နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောဆိုထားပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး စတင်လုပ်ဆောင်ခဲ့တဲ့ အရင်အစိုးရရဲ့ လုပ်ဆောင်မှုမှာ ကောင်းတာတွေကို တန်ဖိုးထားပြီး လက်နက်ကိုင်အားလုံး ပါဝင်လာတဲ့အထိ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့လည်းဆိုထားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးညီလာခံတွေကနေတဆင့် စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့လည်း လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါက်ဖွားလာဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာလည်း ပြည်သူလူထုကို မထိခိုက်တဲ့ နည်းတွေကို အသုံးပြု သွားမှာ ဖြစ်ပြီး ဒါဟာ NLD ရဲ့ အမြဲကိုင်စွဲခဲ့တဲ့ မူဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို အဓိကထား ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပေါ် အစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တာဝန်ရှိသူတချို့ကို ဧရာဝတီသတင်းထောက် ကျော်ခ က တွေ့ဆုံ မေးမြန်း ထားပါတယ်။
နိုင်ဟံသာ (ဒုက္ကဋ္ဌ – မွန်ပြည်သစ်ပါတီ)
ကျနော်တို့နဲ့ သိပ်ကို အမြင်တူတယ်ဗျ။ ဒါကြောင့် တိုးတက်လာလိမ့်မယ်လို့တော့ ခန့်မှန်းတယ်။ နောက်သူတို့ (NLD)ရဲ့ ရပ်တည်ချက်ကလည်း တချို့နေရာမှာ သူတို့တွန်းလုပ်လို့ရတဲ့အနေအထားဆိုရင်လည်း သူတို့ တွန်းလုပ်တဲ့ အနေအထားကို ကျနော်တို့ တွေ့နေရတာပေါ့ဗျာ။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတာလေ။ အဲဒါက သမ္မတ အာဏာနဲ့လုပ်လိုက်တဲ့ ကိစ္စ အဲသလိုလုပ်သင့်လုပ်ထိုက်တဲ့ အနေအထားကို သူတို့ လုပ်ပိုင်ခွင့်ရှိတဲ့အနေအထား အပေါ်မှာ သူတို့ လုပ်ရဲတယ် ဆိုတဲ့ ဟာကတော့ ကောင်းတဲ့ အလားအလာလို့ တို့မြင်တယ်။
နောက်သူထောက်ပြတဲ့ အပစ်အခတ်ရပ်စဲရေးမှာ အားလုံး ပါဝင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်ရေး ဒါတော်တော်အရေးကြီးတယ်။ ဒို့ရဲ့ရပ်တည်ချက်နဲ့အများကြီးကိုက်ညီတယ်။ အဲဒါကိုလည်း သူတို့ဘက်ကနေ တွန်းပြီးတော့ တပ်ရဲ့သဘောထားတွေနဲ့ အဓိကပေါ့လေ သူတို့အနေနဲ့ တပ်ကို ဘယ်လောက်ထိ လွှမ်းမိုးနိုင်မလဲ။ ကျနော်တို့ ဘက်ကတော့ အဲဒါကို သိပ်ပြီးတော့လိုလားတယ်။ ကျနော်တို့လည်း အဲဒါကိုပဲ တောင်းဆိုနေတာလေ။ သူတို့ဘက်ကနေ တပ်ကို ဆွဲဆောင်နိုင်ရင်တော့ ဒါအမြန်ကိုလုပ်ဖြစ်မယ်လို့တော့ယုံကြည်တယ်။
ဒူဝါဘောမ်ဝမ်လရော် (ဥက္ကဌ၊ ကချင်အမျိုးသားအစည်းအရုံး – KNO) ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မဟာမိတ်အဖွဲ့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲလိုကြေညာတာကောင်းတယ်။ ကြိုဆိုတယ်။ အဲလိုပဲလုပ်ရမယ်လို့ မြင်တယ်။ တနိုင်ငံလုံး ငြိမ်းချမ်းရေးကိုတော့ မဖြစ်မနေလုပ်ရမယ်။ အဲဒါလည်း ဝမ်းသာတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ ဆိုတာကတော့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့အတွက်ကြတော့ အသစ်ပြန်လုပ်ရမယ်လို့ အဲလိုမြင်တယ်။ ဘာလို့လည်းဆိုတော့ ပထမလုပ်တဲ့ ငြိမ်းချမ်းရေးစာချုပ်မှာက အခြေခံဥပဒေကို ပြင်နိုင်တဲ့ အချက်တွေမပါဘူး။ အဲဒါကြောင့် ဖွဲ့စည်းပုံကို ပြင်နိုင်တဲ့ အချက်တွေ ထည့်ရမယ်။ အဲဒါတွေကိုဆွေးနွေးမယ်။ ငြိမ်းချမ်းရေးအကို အဲလိုနည်းနဲ့ပဲသွားရမယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး တကယ်တမ်းလုပ်ပြီဆိုရင် အားလုံးပါဝင်နိုင်အောင်လည်း လုပ်ရမယ်။ တကယ်တမ်းတိုင်းပြည်ကိုပြင်နိုင်တဲ့ ပေါ်လစီအပေါ်မှာလည်း ငြိမ်းချမ်ရေး ကတိယူထားရမယ်လို့ အဲလိုမြင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ အခြေခံဥပဒေကိုလည်းပြင်မယ်ဆိုတာကတော့ မှန်ကန်တဲ့ လမ်းဖြစ်တယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဖက်ဒရယ်စနစ်နဲ့ပြည်ထောင်စု လုပ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကခံနေတယ်။ အဲဒါက မသင့်မြတ်တဲ့ အနေအထားဖြစ်နေတယ်။ အဲဒါကြောင့်မလို့ ခြုံပြီးပြောမယ်ဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေး ယူမယ်။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမယ် အဲဒါလည်း ထောက်ခံတယ်။ ကြိုဆိုတယ်။ ကောင်းတယ်။ နောက် အဲလိုကတဆင့် တွေ့ဆုံဆွေးနွေးမှုတွေကနေတဆင့် အခြေခံဥပဒေကို ပြင်ပြီးတော့ ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအဆင့် တည်ထောင်လာမယ်ဆိုတဲ့ ပေါ်လစီကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ကြေညာတယ်ဆိုတာကို အများကြီး ဝမ်းသာပါတယ်။
ခူးဦးရယ် (ဒုဥက္ကဋ္ဌ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ – KNPP)
ဒါကတော့ လူတိုင်းလူတိုင်းမျှော်လင့်တဲ့အရာလို့ ကျနော်ထင်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအတွက် ကျနော်တို့ဘက်ကလည်း ပြောနေတာ၊ လုပ်နေတာ၊ တချိန်တည်းမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သွားနေတာကလည်း ရှင်းရှင်းပြောရရင် အရင်အစိုးရလက်ထက်ကတည်းကပေါ့နော်။ အခု NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာလည်းပဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပထမ ဦးစားပေး လုပ်ငန်းအနေနဲ့ သူတို့ရဲ့ မူတခုအဖြစ် ချထားတာကို ပိုပြီးတော့ ကျနော်တို့ အတွက် ဝမ်းပန်းတသာဖြစ်တယ်။ ထင်သာမြင်သာဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ အနေနဲ့ အစောတလျင် စနစ်တကျဖော်ဆောင်ပေးမယ်လို့လည်း ကျနော်တို့ မျှော်လင့်ချက် ထားပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ကျနော်တို့ဘက်က သိပ်မရှင်းတာ တခုရှိတာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ပြန်ကိုးကားရမယ်ဆိုရင် ကျနော်တို့ အစုအဖွဲ့အားလုံး ကြားထဲမှာလည်း ရင်ကြားစေ့ရေး လိုအပ်သလို တပ်မတော်နဲ့လူထုကြားမှာလည်း ရင်ကြားစေ့ရေး လိုအပ်တယ်ဆိုတဲ့ ဟာမျိုးကိုသူပြောတာ တွေလည်း ကျနော်တို့ တွေ့ရတာရှိပါတယ်။ ဆိုတော့ ကျနော်တို့ နားလည်ချက်နဲ့လည်း မကွာဟဘူးလို့ ကျနော်ထင်ပါတယ်။
