လူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုက အကောင်းဆုံးခွန်အားပဲ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ကနေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးဖြိုးမင်းသိန်းဟာ NLD အစိုးရဖွဲ့နိုင်ပြီးနောက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ အသက် ၄၆ နှစ်ရှိပြီ ဖြစ်တဲ့ ဦးဖြိုးမင်းသိန်းဟာ စစ်အစိုးရလက်ထက်မှာ ထောင်ဒဏ် နှစ်ကြိမ် ချမှတ်ခံရဖူးပြီး စုစုပေါင်း ၁၅ နှစ်ကြာ ထောင်တွင်းမှာ နေခဲ့ရပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်း သတင်းထောက် ကျော်ဖြိုးသာက ရန်ကုန်တိုင်း ဝန်ကြီးချုပ် အနေနဲ့ ရင်ဆိုင်ရမယ့် ပြဿနာများ၊ ယာဉ်ကြောပိတ်ဆို့မှု၊ မြေနေရာများ လက်ဝါးကြီးအုပ် သိမ်းဆည်းမှု စတဲ့ ပြဿနာတွေ ရှုပ်ထွေးနေတဲ့ ရန်ကုန်မြို့နဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲ အစရှိတာတွေကို တွေ့ဆုံမေးမြန်းထားချက်များထဲကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်လာပြီ၊ အဲဒီတော့ ရှေ့လာမယ့် ၅ နှစ်ပေါ့၊ ဦးဖြိုးမင်းသိန်း တာဝန်ယူတဲ့ သက်တမ်းအတွင်းမှာ ရန်ကုန်ကို ဘယ်လိုပုံစံမျိုး ဖြစ်စေချင်သလဲ။

ဖြေ ။ ။ အဓိကကတော့ ရန်ကုန်မြို့ပြကို စနစ်တကျနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေချင်တယ်၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီစနစ်ကျတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကျနော်တို့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှုဟာ နည်းနည်းလေး သူ့ဟာသူ ဖြစ်ချင်သလို ဖြစ်သွားတယ်ပေါ့ဗျာ။ အခြေအနေက ပေးလိုက်တဲ့အတိုင်း ဖြစ်ချင်သလို ဖြစ်လာတာပေါ့ဗျာ၊ စနစ်တကျ စီမံပြီး မြို့ကြီးကို ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူးဗျ။

နိုင်ငံတကာမှာရှိတဲ့ စံချိန်စံညွှန်းတွေနဲ့ ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကျနော်တို့က ကားသိပ်အများကြီး မရှိသေးဘူး၊ ကျနော်တို့က ရန်ကုန် ထောင့်တထောင့် နေရာလေးတခုမှာ စုပြုံပြီးကားတွေ ဝင်ကြ၊ စုပြုံပြီးကားတွေ ထွက်ကြ ဆိုတဲ့ အခြေအနေမျိုးကို ဖြစ်နေတယ်။ နောက်တချက်က လမ်းတွေအပေါ်မှာ ပါကင်တွေ ရပ်ထားတယ်၊ လမ်းပေါ်မှာ ၃ လမ်း ရှိတဲ့နေရာမှာ ၂ လမ်းလောက်ကို ရပ်ထားတယ်၊ တလမ်းလောက်ကိုပဲ အသုံးပြုရတဲ့နေရာမှာ ဒီစည်းမျဉ်း စည်းကမ်းတွေကို တိတိကျကျ လုပ်လိုက်မယ်ဆိုရင် ကျနော်တို့မြို့ကြီးက သိပ်အခြေအနေ အဆိုးကြီး မဟုတ်ပါဘူး၊ ဒါပေမယ့် ဒါတွေဆောင်ရွက်ဖို့ နေရာမှာ ကျနော်တို့က အသိက စပြီး ပြောင်းလိုက်ဖို့၊ တယောက်ချင်းစီရဲ့ အသိ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဒါက စည်းကမ်းမရှိဘူး ဆိုတဲ့ အခြေအနေမှာ ဒီအခြေအနေကို ကိုယ့်ဘက်ကို ပြန်ပြီး ကြည့်မယ် ဆိုရင် ငါစည်းကမ်းမရှိတဲ့ အလုပ် မဖြစ်သင့်ဘူး ဆိုတဲ့ အတွေးဖြစ်တာက အသိတရားနဲ့ အုပ်ချုပ်တဲ့ စနစ်ကို ရောက်သွားတာပေါ့ဗျာ။

