၂၀၁၆ ခုနှစ် သင်္ကြန် အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီး ပတ်လမ်းတွင် မဏ္ဍပ်များ ဆောက်လုပ်ခွင့် လုံးဝ တားမြစ်လိုက်သည်။ ထို့ပြင် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ခွင့်မပြုတော့ဘဲ မိသားစု မဏ္ဍပ်နှင့် ကုမ္ပဏီ မဏ္ဍပ်များကိုမူ ဆောက်လုပ်ခွင့်ပြုထားသည်။
အစိုးရ ၏ တားမြစ်ချက်ကြောင့် မဏ္ဍပ်စီစဉ်သူများ၊ ဒီဂျေများ၊ အနုပညာရှင်များ၊ လူငယ်များ စသည့် ကဏ္ဍပေါင်းစုံမှ ဝေဖန်သံများ၊ ချီးကျူးသံများ၊ တုံ့ပြန်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့ရာ အဆိုပါအခြေအနေများအပေါ် အနုပညာလောကသား တဦးဖြစ်သူ ဒီဂျေဝိုင်းနှင့် ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင် မှ တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ မဏ္ဍပ်ကိစ္စ အတွက် တိုင်းအစိုးရ အဖွဲ့ ရုံးထဲမှာ လည်း အစည်းအဝေး သွားတက်ဖြစ်ခဲ့တယ်ဆိုတော့ ဘာတွေများ ဆွေးနွေးထောက်ပြဖြစ်ခဲ့လဲ။
ဖြေ။ ။ ဝန်ကြီးချုပ်ကတော့ လူငယ်တွေ ဆန္ဒ ကို နားလည်တယ်။ ခေတ်ရေစီးကြောင်း ကို လက်ခံတယ်။ အရမ်းကြီး မပိတ်ပင်ချင်ဘူး။ ဒါပေမယ့် ဒီနှစ်ကတော့ ဒီလိုတွေဖြစ်သွားတဲ့အတွက် နည်းနည်းသည်းခံပေးပါ။ နောက်နှစ်တော့ အဆင်ပြေအောင် လုပ်ပေးမယ်ပေါ့။
မေး။ ။ စီးပွားဖြစ်မဏ္ဍပ်တွေ ပိတ်လိုက်တဲ့ကိစ္စမှာ မူးယစ်ဆေးကိစ္စတွေကြောင့်လည်း ပါတယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတဲ့အပေါ်မှာရော ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ မူးယစ်ဆေးကိစ္စ က ရှိတယ်ဆိုတာတောင် မမြင်ဖူးတဲ့မဏ္ဍပ်မျိုးတွေနေမှာပါ။ ကျနော် လုပ်ဆောင်ခဲ့တဲ့ သက်တမ်း ၁၅ နှစ် တလျှောက်မှာ အဲလိုမဏ္ဍပ်တွေမရှိဘူး။ အခန်းပါတာမျိုး၊ မူးယစ်ဆေးဝါးတွေ ရတယ်ဆိုတာမျိုး လုပ်လို့မရပါဘူး။ လူကြီးတွေလည်း နေ့တိုင်း လာစစ်ဆေးတယ်။ တွေ့ရင်လည်းဖမ်းယ်။ သရုပ်ပျက်ဆိုတာလည်း ဒီဘက်ခေတ်မှာ လုပ်လို့မရပါဘူး။ ဖေ့စ်ဘုတ်ခေတ်လည်း ဖြစ်နေတော့ အမျိုးသမီးတွေလည်း ဒီလိုလုပ်တာ မရှိတော့ပါဘူး။
