မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အန္တရာယ် လျော့ကျရေး အတွက် အစိုးရ နှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း များ ပူးပေါင်းကာ ဘိန်းစိုက်ပျိုးမှု လျော့ကျရေး၊ မူးယစ်ဆေးစွဲသူများ ကို ဆေးဖြတ်ပေးခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ဆိုင်ရာ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ သို့သော် မူးယစ်ဆေးဝါး နှင့် ပတ်သက်သည့် ဥပဒေပိုင်း ဆိုင်ရာများတွင် အားနည်းချက်များ ရှိနေရာ ယင်း ဥပဒေ အားနည်းချက်များ ပပျောက်ရေး၊ ပြင်ဆင်နိုင်ရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများ ကို ဆေးဖြတ်ပေး နိုင်ရေး၊ တန်းတူ ဘဝရှင်သန်ရေး စသည့် ကိစ္စများတွင် အကူအညီပေးနေသည့် မူးယစ်ဆေးဝါးသုံးစွဲသူများကွန်ရက် မှ အကြံပေး တဦး ဖြစ်သလို လူထုကျန်းမာရေး၊ HIV နှင့် မူးယစ်ဆေးဝါး ပြဿနာစသည့် ကိစ္စရပ်များကို ဆယ်စုနှစ်တခု ကျော်ကြာ အထူးပြု လေ့လာခဲ့သူ ဒေါက်တာ နန်းပန်းအိခမ်း ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်း က ဧပြီလ အတွင်း က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဒေါက်တာ နန်းပန်းအိခမ်း အနေနဲ့ မူးယစ်ဆေးဝါး ဥပဒေ ပြင်ဆင်ရေးလုပ်ငန်းကို ထဲထဲဝင်ဝင် ဆောင်ရွက်ဖြစ်လာတာ ဘယ်လို တွန်းအားတွေကြောင့်ပါလဲ။
ဖြေ။ ။ ပထမဆုံး ဒီအလုပ်တွေ စလုပ်တာက HIV နဲ့မူးယစ်ဆေးဝါး ပြဿနာတွေ အကြောင်း စစ်တမ်းကောက်ယူတဲ့ လုပ်ငန်းကနေ Asia Harm Reduction မှာ လားရှိုးနဲ့ လောက်ကိုင်မှာ ဆာဗေးအဖွဲ့ကို ၂၀၀၅ ခုနှစ်မှာ ဦးဆောင်တယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေ အကြောင်း တဖြည်းဖြည်းနဲ့ သိလာတယ်။ သူတို့ ဘဝလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ရတယ်။ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ၊ လူမှုရေး ပြဿနာတွေရော အများကြီးရှိတယ်။ အဲဒီကနေ နောက်ပိုင်းမှာ တခြား အေဂျင်စီတွေဖြစ်တဲ့ Burnet Institute မှာ နည်းပညာအထောက်အပံ့ အနေနဲ့ သင်တန်းပေးတယ်။ ကျမ က ဆရာဝန် ဖြစ်တဲ့ အတွက်ကြောင့်မို့ ကျန်းမာရေးဘက်ကို အလေးပေးတယ်။ နောက် harm reduction (အန္တရာယ်လျှော့ချရေး) ကလည်း ကျန်းမာရေးနဲ့ ဆက်စပ်တယ်ဆိုတော့ ဒါကို ဇောင်းပေးတယ်။
မူဝါဒပိုင်းကတော့ ၂၀၁၃ ခုနှစ်မှာ အမေရိကန်မှာ Humphery ဖဲလိုးရှစ် သွားတက်ရင်း မူးယစ်ဆေးဝါး ဆိုင်ရာ မူဝါ ဒအပိုင်းကို စိတ်ဝင်စားလာတယ်။ အဲဒီအချိန်က အမတို့နိုင်ငံမှာ ဒီမူဝါဒပိုင်းနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရလာတဲ့ အချိန်မှာ ရှိတယ်။ အရင်ကဆို ဥပဒေ ပြောင်းလဲဖို့ အရေးဆိုတာ ပြောဆို ဆွေးနွေးခွင့် မရခဲ့ဘူး။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ပြောလို့ ရလာတယ်။ နိုင်ငံထဲမှာလည်း ဒီလိုမျိုး လူတွေ၊ resources တွေ လိုနေတယ်ဆိုတာ သိတော့ မူဝါဒဘက်ကို လေ့လာတယ်။ ပြန်လာတဲ့အခါမှာလည်း ဆက်ပြီးတော့ လုပ်ဖြစ်တယ်။ ဆရာဝန် တယောက်အနေနဲ့ clinically (ဆေးခန်းထိုင်ဆေးကုတာမျိုးတော့) မလုပ်ခဲ့ဘူး။ လူထု ကျန်းမာရေးကိစ္စ တွေကိုပဲ ဇောင်းပေးလုပ်ခဲ့တယ်။