မေး ။ ။ အခု ဦးဖြိုးမင်းသိန်း တာဝန်စယူနေပြီ။ First plan ပေါ့၊ ပထမဦးဆုံး ရန်ကုန်မြို့အတွက် ရှင်းရမယ့်ကိစ္စက ဘယ်ကိစ္စများဖြစ်မလဲ။

ဖြေ ။ ။ အဲဒီအခြေအနေမှာ ကျနော်တို့ ပထမဦးဆုံး စတင်ဆောင်ရွက် နေတာကတော့ Traffic ပြဿနာပေါ့၊ ကျနော်တို့ ဖြေရှင်းမယ်။ အမှိုက်ပြဿနာတွေကို ကျနော်တို့ ဖြေရှင်းမယ်။ ဒီလာမယ့် မိုးရာသီမှာ ရေစီးရေလာ အားလုံးကောင်းလာမယ်လို့ ကျနော်တို့ မဆိုလိုချင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဟောင်းထဲက ဒီလာမယ့် မိုးရာသီမှာ အခြေအနေတခုကို ကျနော်တို့ ပိုပြီး တိတိကျကျ လေ့လာနိုင်မယ်၊ ဒါပေမယ့် ဆိုးဆိုးဝါးဝါးအခြေ အနေတွေ မဖြစ်အောင် ကျနော်တို့ ပြင်ဆင်မယ်၊ စမယ်။

နောက်တခုကတော့ ရန်ကုန်တိုင်းက ၄၅ မြို့နယ် ရှိပါတယ်။ ၃၃ မြို့နယ်လောက်က YCDC အောက်မှာ၊ YCDC ရဲ့ သုံးစွဲမှု ပမာဏဟာ (ကျပ် ဘီလီယံ) ၂၇၀ ကျော်ရှိပါတယ်။ ဘီလီယံ ၂၇၀ ကျော်ဆိုတာ တော်တော်များပါတယ်၊ ရန်ကုန်တိုင်းကြီး တတိုင်းလုံးရဲ့ သုံးစွဲမှု ပမာဏဟာ ၃၃၄ ဘီလီယံ လောက်ပဲ ရှိပါတယ်၊ အဲဒီထဲမှာ အစိုးရတွေ လွှတ်တော်တွေ တခြား လစာငွေတွေ ရှိသေးတယ်၊ ကျနော်တို့ သာမန်အသုံးစရိတ်တွေပေါ့။ ကျနော်တို့ ၃၃ မြို့နယ်က စည်ပင်သာယာမြို့ထဲမှာ ဖြစ်ပြီးတော့ သူက ၂၇၀ သုံးပြီးတော့ ပြည်ပက ၆ ဘီလီယံပဲ ရှိတယ်၊ ကျနော်တို့ ရန်ကုန်တိုင်းက စည်ပင်သာယာ နယ်နိမိတ်ကို ကြည့်လိုက်ရင် စည်ပင်သာယာ နယ်နိမိတ်လေးက သေးသေးလေး၊ ရန်ကုန်တိုင်း ဧရိယာက အကျယ်ကြီး၊ အပြင်မှာရှိတဲ့ သူတွေက သူက ရန်ကုန်တိုင်းထဲဆိုတော့ တကယ့် မြို့တော်ကြီးပေါ့၊ ဒီမှာနေတယ်လို့တောင် မပြောနိုင်လောက်အောင် တကယ့်ကို ဆိုးရွားတဲ့ ရွာတွေရှိတယ်။

