ကနေဒီယန် စာရေးဆရာမ ကာရင် ကွန်နယ်လီ (Karen Connelly) က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် “The Lizard Cage” (အိမ်မြှောင် လှောင်အိမ်) ဝတ္ထုကို မြန်မာဘာသာဖြင့် ထုတ်ဝေသော စာအုပ်မိတ်ဆက်ပွဲတွင် ပြည်တွင်း စာပေအကြောင်းကို ဆွေးနွေးခဲ့သည်။
အဆိုပါ အိမ်မြှောင်လှောင်အိမ် ဝတ္ထုသည် ရန်ကုန်၌ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်၌ အနှစ် ၂၀ ကျော် ကြာ အကျဉ်းကျခံခဲ့ရသော မြန်မာ ကျောင်းသားခေါင်းဆောင်တဦး၏ အကြောင်းကို ရေးသားဖော်ပြထားပြီး စစ်အုပ်ချုပ်ရေး အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသော မြန်မာအကျဉ်းသား ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာ၏ အတွေ့အကြုံများကို ထင်ဟပ်ဖော်ပြသော ဝတ္ထုဖြစ်သည်။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းစာအုပ်သည် ဗြိတိသျှတို့၏ စာရေးဆရာသစ်များကို ချီးမြှင့်သည့်ဆု Britain’s Orange Broadband Prize for New Writers ဆုကို ၂၀၀၇ ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် စာပေစိစစ်ရေးသည် ၂၀၁၂ ခုနှစ်အထိ ရှိခဲ့သောကြောင့် မြန်မာဘာသာဖြင့် ထုတ်ဝေနိုင်ရန် စာရေးဆရာမ ကာရင် ကွန်နယ်လီ အနေဖြင့် ၁၁ နှစ်ကြာ အချိန်ယူခဲ့ရသည်။
ထိုဝတ္ထုစာအုပ် ရေးဖြစ်ပုံနှင့် မြန်မာပြည်တွင်း တရားမျှတမှုအတွက် ဘာသာစကားနှင့် စာပေက မည်သို့ အထောက်အကူ ဖြစ်စေသနည်းဆိုသည်ကို ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်း သတင်းထောက် ကျော်ဖြိုးသာက စာရေးဆရာမ ကာရင် ကွန်နယ်လီ နှင့် ဆွေးနွေးထားပါသည်။
မေး ။ ။ လွန်ခဲ့တဲ့ အနှစ် ၂၀ မြန်မာနိုင်ငံကို ပထမဆုံး လာခဲ့တဲ့အချိန်နဲ့ ပတ်သက်ပြီး ဘာတွေ အမှတ်တရရှိနေသေးလဲ။
ဖြေ ။ ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က မြန်မာနိုင်ငံကိုလာခဲ့တဲ့ ဘယ်သူမဆို ယဉ်ကျေးပျူငှာပြီး နှစ်လိုဖွယ်ကောင်းတဲ့ လူတွေနဲ့ တွေ့ဆုံခဲ့ရမယ်လို့ ထင်ပါတယ်။ လူတွေ ဘယ်လောက်ထိ ရက်ရော သဘောထားကြီးကြတယ် ဆိုတဲ့ အဲဒီအချက်ကပဲ ကျမကို ဒီလာဖြစ်စေခဲ့တာ။ နောက်ပြီးတော့ အာဏာရှင် အုပ်ချုပ်မှုအောက်မှာ နေနေရတဲ့ သာမန်ပြည်သူတွေရဲ့ အတွေ့ အကြုံတွေ နိုင်ငံရေး အကြောင်းအရာတွွေကို စုဆောင်းနေခဲ့တာလည်း ပါတယ်။