မေး။ ။ အစိုးရ အဖွဲ့ ဘက်က တချို့ကိစ္စတွေမှာ အထင်အမြင်လွဲမှားနေတာတွေ ရှိတယ်ဆိုတာကရော ဘယ်လိုမျိုးကိစ္စတွေပါလဲ။
ဖြေ။ ။ ဝန်ကြီးချုပ်လည်း အွန်လိုင်းအမြဲသုံးတယ် ကြားပါတယ်။ ဒါကြောင့် ဒီလိုမျိုး စာနယ်ဇင်းကနေ သူတို့နားထဲ ပြန်ကြားစေချင်ပါတယ်။ သင်္ကြန်မှာ မဏ္ဍပ်ထိုင်သူတွေ သိန်းနဲ့ချီပါတယ်။ မဏ္ဍပ်တွေက ခရိုနီတွေ၊ စီးပွားဖြစ်အောင် လုပ်တာ၊ သူဌေးဖြစ်အောင် ကြံတယ်ဆိုတာ မရှိပါဘူး။ လူငယ်တွေက သူတို့ ယဉ်ကျေးမှု ကို အဆင့်မီအောင် လုပ်ရင်း ဈေးနှုန်း တခု သတ်မှတ်တာ။ လူတိုင်း က လက်ခံကြလို့ ဒါတွေက ဖြစ်ထွန်းနေတာပေါ့။ အဲဒီတော့ ဒါတွေကို မလုပ်ရဘူးဆိုတော့ နှစ်တိုင်း မဏ္ဍပ်တွေကို သွားတဲ့ လူငယ်တွေက အကုန်လုံး လမ်းဘေးကို ရောက်ကုန်မှာပေါ့။
ခါတိုင်း ရပ်ကွက်ထဲက ကောင်လေးတွေက မဏ္ဍပ် ကို သွားပြီး ကဲကြတယ်။ အခုတော့ ရပ်ကွက်မှာ ကဲကြမှာပေါ့။ သူတို့ဘာသာ အိမ်က ဆေးချလည်း မဏ္ဍပ်ပေါ်မှာ ဆေးသုံးထားတာ ရှိနေမှာပဲ။ အမိန့်မရှိလည်း ဘေးမဏ္ဍပ်တွေမှာ လုပ်နေကြမှာပဲ။ အဲဒါကိုမှ မဏ္ဍပ်ကြီးပေါ်မှာ လုပ်လို့တော့ မရဘူး။ လုပ်လို့လည်းမရဘူး။ လုပ်လည်း အဖမ်းခံရမှာပဲ။
ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်လို အများပြည်သူသွားလာနေတဲ့နေရာမှာ ဒီအတိုင်း ပြည့်သိပ်ပြီးတော့ အမြဲတမ်း ပြဿနာတွေ ဖြစ်နေတာ။ မဏ္ဍပ်တွေသာ မရှိဘူးဆိုရင် အဲဒီလို လူများတဲ့နေရာတွေကို လူငယ်တွေ အများကြီး ထပ်ရောက်သွားမယ်။ ကန်ပေါင်မှာ သောက်စားပြီး မှောက်နေတာတွေလည်း ရှိနေတယ်လေ။ လုံခြုံရေးအရဆိုလည်း မဏ္ဍပ်ပေါ်မှာ ရန်ဖြစ်တယ်တို့ လူသေတယ်တို့ဆိုတာ အရမ်းရှားပါတယ်။ တကယ်ဖြစ်တာက ကားနဲ့လည်ရင်း တိုက်မိလို့ သေတာတွေ၊ လမ်းပေါ်မှာ သောက်စားရင်း မူးပြီး သေတာတွေရှိတော့ ပိုပြီး အန္တရာယ်တွေ ရှိနိုင်တယ်။
မေး။ ။ ကိုဒီဂျေဝိုင်း ပြောသလိုဆိုရင် လူငယ်တွေက လမ်းပေါ်တွေ ရောက်ကုန်ပြီး ပြဿနာတွေ ပိုများလာနိုင်တယ်လို့ ဆိုလိုချင်တာလားရှင့်။