နောက်တချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ပါပဲ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ လာတဲ့အခြေအနေမှာ ကျနော်တို့ ပေတံနဲ့ တိုင်းကြည့်လို့ရပါတယ်၊ ကောင်းမွန်တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေသာ ရှိမယ်ဆိုရင် ကျနော်တို့မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်၊ ကျနော်တို့ဆီက အလုပ်သမားတွေ အတွက် ၃ ဒေါ်လာလောက်ကို ကျနော်တို့ အလုပ်သမားတွေ ရဖို့အတွက် သေချာသွားပြီ၊ အခု ကျနော်တို့ဆီကိုလာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ကျနော်တို့ဆီကို လာပြီး နေရာလာဦးတာလောက်ပဲ ရှိတယ်လို့ ကျနော်ထင်တယ်။

အဓိက ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပြည်တွင်းကို ဝင်ဖို့အတွက်ကို အခုကျနော်ကိုယ်တိုင် စိစစ်ဖို့ ကျနော်လုပ်ထားတယ်။ ကျနော်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ်မယ် ဆိုတာ ဒီလူတွေကို ကျနော် ကြပ်ဖို့ မဟုတ်ဘူး၊ ကူညီဖို့ ကျနော်ကစမှာ။ မြန်မြန်လာပြီး ရင်းနှီးမြှုပ်ဖို့၊ မြန်မြန်လာပြီးစဖို့ ကျနော်က အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှာ။

သူ ဘာအခက်အခဲရှိလဲ ကျနော်တို့ဖြေရှင်းပေးမယ်၊ အဲဒီအတွက် ဘာမှ လာဘ်ထိုးစရာ မလိုဘူး၊ အစိုးရအဖွဲ့ဝင်တွေက နယ်မြေတွေကို ဆင်းကြည့်မယ်၊ ဆင်းကြည့်ပြီးရင် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို ကျနော်တို့က ခေါ်မယ်။ ပြီးရင် သူတို့ကိုတော့ ကျနော်တိုင်းတာမယ်။ သူ Good will ရှိရမယ်၊ နိုင်ငံတကာမှာ သူ့ရဲ့ အရင်က ဖန်တီးတည်ဆောက်ခဲ့တဲ့ ကောင်းမွန်တဲ့ Image ကောင်းလေးရှိရမယ်။ သူ့ရဲ့ငွေယူပြီး လာရင်းနှီးမြှုပ်နှံမယ့် သူဖြစ်ရမယ်။ နောက်တချက်က သူမြန်မာနိုင်ငံမှာရှိတဲ့ ဓလေ့ထုံးစံတွေ၊ ဥပဒေတွေကို လိုက်နာဆောင်ရွက်ရမယ်၊ အခွန်တို့ဘာတို့ကိစ္စရပ်တွေကိုပေါ့။

မေး ။ ။ ပြည်တွင်းလုပ်ငန်းရှင်များနဲ့ ခရိုနီများရဲ့ အခန်းကဏ္ဍကရော။

ဖြေ ။ ။ ကျနော်တို့မှာ စာရင်းအင်းက တိတိကျကျ မကိုင်တွယ်နိုင်ဘူး၊ ကုမ္ပဏီတွေမှာ အဆင်သင့် မဖြစ်သေးဘူး ဒါကြောင့်မို့လို့ နိုင်ငံတကာမှာ ကောင်းမွန်တဲ့ ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံဖို့ ပြည်တွင်းကို သွင်းပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးမယ်၊ အစိုးရက အကောင်းဆုံးဖြစ်အောင် ကူညီမယ်။