လူတွေမှာ ကြောက်ရွံ့မှုတွေ ရှိပေမယ့် သူတို့အကြောင်းတွေကို သတ္တိရှိရှိ ပြောရဲကြပြီး သဘောထားကြီးကြပါတယ်။ နိုင်ငံရေး အခြေအနေ ဝရုန်းသုန်းကား ဖြစ်နေတဲ့အချိန် အတောတွင်းမှာ လူတွေက သိပ်မပြောချင်ကြပါဘူး။ ဒါကို ကျမ နားလည်ပါတယ်။
မေး ။ ။ အခုချိန်ကျတော့ရော။
ဖြေ ။ ။ လူတွေက အများအားဖြင့် အတူတူပဲလို့ ထင်တယ်။ အချိန်အကြာကြီး အာဏာရှင် အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတယ်။ အချိန်အကြာကြီး စောင့်ခဲ့ရတယ်။ အခုကတော့ အပြောင်းအလဲ ကာလတခုပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ ဧည့်ဝတ်ကျေမှုနဲ့ သဘောထားကြီးတာကတော့ အရင်အတိုင်းပါပဲ။
ရန်ကုန်မြို့က သေးငယ်တဲ့ ဖွံ့ဖြိုးဆဲ အာရှမြို့တမြို့ပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ကျမသိခဲ့တဲ့ ရန်ကုန်က အခုဆိုရင် ကားတွေ၊ အဆောက်အအုံသစ်တွေ၊ ဆူညံသံတွေနဲ့ လေထုညစ်ညမ်းမှုတွေအောက် မြှုပ်သွားသလိုပဲ။ ဒါပေမယ့် ဒါတွေက အပေါ်ယံ အပြောင်းအလဲတွေပါ။ လူတွေကတော့ အရင်အတိုင်းပဲလို့ ကျမ ခံစားရပါတယ်။
မေး ။ ။ ‘The Lizard Cage’ ဝတ္ထုစာအုပ်ကို ဘာလို့ ရေးသင့်တယ်လို့ ထင်တာလဲ။
ဖြေ ။ ။ PEN International အဖွဲ့ရဲ့ အဖွဲ့ဝင်တခုဖြစ်တဲ့ PEN ကနေဒါမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရာက မြန်မာနိုင်ငံ အကြောင်းကို ပထမဆုံး စိတ်ဝင်စားလာခဲ့ပါတယ်။ ကျမတို့ ထောက်ခံ လှုံ့ဆော်ခဲ့တဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တွေထဲက တဦးက ဆရာမ မသီတာ ဖြစ်ပါတယ်။ သူက ကျမလိုပဲ။ လူမှုရေးရာ တရားမျှတမှု ကိစ္စရပ်တွေကို စိတ်ဝင်စားတဲ့ ငယ်ရွယ်တဲ့ စာရေးဆရာမ တယောက် ဖြစ်တယ်။ ဒါပေမယ့် မသီတာက အကျဉ်းကျနေတဲ့ အချိန်မှာ ကျမက အပြင်မှာ။ မသီတာရဲ့ နေရာမှာ ကျမ ဝင်ခံစားလို့ ရတယ်။
အဲဒီအချိန်မှာ ကျမက ကျမ ဆယ်ကျော်သက်အရွယ်က နေခဲ့တဲ့ ထိုင်းနိုင်ငံကို ပြန်သွားဖို့ အဆင်သင့်လည်း ဖြစ်နေခဲ့တဲ့ အချိန်လည်း ဖြစ်နေတယ်။ ထိုင်းမှာဆိုရင် ကျမက မြန်မာနိုင်ငံနဲ့ ပိုပြီး နီးနီးကပ်ကပ် ရှိလိမ့်မယ်။ ကျမ ပထမဆုံး သွားရောက်လည်ပတ်ခဲ့တဲ့ အချိန်တိုတွင်းမှာပဲ ကျမ တွေ့ခဲ့ရတဲ့လူတွေ ပြောပြတဲ့ အကျဉ်းကျခံနေရလူတွေ အများကြီးရဲ့ အကြောင်းသိရတော့ အံ့အားသင်ခဲ့ရတယ်။
