူး။ လောလောဆယ်တော့ လာလျှောက်တဲ့သူ မရှိသေးပါဘူး။ ပြီးတော့ သင်္ကြန်ဓာတ်ပုံပြိုင်ပွဲလည်း လုပ်ဖို့ အစီအစဉ်ရှိပါတယ်။
မေး။ ။ မန္တလေးသင်္ကြန်မှာ မဏ္ဍပ်စုစုပေါင်း ဘယ်နှစ်ခုရှိပါသလဲ။
ဖြေ။ ။ စုစုပေါင်း ၄၀ ကျော်မယ်။ ကျုံးဘေးပတ်လည်မှာ ၃၃ ခု၊ ကန်တော်ကြီးမှာ ၁ ခု၊ မြို့ထဲမှာတော့ ဒီနေ့အထိ ၉ ခု ရှိတယ်။
မေး။ ။ မဏ္ဍပ်တွေနဲ့ ပတ်သတ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဘယ်လိုစည်းကမ်းချက် တွေ အဓိကထုတ်ထားပါသလဲ။
ဖြေ။ ။ စည်ပင်က မဏ္ဍပ်နဲ့ပတ်သတ်ပြီး စည်းကမ်းချက် ၂၄ ချက်ထုတ်ထားပါတယ်။ သတင်းစာမှာလည်း ကြေငြာထားပြီးဖြစ်ပါတယ်။ အဓိကကတော့ အရက်ဘီယာမရောင်းဖို့၊ အပင်မခုတ်ဖို့၊ မဏ္ဍပ်ဘေးပတ်လည်မှာ ကျုးကျော်ဆိုင်တွေ မဖွင့်ဖို့၊ မူးယစ်ဆေးဝါး၊ အများအမြင်မသင့်တဲ့ လျှပ်ပေါ်လော်လီဝတ်စားတာတွေနဲ့ ပတ်သတ်ပြီး တားမြစ်ထားပါတယ်။ ဒီစည်းကမ်းတွေကိုလည်း မနှစ်ကလို ကျုံးဘေးမှာ ဗီနိုင်းကပ်ပြီး ကြေငြာသွားမှာပါ။
မေး။ ။ မဏ္ဍပ်တွေ ဘယ်နေ့ အပြီးဆောက်ဖို့ သတ်မှတ်ထားပါသလဲ။
ဖြေ။ ။ ဧပြီ ၉ ရက်နေ့အပြီးလို့ သတ်မှတ်ထားပါတယ်။ အဲနေ့မှာ စည်ပင်ကလဲ လိုက်စစ်မှာပါ။
မေး။ ။ စည်ပင်က မဏ္ဍပ်လုံခြုံရေးနဲ့ပတ်သတ်ပြီး ဘာတွေလုပ်ဖို့ညွှန်ကြားထားတာရှိပါသလဲ။
ဖြေ။ ။ အဲဒါကတော့ စည်ပင်ထက် နယ်လုံဝန်ကြီး၊ ခရိုင်ထွေအုပ်၊ နယ်မြေရဲတို့က သီးခြားထုတ်ပြန်မှာပါ။ မဏ္ဍပ်တွေမှာ စီစီတီဗွီတပ်ဖို့၊ မဏ္ဍပ်အောက်မှာ အခန်းတွေ မထားဖို့၊ ကိုယ့်မဏ္ဍပ်ထဲ လူအဝင်အထွက်ကို သေချာစိစစ်ဖို့ စတာတွေပေါ့။ ဒီအတွက်လည်း မဏ္ဍပ်တာဝန်ခံတွေနဲ့ တာဝန်ရှိဌာနတွေနဲ့ သင်္ကြန်မတိုင်ခင်မှာ အစည်းအဝေး လုပ်ဖို့ရှိပါတယ်။ ဧပြီ ၉ ရက်နေ့မှာ စည်ပင်အပါအဝင် အဲဌာနတွေက မဏ္ဍပ်တွေကို စည်းကမ်းချက်နဲ့ညီမညီ လိုက်စစ်ဆေးမှာပါ။
မေး။ ။ သတ်မှတ်စည်းကမ်းနဲ့မညီတဲ့ မဏ္ဍပ်တွေကို ဘယ်လိုအရေးယူဖို့ရှိပါသလဲ။
ဖြေ။ ။ စည်းကမ်းချက်နဲ့မညီရင်တော့ သူတို့တင်ထားတဲ့ စပေါ်ငွေ သိန်း ၂၀ ထဲက ထိုက်သင့်တဲ့ တန်ဖိုးအတိုင်း သတ်မှတ်ပေးလျော်စေမယ်။ တန်ဖိုးအလျောက်ပေါ့။
မေး။ ။ ဒီနှစ် မြို့တော်ဝန်မဏ္ဍပ် ကုန်ကျစရိတ် သိပါရစေ။
ဖြေ။ ။ စုစုပေါင်း လျာထားတာကတော့ ငွေကျပ် သိန်း ၄၅၀၀ လျာထားပါတယ်။ အတိအကျကတော့ ဘတ်ဂျတ်နှစ် ၂ ခုဖြစ်တဲ့အတွက် ပြောဖို့ခက်ပါတယ်။ အဲဒီထဲမှာ အဆိုတော်ဌားခ သိန်း ၁၈၀၀ ပါပါတယ်။ ပြီးတော့ ထောက်ပံ့ကြေး၊ ဆုကြေးငွေတွေ ပေးတာ၊ မဏ္ဍပ်ဆောက်တာတွေ ပါပါတယ်။ လျာထားထားတာက အဲလောက်ပေါ့။ ကုန်ကျစရိတ်အတိအကျကတော့ သင်္ကြန်ပြီး စာရင်းရှင်းတမ်းပြီးမှ သိနိုင်မယ်။