ဒီနေရာမှာ ဘာပြဿနာက တဆက်တည်း ဖြစ်လဲ ဆိုတော့ ပြည်တွင်း လုပ်ငန်းရှင်တွေက တအားထိတ်လန့်တယ်၊ သူတို့ Capacity အားမကောင်းဘူး၊ ပေး မကစားရဲဘူး၊ လယ်ဗယ် ပေးကစားရင် ဒီဘက်က လုပ်ငန်းရှင်တွေက ဘာဖြစ်လဲ ဆိုတော့ အစိုးရကို လာဘ်ထိုးပြီး အခွင့်အရေးယူတဲ့ စီးပွားရေး လုပ်ငန်းတွေကိုပဲ သူတို့က လုပ်ချင်တယ်။

စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကျနော်တို့ အစိုးရက တွေ့ရမှာ ထိတ်လန့်နေတယ်၊ ဘာကြောင့်လဲ ဆိုတော့ လာဘ်ထိုး လာမယ့် ပြဿနာကို ကျနော်တို့ အစိုးရအဖွဲ့က မယူနိုင်ဘူး။ မယူနိုင်တဲ့အပြင် အခွင့်အလမ်းလည်း မပေးနိုင်ဘူး၊ မပေးနိုင်ရင် ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ အမျိုးသားစီးပွားရေး လုပ်ငန်းရှင်တွေကို ဘယ်လို လုပ်မလဲဆိုတဲ့ အခြေအနေ တခုက ကျနော်တို့အတွက် မေးခွန်းတခုပဲ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်ထားတယ်။

ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေကို တကယ့်ကို သူတို့ လည်းနာမည်ကောင်းနဲ့ တိုင်းပြည်ကို အမှန်တကယ် ထူထောင်နိုင်တဲ့ စိတ်နဲ့ တကယ့်နိုင်ငံတကာ အဆင့်မီ ကုမ္ပဏီတွေ ဖြစ်စေချင်တယ်။ သူတို့ ဒီအစိုးရ လက်ထက်မှာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စီးပွားရေးလုပ်ငန်း ရပ်တည်မှုတွေကတော့ ရှင်သန်နိုင်မှာ မဟုတ်တော့ ပါဘူး။ ဒါပေမယ့် အဲ့ဒီသူတွေကို ကျနော်တို့ ချေဖျက်လိုက်မှာ မဟုတ်ဘူး၊ ပိုမိုကောင်းမွန်တဲ့ အဆင့်တခုကို မြှင့်တင်ပေးဖို့ ကျနော်တို့ ကြိုးစားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ဆောင်ရွက်သွားမှာက win-win solution ။ ဘယ်သူမှ မထိခိုက်မနစ်နာဘဲ အားလုံးရှေ့ဆက်သွားနိုင်မယ်လို့၊ ကျနော်တို့ ပုံဖော်မှာပါ။

မေး ။ ။ ယခင် အစိုးရလက်ထက်တုန်းကနေ ရလိုက်တဲ့ သင်ခန်းစာတွေကရော ဘာဖြစ်မလဲ။

ဖြေ ။ ။ ကျနော်တကယ် လုပ်ငန်းယန္တယားတွေကို လည်ပတ်ကြည့်တဲ့ အချိန်မှာ ဒါ ပမထမဦးဆုံး စပြီး ဝန်ထမ်းတွေကို ကျနော် မေတ္တာရပ်ခံတာပေါ့ဗျာ၊ ကျနော် ၂ နှစ်၊ ၃ နှစ်လောက် ရုန်းကန်ရမယ်၊ အစိုးရသစ်က ဝန်ထမ်းတွေကို လစာတိုးပေးလိုက်၊ တိုးပေးလိုက်ဆိုတာနဲ့ ငွေကြေးဖောင်းပွမှုတွေများပြီး ကုန်ဈေးနှုန်းတွေ တက်ပြီး ကျနော်တို့ တိုင်းပြည်မှာ အဖြေ မထွက်ဘူး၊ ဒါပေမယ့်သူတို့ ၂ နှစ် ၃ နှစ်လောက်မှာ အဂတိလိုက်စားမှုတွေ ကင်းပြီး တကယ့် ယန္တယားတွေကို မောင်းနှင်နိုင်ဖို့ လိုတယ်ပေါ့နော်။ အဲဒီလိုမျိုးသာ မောင်းနှင်နိုင်မယ် ဆိုရင် ဒီဝန်ထမ်းတွေမှာ အရည်အချင်း ရှိပါတယ်၊ သူတို့မှာ လုပ်နိုင်ကိုင်နိုင်မယ့် အရည်အချင်းတွေ ရှိပါတယ်၊ အဲဒီစွမ်းအားတွေနဲ့သာ ကျနော်တို့ မောင်းနှင်နိုင်မယ် ဆိုလို့ရှိရင် ၂ နှစ်၊ ၃ နှစ်မှာ ဝန်ထမ်းတွေက ရွှေခေတ် တခေတ်တော့ ဖြစ်နိုင်တယ်၊ ဝန်ထမ်းဖြစ်ခြင်း အားဖြင့် ဂုဏ်ရှိမယ်။