အဲဒီမှာ ကျမ ဘယ်သူနဲ့ပဲ စကားပြောပြော ထောင်ကျမှာ ကြောက်တယ်ဆိုတဲ့စိတ် ဒါမှမဟုတ် တကယ်တမ်း ထောင်ကျဖူးတဲ့ လူတွေရဲ့ ဘဝအကြောင်းပဲ ကြားရတယ်။ သူတို့ကိုယ်တိုင်က ထောင်မကျခဲ့ဖူးရင်တောင် သူတို့ မိသားစုထဲက ဖြစ်စေ၊ သူငယ်ချင်းထဲက ဖြစ်စေ တယောက်ယောက်က ၁၉၇၄ ခုနှစ်၊ ၁၉၈၈ ခုနှစ် နဲ့ ၁၉၉၆ ခုနှစ်တွေမှာ ထောင်ကျဖူး ကြတဲ့သူတွေချည်းပဲ။ အဲဒီလို ထောင်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ၊ တိုက်ပိတ်ခံရတဲ့ အကြောင်းတွေနဲ့ မိသားစုနဲ့ ကွေကွင်းရတဲ့ အကြောင်းတွေဟာ သိပ်ကို ခံစားရစေတဲ့ ဇာတ်လမ်းတွေ ဖြစ်တယ်။
ကျမ မြန်မာနိုင်ငံကို မလာခင် ထိုင်း မြန်မာနယ်စပ်မှာ အတိုက်အခံတချို့နဲ့ တွေ့ခဲ့တယ်။ သူတို့တွေ အဲဒီကို ရောက်နေတာက နိုင်ငံရေး ဆက်လုပ်ဖို့အတွက်၊ နောက်ထပ် ထောင်အကျ မခံနိုင်တာကြောင့် တိုင်းပြည်ကနေ ထွက်ခဲ့ကြတာ။ သူတို့ရဲ့ မိသားစုတွေကို သူတို့ ထားခဲ့တယ်။
မြန်မာ့ယဉ်ကျေးမှုမှာ မိသားစုတွေ စည်းစည်းလုံးလုံးနဲ့ နေကြတဲ့ အစဉ်အလာဟာ အရေးပါတယ် ဆိုတာကို ကျမ တအံ့တသြ သိခဲ့ရတယ်။ အဲဒီတော့ ထောင်ကျပြီး မိသားစု တကွဲတပြားဖြစ်ရတာဟာ သူတို့ ဒဏ်ခတ်သလို ခံစားရတယ်လို့ လူတွေက ပြောတာကိုလည်း သိခဲ့ရတယ်။ အဲဒီအချက်ကလည်း ကျမ ဝတ္ထုထဲမှာ ထည့်ပြောချင်တဲ့ အထဲက တချက်ပဲ။
မေး ။ ။ ဆရာမက မြန်မာပြည်ထဲမှာရော ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရော စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံ ရှိတဲ့လူတွေ အများကြီးနဲ့ တွေ့ဆုံခဲ့တယ်။ ဒါပေမယ့် အိမ်မြှောင်လှောင်အိမ် ဝတ္ထုမှာ တေဇဆိုတဲ့ ဇာတ်ကောင်နဲ့ သူ့ရဲ့ ထောင်ထဲက ရုန်းကန်မှုတွေ အကြောင်းကို အဓိက အခြေခံထားတယ်။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ကျမက အမြဲတမ်း မိသားစုနဲ့ ကွဲကွာနေရတဲ့ လူတွေအကြောင်း အကျဉ်းကျခံနေရတဲ့သူတွေ အကြောင်းကို စိတ်ဝင်စားတယ်။ ပြီးတော့ အဲဒီလို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာ လူတွေက သူတို့ရဲ့ လူသားဆန်မှုကို ဘယ်လို ဆက်ထိန်းသိမ်းထားလဲ ဆိုတာ စိတ်ဝင်စားတယ်။ ကျမ တော်တော်ငယ်ငယ်တည်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေ၊ အထူးသဖြင့် သူတို့ရဲ့ အရေးအသားတွေကြောင့် ထောင်ကျခံခဲ့ရတဲ့ လူငယ်လူရွယ် အမျိုးသား အမျိုးသမီးတွေ အကြောင်းကို စိတ်ဝင်စားခဲ့တယ်။
ကျမ PEN ကနေဒါမှာ လုပ်ရတာတွေက လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊ စာပေစိစစ်ရေးကို ဆန့်ကျင် တိုက်ဖျက်တာတွေ ပါတယ်။ လူတွေက သူတို့ကိုယ်တိုင် လွတ်မြောက်ဖို့ ဘာသာစကားကို ဘယ်လို အသုံးချသလဲဆိုတာ ကျမ စိတ်ဝင်စားခဲ့တယ်။
