ထန်းလျက်ကို ဆန်းသစ်စေသူ ဒေါ်ချိုလဲ့အောင်နှင့် တွေ့ဆုံခြင်း

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံမှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က စတင်ပြီး မြန်မာ့ရုပ်သေးပြပွဲကို ၂ ရက် ကျင်းပခဲ့ရာမှာ ထိုပြပွဲနဲ့အတူ မြန်မာ့ ရိုးရာမုန့်တွေကို ရောင်းချတဲ့ ဈေးပွဲတော်ကိုပါ ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။

ထိုဈေးပွဲတော်အတွင်း တခြားဆိုင်တွေနဲ့မတူတဲ့ အပြင်အဆင်မျိုးနဲ့ ဆွဲဆောင်နေတဲ့ ဆိုင်ခန်းတခုရှေ့ကို ရောက်သွားခဲ့ပါတယ်။

ဒီဆိုင်ခန်းလေးက မြန်မာ့ရိုးရာ အစားအစာတခုဖြစ်တဲ့ ထန်းလျက်ကိုပဲ သဘာဝအရသာ ၅ မျိုးနဲ့ ရောစပ်ပြီး အမြင်ဆန်းစေတဲ့ ထုပ်ပိုးမှုလေးတွေနဲ့ ရောင်းချနေတာပဲ ဖြစ်ပါတယ်။

အဲဒီဆိုင်ခန်းလေးကို ဦးစီးရောင်းချနေသူက စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်ချိုလဲ့အောင်ပဲ ဖြစ်ပါတယ်။

ထန်းလျက်ကို ဆန်းသစ်တဲ့ အိုင်ဒီယာနဲ့ “Tree Food” Myanmar Traditional Sweet အမည်ပေးပြီး ပြင်ဆင်ရောင်းချနေပုံကို စာဖတ် ပရိသတ်တွေ သိရှိစေဖို့ ဒေါ်ချိုလဲ့အောင်ကို ဧရာဝတီ သတင်းဌာနက သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းခဲ့ တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး။  ။ မြန်မာလူမျိုးတွေ မြင်နေကျထန်းလျက်ခဲကို အရသာတွေ ဖြည့်စွက်ရောစပ်ပြီး ချစ်စရာကောင်းတဲ့ ထုတ်ပိုးမှု၊ အပြင်အဆင် နဲ့ ရောင်းဖြစ်ခဲ့ပုံကို ပြောပြပေးပါလား။

ဖြေ။  ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ခရီးသွားရင်း မြန်မာထမင်းဆိုင်တခုမှာ ထမင်းစားဖြစ်တယ်။ ထမင်းစားပြီး ထမင်းဆိုင်က အချိုတည်းဖို့ဆိုပြီး ထန်းလျက်ခဲလေးတွေ ကျွေးတယ်။ ကုန်အောင်မစားနိုင်ဘဲ ပစ်ထားမယ့် ထန်းလျက်ခဲလေးကို ဘယ်လို Value added လုပ်နိုင်မလဲဆိုတာ တွေးမိရင်းကနေ လုပ်ဖြစ်သွားတယ် ဆိုရပါမယ်။

ဥပမာပြောရမယ်ဆိုရင် ချောကလက်။ ချောကလက်ဆိုရင် လူတွေအရမ်းစားကြတယ်။ ချောကလက်ကို ပျော်လဲစားကြတယ်။ ဝမ်းနည်းလဲ စားကြတယ်။ အဲဒါကြောင့် သူ့မှာ တန်ဖိုးတခု ရှိနေတယ်။ ချောကလက်ထဲမှာလည်း အသီးတို့၊ နို့အရသာတို့၊ အစေ့တို့ ရောထားတာတွေ ရှိတယ်လေ။  အဲဒီလိုပဲ ဒီထန်းလျက်မှာ လုပ်ကြည့်ရင် ရမှာပဲဆိုပြီး အဲဒီကနေ ကိုယ်တိုင်ထန်းတောထဲသွား လေ့လာ၊ အရသာတွေ စမ်းသပ်ပြီး ထုတ်ဖြစ်ခဲ့ပါတယ်။

မေး။  ။ ဈေးကွက်ထဲရောက်ဖို့ အချိန်ဘယ်လောက် ယူခဲ့ရပါလဲ။

ဖြေ။  ။ စလုပ်ဖြစ်တဲ့ အချိန်ကနေ ဈေးကွက်ထဲရောက်တဲ့ အချိန်ထိ တနှစ်ကျော်လောက် အချိန်ယူခဲ့ပါတယ်။ စိတ်တိုင်းမကျသေး လို့ စမ်းလိုက်၊ လုပ်လိုက်နဲ့ အချိန် တော်တော်ကြာသွားပါတယ်။ အခုဈေးကွက်ထဲ ဖြန့်တာက ၆ လလောက် ရှိပါပြီ။

မေး။  ။ အရသာ ဘယ်နှမျိုးနဲ့ ထုတ်ထားပါလဲ။

ဖြေ။  ။ ပူရှိန်း၊ လီမွန်၊ ဒိန်ချဉ်၊ ချင်းနဲ့ ရိုးရိုးအရသာဆိုပြီး ၅ မျိုးထုတ်ထားပါတယ်။ နောက်ထပ်လဲ ကျန်းမာရေးအတွက် သင့်တော် မယ့် အရသာမျိုးကို စမ်းသပ်ပြီး ထပ်ထုတ်ဖို့ စီစဉ်နေပါတယ်။