၄ နိုင်ငံလောက်အထိ သွားလေ့လာထားတဲ့ သူတွေ၊ ၃ နိုင်ငံလောက် အထိ သွားလေ့လာထားတဲ့သူတွေ ရှိတယ်၊ စာတမ်းတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် အဲ့ဒီအထဲကနေပြီးတော့ စာတွေ့နဲ့ မြေပြင်ကို လက်တွေ့တာဝန်ခံမယ့် လုပ်ငန်း ယန္တယားတွေ အဖြစ် ပြောင်းလဲလိုက်မယ် ဆိုရင် ကျနော်တို့တွေ အနေနဲ့က အတိတ်ကနေ ရလာနိုင်တဲ့ အဖြေတခု ဖြစ်ပါတယ်။ နောက်တချက်က အဟောင်းတွေထဲမှာ တဝဲလည်လည် ဖြစ်မနေချင်ဘူး၊ ဘာကြောင့်လဲဆို အဟောင်းမှာပဲ ဒေါသတွေ၊ ပြဿနာတွေ အများကြီး ရှိတယ်၊ အရင်က လုပ်ခဲ့တဲ့ကိစ္စရပ်တွေ၊ ဒါတွေ အားလုံးအပေါ်မှာ ပြန်လည် သင်ခန်းစာ ထုတ်ယူရမယ်၊ ဒါပေမယ့် ကျနော်တို့ ရှေ့ကို ဆက်နိုင်ရမယ်။

ကျနော်တို့ ဒီအခြေအနေတွေကိုတော့ အင်တိုက်အားတိုက် လုပ်ရမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်ဆောင်မှုတွေ အပေါ်မှာ လူထုရဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်မယ် ဆိုတဲ့ အရာကတော့ ကျနော်တို့အတွက် အကောင်းဆုံး ခွန်အားပဲ။

မေး ။ ။ နောက်ထပ် ကျနော် သိချင်တာကတော့ ရန်ကုန်မှာ မြေအရမ်းကြပ်နေတဲ့ ကိစ္စပေါ့ဗျာ၊ ၂၀၁၃ လောက်ကတည်းက ရန်ကုန်တိုင်းအစိုးရကို တင်ထားတယ်၊ ဆင်းတောင်ဆင်းသွားတယ်၊ ဘာမှမထူးသွားဘူး။

ဖြေ ။ ။ စည်ပင်သာယာမှာ ခိုင်မာတဲ့ဥပဒေတွေ အများကြီး ရှိတယ်၊ စည်ပင်သာယာက ခွင့်မပြုဘဲနဲ့ ဒါတွေက ဆောက်လို့ မရဘူး၊ ဒါပေမယ့် တချို့ကိစ္စရပ်တွေမှာ ပြည်ထောင်စု အစိုးရက အရင်က ပြည်ထောင်စုအဆင့် လူတွေက လုပ်ခိုင်းလို့ပါ ဆိုပြီး လုပ်ခဲ့တာတွေရှိတယ်၊ ဒါတွေအကုန်လုံးကို ကျနော်တို့ ပြန်ထိန်းတယ်၊ ဘာကြောင့်ဆို စည်ပင်သာယာက ခွင့်မပြုဘဲနဲ့ ဘယ်သူမှ ဆောက်လို့ မရဘူး၊ လက်ရှိမှာ အစိုးရက အဆောက်အဦဆောက်မှာနဲ့ ပတ်သက်ပြီး စည်ပင်သာယာက လက်ရှိရန်ကုန်နဲ့ ကိုက်ညီလောက်တဲ့ အခြေအနေလောက်မှ ခွင့်ပြုမယ် အဒီအတွက် မြို့တော်ဝန်ကို ဒီအခြေအနေတွေကို ပြောပြထားတယ်။