ဥပမာ အစုအဖွဲ့ဆိုလို့ရှိရင် နိုင်ငံရေး ပါတီအချင်းချင်းလည်း ဖြစ်နိုင်တယ်။ တပ်မတော်နဲ့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲပအစည်းဖြစ်နိုင်တယ်။ တိုင်းရင်းသားအချင်းချင်းကြားထဲမှာလည်း အုပ်စုကွဲနေတာမျိုးတွေ ဖြစ်နိုင်တယ်။ နောက်လူမျိုး တမျိုးနဲ့ တမျိုးအကြား ရင်ကြားစေ့ရေးလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်အတွင်းမှာလည်း အုပ်စု ဂိုဏ်းဂနတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ကွဲနေကြတယ်မို့လား။ အားလုံး ကွဲနေကြတဲ့ ဟာတွေကြားမှာလည်း ရင်ကြားစေ့ရေးဆိုတာ ကျနော်လက်ခံတယ်။ မဖြစ်မနေလိုအပ်တယ်လို့လည်း ကျနော်ထင်တယ်။
တချိန်တည်းမှာ ကျနော်တို့ ၁၉၆၂ ခုကနေစပြီးတော့ ဒီနေ့အထိ စစ်တတပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လူထုရဲ့ ယုံကြည်မှုက လုံးဝ ကျဆင်းတယ်။ မရှိဘူးဆိုတော့ လူထုတွေကလည်း အခံဘက်ကချည်းဆိုတော့ နာနည်ကျည်းကျည်း ဖြစ်တာပေါ့ဗျာ။ ဆိုတော့ တပ်မတော်နဲ့ လူထုကြားမှာလည်း ရင်ကြားစေ့ရေး တကယ်လိုအပ်ပါတယ်။ ဒါက တကယ့်လိုအပ်ချက်လို့ ကျနော်ထင်ပါတယ်။ အဲသလို အသီသီးသော အုပ်စု၊ ဂိုဏ်းဂနတွေကြားထဲမှာ ရင်ကြားစေ့မှလည်း ကျနော်တို့ ဖော်ဆောင်ချင်တဲ့၊ မြင်ချင်တဲ့၊ သွားချင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တက်လှမ်းလို့ရမယ်လို့ ကျနော်ထင်ပါတယ်။
ဒီရင်ကြားစေ့ရေးကို မလုပ်ဘဲနဲ့တော့ ငြိမ်းချမ်းရေးကို သွားဖို့ဆိုတာလည်း နည်းနည်း အခက်အခဲရှိနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ အထူးသဖြင့် ရင်ကြားစေ့ရေးရဲ့ အဓိက အခရာကတော့ ယုံကြည်မှုပေါ့။ ပထမဆုံး ယုံကြည်မှု တည်ဆောက်ဖို့လိုတယ်။ တယောက်နဲ့ တယောက် တဖွဲ့နဲ့ တဖွဲ့ ယုံကြည်ကြမှလည်း ငြိမ်းချမ်းရေးကို အတူတကွ ဘယ်လိုဖော်ဆောင်ကြမလဲဆိုတဲ့ ညှိနှိုင်းဆွေးနွေးတဲ့ ဖြစ်စဉ်မှာ ကျနော်တို့ ပိုပြီးတော့ လွယ်ကူချောမွှေ့မယ်လို့ ကျနော်ကတော့ ဒီလိုမြင်ပါတယ်။ အဲတော့ ဒီကိစ္စက အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။
အဲတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကနေပြောကြားတဲ့ မိန့်ခွန်းမှာပါတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ကျနော်တို့ကို ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တယ်လို့ ကျနော်တော့ အဲလိုနားလည်ပါတယ်။ တချိန်တည်းမှာဘဲ လူထုတရပ်လုံးကို အသိပေးလိုက်တဲ့ သဘောလည်း သက်ရောက်ပါတယ်။ အဲတော့ ကျနော်တို့ နိုင်ငံသား တဦးချင်းစီအနေနဲ့လည်း ကျနော်တို့ ကိုယ်စီကိုယ်စီ ဆိုင်ရာ၊ ဆိုင်ရာ အခန်းကဏ္ဍကနေ ပါဝင်ပြီးမှ ရင်ကြားစေ့ရေးရော ငြိမ်းချမ်းရေးမှာပါ။ ထဲထဲဝင်ဝင် ပါဖို့ တာဝန်ရှိတဲ့ အဲသလို သတင်းစကားမျိုးပါးလိုက်တယ်လို့ ကျနော်နားလည်လိုက်ပါတယ်။