ဖြေ။ ။ ဟုတ်ကဲ့။ မဏ္ဍပ်ပေါ်မှာဆိုရင် လူဘယ်လောက်များများ ရဲလာစစ်မယ်ဆိုရင် အများစု က ထိန်းသိမ်းနေကြတယ်။ လမ်းပေါ်မှာဆိုရင် ဘယ်နေရာမှာ ဘယ်အချိန် ဘယ်လို လိုက်စစ်နိုင်မှာလဲ။ ဒုတိယ ပိုဆိုးတာက အစားအသောက်နဲ့ အရက်ပြဿနာပေါ့။ အဲဒါတွေက ကားနဲ့လည်တဲ့သူတွေဆီမှာ ပိုထိတယ်။ အရက်အတုတွေ ဘီယာအတုတွေ ကြုံရတာတွေမျိုးပေါ့။ မဏ္ဍပ်ပေါ်မှာ က အစစ်တွေ အပြင် ကျန်းမာရေး နဲ့ ညီညွတ်တာတွေ ပဲ သုံးတာများတယ်။ လမ်းပေါ် ရောက်ကုန်မှာ အဓိက။ သွားစရာမရှိရင် မရှိရှိတဲ့နေရာ ကို ထွက်ကြမှာပဲလေ။ မဏ္ဍပ်လက်မှတ်မရောင်းဘူးဆိုပေမယ့် အသင်းဝင်ကြေးဆိုပြီး သတ်မှတ်ကြမယ်ဆိုရင် လူငယ်တွေ ပိုက်ဆံပိုကုန်မယ်။ နောက်တခုက အရင်အစိုးရလက်ထက်တုန်းက သိန်း ၂၀၀၊ ၃၀၀ ပေးရတာမျိုးတွေရှိရင် မဏ္ဍပ်ကောင်းကောင်း တခု ဆောက်လို့ရတယ်။ အခုကျတော့ အဲလိုနေရာတွေမှာ ပေးမဆောက်ဘဲ ခြံရှိသူတွေ ဆောက်လုပ်လို့ရတယ်ဆိုတော့ လုပ်စားခွင့်ရသွားတာပေါ့။ ခြံရှိသူတွေက င့့ါခြံလာငှားတာ ဘာတတ်နိုင်သလဲ ဆိုတဲ့ပုံစံမျိုးပေါ့။ ခြံရှိတဲ့သူတွေက အခွန်ဆောင်ရမယ်ဆိုပေမယ့်လည်း ခြံငှားရတယ်ဆိုတော့ သိန်း ၂၀၀၊ ၃၀၀ တန် မဏ္ဍပ် ဆောက်လို့ရရာကနေ သိန်း ၁၀၀၀၊ ၁၅၀၀ ဖြစ်ကုန်တော့ ပိုမဆိုးကုန်ဘူးလား။ ပိုက်ဆံတွေက မလိုအပ်ဘဲ စီးဆင်းကုန်မယ်။ အဲဒါကိုလည်း တိုင်းရင်းသားရေးရာ ဝန်ကြီးကတော့ နောင်နှစ်တွေကျရင် အခွန်ဆောင်ပြီး ထိုးရမယ်ပေါ့။ အားလုံးကတော့ အခွန်ဆောင်ပြီး ထိုးမှာပါဘဲ။ အခုလည်း အဲလိုလုပ်လို့ရတာပဲလို့ အကြံပေးတော့ အခုက အချိန်အရမ်းကပ်သွားပြီလို့ ပြောတယ်။ ဒါပေမယ့်လည်း တချို့ကိစ္စလေးတွေက ဖြေလျှော့ပေးလို့ ရတာပဲ။ ဖြေလျှော့မပေးဘူး ။ အဆင်ပြေအောင်လည်း မလုပ်ပေးနိုင်ဘူးဆိုတော့ လုပ်ရကိုင်ရတာ ပိုခက်တာပေါ့။
မေး။ ။ မဏ္ဍပ် စီစဉ်သူတွေဘက်ကရော ဘယ်လိုအခက်အခဲတွေ ရှိကုန်လဲ ရှင့်။
ဖြေ။ ။ နိုင်ငံတကာ က ဒီဂျေအဖွဲ့ တွေကို ခေါ်ထားတဲ့သူတွေလည်း အကျပ်ရိုက်ကုန်တယ်။ လူငယ်တွေကတော့ ဒေါသမထွက်ပါဘူး။ စိတ်ပျက်လက်ပျက်ဖြစ်ကုန်တာပါ။
မေး။ ။ နောင်နှစ်တွေမှာရော ဘယ်လို ဖြစ်ရင်ကောင်းမယ်လို့ အကြံပေးချင်လဲ။