စည်ပင်ကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အကုန်လုံးကို ပြန်ပြီး သုံးသပ်ခိုင်းမယ်၊ သုံးသပ်ခိုင်းပြီး Project တခုတည်းကို ကျနော်တို့ တင်မယ်၊ တင်တဲ့နေရာမှာ လုပ်ငန်းရှင်တွေ နစ်နာနိုင်တယ်။ ဘာကြောင့် လုပ်ငန်းရှင် နစ်နာသလဲ၊ လုပ်ငန်းရှင်ကို ဒါကြီးကို ဥပဒေဘောင် အလွတ်လုပ်ဖို့ ပိုက်ဆံကုန်တယ်၊ အခုလုပ်တဲ့ အခြေအနေ တွေမှာ ဆိုရင် အထပ်မြင့်ဆောက်မယ် ဆိုရင် Business တွေက အများကြီးလုပ်ခဲ့ရတယ်၊ စရိတ်တွေ အများကြီးကုန်တယ်။

ဒါပေမယ့် ကျနော်တို့ သူတို့ကို ခေါ်ပြီး ညှိနှိုင်းမယ်၊ တကယ်လို့ ဘယ်အဆင့်ထိ လုပ်ခွင့်ရမယ့်နေရာဆိုရင် ဘယ်အဆင့်ထိ လုပ်ခွင့် ပေးမယ်၊ လုပ်ခွင့်မရနိုင်တဲ့ နေရာဖြစ်နေရင်တော့ ဒီနေရာကို ဘယ်အဆင့်အထိ ရပ်ပစ်လိုက်ပါ။ ဒါ သူနစ်နာသွား နိုင်တယ်၊ အဲဒီနစ်နာသွားနိုင် အတွက် ဒါ သူနိုင်ငံတော်ကို ကူညီတာပဲ၊ ဒီရန်ကုန်မြို့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီတာပေါ့နော်၊ ဒါပေမယ့် အရင်ရေစီးကြောင်းမှာ မို့လို့ အရင်ရေစီးကြောင်းအတိုင်း လုပ်ခဲ့ရပါတယ် လို့၊ သူ့မှာလည်း အမှားအယွင်းတခုတော့ ဖြစ်နေရတာပဲ၊ကျနော်တို့က ပေါင်းစပ်ညှိနှိုင်း လုပ်နိုင်တဲ့ ပုံစံမျိုးနဲ့ အားလုံး အကျိုးရှိနိုင်မယ့် ပုံစံမျိုးကို ကျနော်တို့ရွေးမှာ၊ ကျနော်တို့ရဲ့ ဆောင်ရွက်မှုက တဖက်ကိုတော့ နစ်နာစေ ဥပဒေအရ အားလုံးကိုတော့ စထုတ် တိုက်ပစ်မှာပဲ ဆိုတာ ဒီလိုချည်းပဲ လုပ်လို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ အဟောင်းကြီးပဲ ကျန်ခဲ့တဲ့ အမွေက ဒါတွေကိုလည်း ကျနော်တို့ နစ်နာမှု မရှိအောင် ကျနော်တို့လုပ်ရမှာပါ၊