ဘာသာစကား အကြောင်းကို စာအုပ်ထဲမှာ အလေးအနက် ရေးထားပါတယ်။ ကလေးလေးဖြစ်တဲ့ ညီလေးက စာမဖတ် တတ်ပါဘူး။ စာမဖတ်တတ်ခြင်းက အကျဉ်းကျခံရခြင်း တမျိုးဆိုတာ သူနားလည်တယ်။ စာမဖတ်တတ်ရင် ထောင်ချောက်ထဲ မိတာပဲ။ နိုင်ငံရေးအကျဉ်းသားတွေ သို့မဟုတ် အာဏာမဲ့သူ ဘယ်သူ့အပေါ်ကို မဆို ဘာသာစကားရဲ့ လွှမ်းမိုးမှုတွေအကြောင်း ပိုပြီး လေ့လာချင်ခဲ့တယ်။
အကြမ်းဖက်ခံရတဲ့ သို့မဟုတ် အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေမှာ အဲဒီ မတရားမှုကို ပြန်လည် ထုတ်ဖော် ပြောပြနိုင်တာဟာ အဲဒီ မတရားမှုတွေကို လျော့ပါးစေဖို့အတွက် အခရာကျပါတယ်။ လူတွေက တရားမျှတမှု ရဖို့အတွက် သူတို့အကြောင်းတွေကို ပြောပြကြတယ်။
အဲဒီလို ဘာသာစကားနဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောဆိုခြင်း ကသာလျှင် တရားမျှတမှုကို လုံးဝရစေနိုင်တယ်။ တရားမဲ့ ပြုကျင့်ခြင်း ခံရတဲ့သူတွေက အမှန်တရားကို ထုတ်ဖော်ပြောလိုက်ပြီ ဆိုတာနဲ့ တရားမဲ့ပြုကျင့်တဲ့ အာဏာရှိတဲ့ သူတွေဟာ အလျှော့ပေးညှိနှိုင်းလာရမှာပဲ။ အဲဒီလို ထုတ်ဖော်ပြောလိုက်တာဟာ တဖက်ကို အားနည်းအောင် လုပ်လိုက်တာပဲ။ စကားလုံးတွေက အရမ်းကို စွမ်းအား ကြီးမားပါတယ်။
မေး ။ ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နိုင်ငံခြားသားတွေရေးတဲ့ မြန်မာနိုင်ငံအကြောင်း စာအုပ်တွေ အများကြီးထွက်ခဲ့တယ်။ ခင်ဗျားရဲ့ စာအုပ်က တခြားစာအုပ်တွေနဲ့ ဘယ်လိုကွဲပြားလဲ။
ဖြေ ။ ။ စာအုပ်တွေ အကုန်လုံးကိုတော့ မဖတ်ရသေးပါဘူး။ ကျမ စာအုပ်ကတော့ ပိုကောင်းပါလိမ့်မယ် (ရယ်လျက် ပြော သည်။)
ကျမ အမြင်ပြောရရင် ဒီစာအုပ်လိုမျိုး နောက်တအုပ် ဘယ်တော့မှ ထပ်မရေးနိုင်တော့ဘူး ထင်တယ်။ ဒီစာအုပ်ကို ရေးဖို့ အချိန် ၁၀ နှစ် ယူခဲ့ရတယ်။ ဘာလို့လဲဆိုတော့ မှားသွားမှာ အရမ်းစိုးရိမ်ခဲ့လို့။ နည်းနည်းရေးပြီးတိုင်း ကျမရဲ့ မြန်မာ သူငယ်ချင်းတယောက် ဒါမှမဟုတ် တခြားတယောက်ကို ဖတ်ဖို့ ပို့ပေးပါတယ်။
မြန်မာနိုင်ငံအကြောင်း ရေးထားတဲ့ စာအုပ် ကောင်းတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ ကျမစာအုပ်က တမူကွဲပြားတာကတော့ မြန်မာနိုင်ငံသားတွေ ကျမကို ပြောပြတဲ့ ဇာတ်လမ်းတွေကို ကျမရဲ့ ကိုယ်ပိုင်နှလုံးသားနဲ့ ပေါင်းစပ်ခံစားပြီး ရေးသားထားတဲ့အတွက် တခြားစာအုပ်တွေနဲ့ မတူပါဘူး။