မေး။  ။ ဈေးကွက်ထဲမှာ တစ်ဘူး ဘယ်လောက်နှုန်းနဲ့ ရောင်းချပါလဲ။

ဖြေ။  ။ ၁၁၅ ဂရမ်ပါ တစ်ဘူးကို ၂၅၀၀ ကျပ်နဲ့ ရောင်းပါတယ်။ အခု စက္ကူထုပ်လေးတွေနဲ့ထုပ်ပြီး ရောင်းဖို့လဲ ပြင်နေပါတယ်။ အဲဒါကတော့ တထုပ်ကို ၁၂၀၀ ကျပ်လောက်နဲ့ရောင်းဖို့ စီစဉ်ထားပါတယ်။

မေး။  ။ ဈေးကွက်မှာ အဓိက ဘယ်သူ့ကို Target ထားပါလဲ။

ဖြေ။  ။ အခုလောလောဆယ်တော့ Local Market ကို သွားမယ်။ ရောင်းချင်ပါတယ်။ ပြည်တွင်းကစပြီး နိုင်ငံခြားသားကို ဒါနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးစေချင်တယ်။ ဒါမှ ကိုယ့်နိုင်ငံမှာ ဒီလိုထုတ်ကုန်တွေ ရှိတယ်။ ထုတ်နိုင်တယ်ဆိုတာ နိုင်ငံခြားသားတွေသိမှာ။ နိုင်ငံခြားကို Export ပို့နိုင်ဖို့လဲ ကြိုးစားနေပါပြီ။

မေး။  ။ Export ပို့ဖို့ဆိုရင် အစ်မရဲ့ကုန်ပစ္စည်းက FDA စစ်ဆေးတာတို့၊ လုပ်ငန်းလိုင်စင်တို့ ရှိပြီးပြီလား။

ဖြေ။  ။ FDA စစ်ဖို့ ကြိုးစားနေပါတယ်။ လုပ်ငန်းလိုင်စင်က လျှောက်ထားပါတယ်။ ဒါပေမယ့် တနှစ်ရှိပြီ ကျတော့ မကျသေးဘူး။

မေး။  ။ ခြောက်လအတွင်း လုပ်ငန်းအခြေအနေ ဘယ်လောက်အထိ တိုးတက်လာပါလဲ။

ဖြေ။  ။ ၅ ဆလောက် တက်လာတယ်လို့ ပြောရမယ်။ အခုဆို လူသိလည်း နည်းနည်းများလာပြီ။ အခုဆို တလကို ပုလင်း ၈၀၀ ကနေ ၁၀၀၀ ကြား ထုတ်နေရတယ်။ ကုန်ပစ္စည်းတွေကို ထုပ်ပိုးမှုကအစ ပြန်ပြီးအဆင့်မြှင့်ဖို့ လုပ်နေပါတယ်။ ပြီးတော့ ဈေးကွက် ကိုဖြန့်ဖို့ လုပ်နေပါတယ်။ ရန်ကုန်မှာတင်မဟုတ်ဘဲ တောင်ကြီး၊ နောင်ချို၊ အင်းလေး၊ မန္တလေးက ဆိုင်တွေမှာတင်ဖို့ လုပ်နေပါပြီ။

မေး။  ။ SME(အသေးစားနဲ့ အလတ်စား) လုပ်ငန်းတခုကို စလုပ်နေတဲ့သူတယောက်အနေနဲ့ လက်ရှိမှာ ဘာတွေက အခက်အခဲရှိနေပါလဲ။ အစိုးရအနေနဲ့ ဘာတွေပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ မြင်ပါလဲ။

ဖြေ။  ။ အခုဆို လုပ်ငန်းချဲ့ချင်တဲ့အတွက် ငွေကြေးပိုင်း၊ နည်းပညာပိုင်းကအစ လိုအပ်လာပါတယ်။ ပြီးတော့ HR ပိုင်းပေါ့နော်။ အဲဒီ အတွက် အစိုးရကို တောင်းဆိုချင်တာကတော့ SME တွေကို Support လုပ်ပေးစေချင်ပါတယ်။ ပြီးတော့ လိုင်စင်ကိစ္စတွေမှာ ကြန့်ကြာတာမျိုးတွေ မဖြစ်သင့်တော့ဘူးလို့ မြင်ပါတယ်။

မေး။  ။ အခုလို စွန့်ဦးတီထွင်ပြီး လုပ်ငန်းတခုကို ဦးဆောင်လုပ်ကိုင်နေတဲ့ အမျိုးသမီး တယောက်အနေနဲ့ ကြိုးစားနေဆဲ လူငယ် တွေကို ဘာမက်ဆေ့များ ပေးချင်ပါသလဲ။

ဖြေ။  ။ လူတယောက် အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ လွန်ခဲ့တဲ့ဆယ်နှစ်က သူဘာတွေ လုပ်ခဲ့သလဲပေါ်မှာ မူတည်ပါတယ်။ ရှုံးရှုံးမြတ်မြတ် ရှေ့ဆက်သွားဖို့ အရေးကြီးပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဲဒီအရှုံးတွေကသာ အမြတ်ဖြစ်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ဆက်လျှောက်ပါ။

အလုပ်တခုကို ခဏတာဆိုတာထက် တာရှည်ခံတဲ့ ၊ အောက်ခြေခိုင်တဲ့ အလုပ်ဖြစ်ဖို့ အားလုံးကို စနစ်တကျ တည်ဆောက်ပြီးမှ လုပ်ပါလို့ အကြံပြုချင်ပါတယ်။ ပြီးတော့ အဲဒီလိုကြိုးစားချင်စိတ်ရှိနေတဲ့ လူငယ်တွေကို မတားပါနဲ့။ လမ်းဖွင့်ပေးလိုက်ပါ။ ကျမတို့ဆီမှာ အရည်အချင်းရှိတဲ့ Creative ကောင်းတဲ့ လူငယ်တွေ အများကြီး ရှိနေပါတယ်။  ။

Loading