မေး ။ ။ ဒီ့ထက်ပို အသေးစိတ် ပြောနိုင်မလား။

ဖြေ ။ ။ ကျနော်တို့ ရန်ကုန်မြို့ကို စနစ်တကျ အပေါ်ကို တိုးတက်ဖွံ့ဖြိုးသွားတာ မဟုတ်ဘဲနဲ့ ရန်ကုန်မြို့ကို ဘေးကို ချဲ့ကားလာတဲ့ ပုံစံမျိုးနဲ့ တည်ဆောက်ဖို့လိုတယ်၊ အဲဒီ တည်ဆောက်တဲ့နေရာမှာ ဘာပြဿနာဖြစ်လဲ ဆိုတော့ မြေကစားမှု ပြဿနာ ပေါ်လာတယ်၊ တကယ်ဆောက်တာ မဟုတ်ဘူး၊ အဲဒီနေရာမှာ မြေကွက်ကို ရောင်းကြရင်းနဲ့ ဈေးကစားမှုတွေ၊ အဲ့ဒါ အရှေ့မှာ အကြိမ်ကြိမ်ဖြစ်ဖူးတယ်၊ သန်လျင်ဖြစ်ခဲ့ဖူး တယ်၊ ဒဂုံဘက်မှာ ဖြစ်ခဲ့ဖူးတယ်၊ အများကြီး ဖြစ်ခဲ့ဖူးတယ်၊ ဒလဘက်မှာ ဖြစ်ခဲ့ဖူးတယ်၊ ဘာဖြစ်လို့လဲ ဆိုတော စီမံကိန်းတခုပြပြီးတော့ ရောင်းကြ ဝယ်ကြတာကိုး၊ ဘာမှ တကယ် စီမံကိန်းက လက်တွေ့ကျကျ မဖြစ်ဘူး။

မြို့သစ်စီမံကိန်းတွေ အကုန်လုံးက ကျနော်တို့ ပြန်လည် သုံးသပ်ရမယ်။ ဒါတွေအားလုံးကို စနစ်တကျ ပြန်ပြီး ဆောင်ရွက်ရမယ်၊ ဒါပေမယ့်ဒီကိစ္စက လွှတ်တော်မှာ အတည်ပြုထားတဲ့၊ လွှတ်တော် အဟောင်းက အတည်ပြုထားတဲ့၊ လွှတ်တော်က တင်ဒါတွေ ချပေးထားတဲ့ ကိစ္စ။ ဒါပေမယ့် အရင်ခေတ်ဟောင်း စနစ်ဟောင်းလိုတော့ လုပ်လို့ မရဘူး ဆိုတာတော့ သေချာတယ်။ ဒါဟာ ပွင့်လင်းမြင်သာပြီး ပြည်သူလူထုအတွက် အကျိုးရှိစေနိုင်တဲ့ အခြေအနေ ဖြစ်ဖို့ လိုတယ်။

ကျနော်တို့ဆီမှာ သတင်း အင်ဖော်မေးရှင်းကို ထိန်းထားတယ်။ ပြီးလို့ရှိရင် အဲဒီလူတွေကို လက်ဦးမှု ရယူပြီး လယ်သမားတွေဆီက မြေကို အောက်ဈေးပေါက်ဈေးနဲ့ ဝယ်တယ်၊ ပြီးလို့ရှိရင် ကိုယ်က အကျိုးစီးပွား များများ ရဖို့ အတွက် သတင်းက ရွှေခေတ်တခေတ်လို အခြေအနေမျိုး ကျနော်တို့က ဖြစ်လာတယ်။ သတင်းကြိုသိတဲ့ သူက လက်ဦးမှုဖြစ်လာတယ်၊ ဒီလိုမျိုး မဟုတ်တော့ဘဲနဲ့ ပြည်သူလူထု အမှန်တကယ် အကျိုးခံစားခွင့် ရနိုင်တဲ့ ပုံသဏ္ဍာန်မျိုးတွေနဲ့ ကျနော်တို့ပြောင်းလဲပစ်မယ်။