မေး။ ။ မနှစ်က မြို့တော်ဝန်မဏ္ဍပ် ကုန်ကျစရိတ် ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ သိန်း ၃၂၀၀ ဝန်းကျင်လောက် ကုန်ပါတယ်။
မေး။ ။ ဒီနှစ်သင်္ကြန်မှာ ရေဖြုန်းတီးမှုတွေ မဖြစ်အောင် ရေပက်ချိန်ကို လျှော့မယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံ လျှော့သွားမလဲ သိပါရစေ။
ဖြေ။ ။ ရေပက်ချိန်က တနာရီပဲ လျှော့လိုက်တာပါ။ အရင်က မနက် ၇ နာရီကနေ နေ့လည် ၁၂ ၊ ညနေ ၃ နာရီကနေ ၆ နာရီ။ အခု မနက် ၈ နာရီကနေ စပက်ခွင့်ပြုထားပါတယ်။ ကျန်တာအပြောင်းအလဲမရှိပါဘူး။
မေး။ ။ ရေစုပ်စက်တွေ ရေပက်ခွင့်မပြုဘူးဆိုပြီး အခုပြန်လျှောက်ထားခွင့်ပြုတယ်လို့ သိရပါတယ်။ ဘာကြောင့် ပြောင်းသွားတာပါလဲ။
ဖြေ။ ။ ဝန်ကြီးချုပ်က သင်္ကြန်မှာ ရေတွေ ဗုံးပေါ်လအောမဖြစ်ရအောင် လုပ်ဖို့နဲ့ ရေရှားတဲ့ဒေသတွေကို အားနာတာပေါ့။ အဲဒါကြောင့် ရေစုပ်စက်တွေနဲ့ ရေပက်ခွင့်မပြုဘူးလို့ အစက စည်းကမ်းထုတ်လိုက်တယ်။ ဒါပေမဲ့ ကျုံးထဲကို တိုက်ရိုက်ဝင်နေတဲ့ ဆည်တော်ကြီးဆည်ရေက ရေစုပ်စက်နဲ့ ဘယ်လိုသုံးသုံး Overflow သွားနေမှာ ဖြစ်တဲ့အတွက် ကျုံးရေသုံးနေတဲ့သူတွေ ဘာအနှောင့်အယှက်မှ မဖြစ်ဘူးဆိုပြီး ပြန်ခွင့်ပြုလိုက်တာပါ။
မေး။ ။ ကျုံးရေကို ရေစုပ်စက်နဲ့ ပက်ချင်တဲ့ မိသားစုတွေအတွက် ဘာတွေလုပ်ဖို့ လိုပါသလဲ။
ဖြေ။ ။ ရေစုပ်စက်နဲ့ ပက်မယ်ဆိုရင် စည်ပင်မှာ တစက်ကို နှစ်သိန်းနဲ့ လျှောက်ထားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ၂ လက်မရေစုပ်စက်၊ ပိုက်တွေကိုပဲ အသုံးပြုရပါမယ်။ မီးသတ်ပိုက်တွေ၊ လေအိုးတွေ အသုံးမပြုရပါဘူး။ အနောက်ဘက်နဲ့ မြောက်ကျုံးမှာ ရေစုပ်စက် ၇၅ ခုစီ ပက်ခွင့်ပေးမယ်။ အနည်းဆုံး ၁၀ပေ ခွာပြီး ခွင့်ပြုထားပါတယ်။ ဒီထက်များလာရင်တော့ မဲစနစ်နဲ့ ပေးသွားမယ်။ သတ်မှတ်စည်းကမ်း မလိုက်နာရင် တော့ ဒဏ်ငွေ သုံးသိန်း ရိုက်မှာ ဖြစ်ပါတယ်။
မေး။ ။ ရန်ကုန်မှာတော့ စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်ခွင့်မပေးတော့ဘူးဆိုပြီး လုပ်လိုက်တယ်။ မန္တလေးမှာရော လာမယ့်နှစ် သင်္ကြန်မှာ အဲလိုလုပ်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ အဲဒါကတော့ အစိုးရအဟောင်းအသစ် အပြောင်းအလဲမှာ ဖြစ်သွားတဲ့ ပေါ်လစီဆိုတော့ အသေအချာ မပြောတတ်ဘူး။ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်။
မေး။ ။ မန္တလေးသင်္ကြန်နဲ့ ပတ်သတ်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ပါ။ လိုက်နာကြပါ။ ဒါမှ နှစ်ဦးနှစ်ဖက် စီမံခန့်ခွဲရတာ အဆင်ပြေပြီး အောင်မြင်အေးချမ်းတဲ့ ပွဲတော်တခုကို ဖြတ်သန်းနိုင်မှာပါ။