ဖြေ။ ။ နောင်နှစ်တွေ အတွက် ကိစ္စတွေကိုလည်း သင်္ကြန်ပြီးတဲ့အခါမှာ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ သူကလည်း ပြောတာရှိပါတယ်။ ရေစီးကြောင်းကို နားလည်တယ်။ လူငယ်တွေ အသံကို နားထောင်မယ်။ ဖြစ်သမျှကို အကုန်ပြောပါဆိုတော့ ကျနော်တို့တော့ အကုန်ပြောတယ်။ တကယ်ခက်ခဲတာတော့ သူသိပါတယ်။ အချက်အလက် နည်းနည်းလွဲနေတော့ မူးယစ်ဆေး ကိစ္စ က အစ ဒါတွေ တကယ်ဖြစ်နေပြီလို့ သူထင်နေတာပေါ့။ လူကြီးသားသမီးမှ မဏ္ဍပ်ထိုးတာမဟုတ်ပါဘူး။ သူငယ်ချင်းတွေ စုစည်းပြီး လုပ်ဆောင်ကြတာတွေလည်း ရှိပါတယ်။ ဝန်ဆောင်မှု ပိုပြီး ပေးနိုင်တဲ့မဏ္ဍပ်က ပိုပြီး ဈေးနှုန်းယူတာပဲ ရှိမယ်။ မူးယစ်ဆေးဝါးလည်း လုပ်ချင်သူက အိမ်က လုပ်လာသူရှိမှာပဲ။
မေး။ ။ မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ရော အစိုးရ ဘက်က အမြင်အပေါ်ကို ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ။ ။ ရန်ကုန်မှာ အကုန်မိတဲ့ မူးယစ်ဆေးတွေ ဖြန့်ချိတဲ့သူတွေက မဏ္ဍပ်တွေပေါ်မှာ လိုက်ဖြန့်နေသလို ထင်နေတာမျိုးတွေရှိတော့ ဒါတွေက အတော်လေး လွဲတဲ့ကိစ္စ ဖြစ်သွားပြီတော့။
မေး။ ။ မဏ္ဍပ်တွေ ပိတ်လိုက်တယ်ဆိုတော့ ကောင်းတာရှိမယ်။ ဒါပေမယ့် ထိခိုက်သူတွေလည်း ရှိနိုင်မယ်ဆိုတော့ ဘယ်လိုလူတွေ ထိခိုက်သွားနိုင်လဲ။
ဖြေ။ ။ အသံ သမားဆိုရင် မဏ္ဍပ်ကြီး တခုက ငှားရင်း သိန်း ၁၅၀ ရတယ်။ မငှားတော့ ၄ သိန်း ၅ သိန်း စသည်ဖြင့် တခြားကိုသွားရတယ်။ စားသောက်ဆိုင်တွေ ဆိုလည်း ဒီအတိုင်းပဲ။ ဝန်ဆောင်မှု လုပ်ငန်းတွေ၊ လမ်းဘေးဈေးသည်တွေကအစ အောက်ခြေအထိပေါ့။ ဒီဂျေ သမားတွေလည်း ထိတာပဲ။ ပိုကျပ်ကုန်တယ်ဆိုတာက နိုင်ငံတကာ က ဒီဂျေတွေလည်း ဝင်လာတော့ လူငယ်တွေ က မရတဲ့အပြင် အခွင့်အလမ်းနည်းတဲ့အပြင် အလုပ်လည်းထိတယ်။ အကုန်လုံး ထိခိုက်ကုန်တာပဲ။
မေး။ ။ မဏ္ဍပ်တွေ ပိတ်လိုက်တဲ့ကိစ္စက အကျိုးရှိတယ်လို့ရော ထင်လား။
ဖြေ။ ။ ခုတ်ရာတခြား ရှရာ တလွဲတွေဖြစ်ကုန်တယ်လို့ မြင်တယ်။ ခုတ်တာအတွက် အကျိုးအမြတ်က အဲလောက် မဟုတ်ပဲ ရှသွားတာအတွက် အနာက ပိုကြီးသွားတယ်။