ကျနော် အနောက်တောင် မြို့သစ် စီမံကိန်းတခုတည်း မဟုတ်ပါဘူး။ စီမံကိန်း လုပ်ငန်းကြီးတွေ အားလုံးကို ကျနော် ပြောတာပါ။ ဒဂုံဘက်မှာလည်း ကျနော်တို့ ပရောဂျက်တွေ ရှိပါတယ်၊ အခု ရန်ကုန်ဘက်ကို အထွက်ပေါ့ဗျာ၊ ထောက်ကြန့်တို့၊ လှည်းကူးတို့ဘက်တို့မှာလည်း စီမံကိန်းတွေ ပေါ်လာတယ်၊ ဒီပေါ်လာတဲ့ စီမံကိန်းတိုင်း စီမံကိန်းတိုင်းဟာ ပြည်သူကို တကယ်အကျိုးပြုနိုင်ပြီး ပြည်သူလူထု ဘဝအတွက် တကယ့်ကို ရှေးပြေးနိုင်တဲ့ လုပ်ငန်းတွေကို လုပ်ဖို့ကျနော်တို့ လိုအပ်မယ်ထင်ပါယ်။

မေး ။ ။ Public space တွေကို ပြည်သူတွေ ပြန်ရနိုင်ဖို့ အတွက် ဘယ်လိုလုပ်မလဲ။

ဖြေ ။ ။ Public area တွေကို ဘယ်လို ဆောင်ရွက်ထားတယ် ဆိုတဲ့ အခြေအနေတွေက တခုနဲ့ တခု လုံးဝမတူဘူး၊ အဲ့ဒါတွေ အားလုံးကို ကျနော်တို့ Review ပြန်လုပ်မယ်။ ကျနော်ဖြေနိုင်တာ အဲဒီလောက်ပါပဲဗျာ။ ဘာကြောင့်လဲ ဆိုတော့ တခုချင်းစီ အလိုက်လည်း အသိပေးမှာပါ။ ဘယ်လိုဆောင်ရွက်မလဲ ဆိုတော့ အကုန်လုံးကိုတော့ ကျနော်တို့က တခုချင်းစီ တခုချင်းစီအလိုက် ပုံစံပြန်ချရမယ်၊ သူတို့ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ သူတို့ ဆောင်ရွက် နေပုံတွေကို ပြန်ကြည့်ရဦးမယ်။

မေး ။ ။ ဦးဖြိုးမင်းသိန်း အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ ဖြေရှင်းမယ်လို့လဲ သန္နိဋ္ဌာန် ချထားတာ ရှိသလဲ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ဒီအခြေအနေတွေ အားလုံးဟာ ကျနော်တယောက်တည်းရဲ့ သန္နိဋ္ဌာန် မဟုတ်ပါဘူး၊ ကျနော်တို့နိုင်ငံသူနိုင်ငံသား အားလုံးဟာ ဒီအပြောင်းအလဲမှာ ဘယ်လောက်ပြောင်းလဲချင်လဲ ဆိုတဲ့ အခြေအနေ တွေမှာ ရန်ကုန်မှာ ၄၅ မြို့နယ်မှာ ကျနော်တို့ ကိုကိုးကျွန်းက လွဲရင် ဒီရွေးကောက်ပွဲမှာ ကျန်တဲ့နေရာတွေ အားလုံးနိုင်တယ်၊ တနေရာပဲ ရှုံးခဲ့တာ။ အဲဒီအတွက် ပြည်သူလူထုသာ ပါဝင်ရင် ဒီအပြောင်းအလဲဟာ ထိရောက်တဲ့ အပြောင်းအလဲ ဖြစ်မှာပါ။ ဒီအတွက် ကျနော်ထင်တယ်၊ ဒီ ၅ နှစ်မှာ ကျနော်တို့အတွက် ကောင်းမွန်တဲ့အခြေခံ ဥပဒေပိုင်း ဆိုင်ရာ ကိစ္စရပ်တွေ၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ကျနော်တို့ လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။

Loading