မေး။ ။ မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲရေးဆိုင်ရာ လှုံ့ဆော်ရေး အဖွဲ့ (DPAG) ကို ဘယ်အချိန်မှာ စတင် ဖွဲ့စည်းခဲ့တာပါလဲ။
ဖြေ။ ။ ကျမတို့က ၂၀၁၄ ခုနှစ်မှာ အဓိက မူးယစ်ဆေးဝါး မူဝါဒတွေ ပြောင်းလဲ သင့်တယ် ဆိုတဲ့ စိတ်တူကိုယ်တူ ရှိတဲ့အဖွဲ့တွေ၊ မူးယစ်ဆေးဝါး အန္တရာယ် လျှော့ချရေး ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်နေတဲ့ မိတ်ဖက် အဖွဲ့အစည်းတွေ၊ ဘိန်းစိုက် တောင်သူတွေနဲ့ ပူးတွဲ လုပ်ဆောင်နေတဲ့ အဖွဲ့တွေ၊ မူးယစ်ဆေးသုံးစွဲသူများ ကွန်ရက်(Drug-users network) တွေ နဲ့ မူးယစ်ဆေးဝါး ဆိုင်ရာမူဝါဒ (drug policy) ပြောင်းလဲဖို့အတွက် စည်းရုံးလှုံ့ဆော်နိုင်ဖို့ အားလုံး ပူးပေါင်း ပါဝင်နိုင်တဲ့ အဖွဲ့လေးတွေ ရှိသင့်တယ်ဆိုပြီး ဒီအဖွဲ့ကို စခဲ့တာ။ အရင်တုန်းကတော့ အဖွဲ့ဝင်တွေ အားလုံးက အန္တရာယ်လျှော့ချရေး ဝန်ဆောင်မှုတွေ ပေးနေတဲ့အဖွဲ့တွေ၊ တချို့ကလည်း သုတေသနအဖွဲ့၊ တချို့ကလည်း ပေါ်လစီပိုင်းဆိုင်ရာ လုပ်နေကြတယ်။ ကျမတို့ ပူးပေါင်းပြီး လိုအပ်ချက်တွေကို မျှဝေမယ်။ ရည်ရွယ်ချက်က ပေါ်လစီမှာ ဘာတွေ ပြုပြင် ပြောင်းလဲသင့်တယ်ဆိုတာ ဆွေးနွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တယ်။
မေး။ ။ ဒေါက်တာ နန်းပန်းအိခမ်း ကရော အဲဒီအဖွဲ့မှာ ဘယ်လို တာဝန်ယူထားပြီး ဘယ်အဖွဲ့အစည်း ကို ကိုယ်စားပြုဆောင်ရွက်တာလဲ ဆိုတာကို သိချင်ပါတယ်။
ဖြေ။ ။ ကျမက ဘယ်အဖွဲ့ကိုမှ ကိုယ်စားမပြုဘူး။ Coordinator ဖြစ်တဲ့ အတွက်ကြောင့် ဒီအဖွဲ့ဝင် တွေ ညီညီမျှမျှ နဲ့ အားလုံး ပူးပေါင်း ပါဝင်နိုင်ဖို့ အတွက် ဆက်သွယ် ဆောင်ရွက်ပေးတယ်။ အဖွဲ့ဝင်တွေ ကတော့ မြန်မာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (MANA), Save the Children, HIV/AIDS Alliance, မြန်မာ မူးယစ်ဆေးသုံးစွဲသူများ ကွန်ရက် (NDUNM), မြန်မာဘိန်းစိုက် တောင်သူများဖိုရမ် (MOFF), TNI, မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ Medecins du Monde (MdM) အဖွဲ့တွေနဲ့ တသီးပုဂ္ဂလတွေပါတယ်။
မေး။ ။ မူဝါဒ ပြုပြင် ပြောင်းလဲရေးတွေ ကြိုးပမ်းခဲ့တဲ့ ၂ နှစ်တာ အတွင်း ဘယ်လို စိန်ခေါ်မှုတွေ ကြုံရလဲ။ ဒေါက်တာ နန်းပန်းအိခမ်း တို့ မျှော်မှန်းသလောက် ဖြစ်လာခဲ့သလား။
ဖြေ။ ။ စိန်ခေါ်မှုတွေထဲက တခုကတော့ မူးယစ်ဆေးဝါး ပြဿနာက ကျမတို့ နိုင်ငံမှာ ကြီးမားတဲ့ ပြဿနာ၊ နောက်ပြီးတော့ ထိရှလွယ်တဲ့၊ sensitive ဖြစ်တဲ့ ခေါင်းစဉ်လည်း ဖြစ်တော့ အခက်အခဲတွေတော့ အများကြီးရှိတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ဘက်ကနေ ရပ်တည်တယ်၊ ဘိန်းစိုက်တောင်သူတွေ ဘက်ကနေ ရပ်တည်တယ် ဆိုတဲ့အခါကျတော့ ကျမတို့အနေနဲ့ ပေါ်လစီတွေ တွေ့ဆုံ ဆွေးနွေးတဲ့အခါ ကြိုးစားခဲ့ရတယ်။ ပေါ်လစီအဆင့်မှာ ရုတ်တရက် ပြောင်းလဲဖို့ကလည်း မလွယ်ဘူး။ အဆင့်ဆင့် ချဉ်းကပ်ပြီးတော့မှ ပြောဆို ဆွေးနွေးရတယ်။
မေး။ ။ နိုင်ငံတော် အဆင့်မှာ မူဝါဒ ပြောင်းဖို့ အစိုးရဌာနတွေနဲ့ ပူးပေါင်း လုပ်ဆောင်ပြီး ဥပဒေတွေ ပေါ်လာဖို့ ဆောင်ရွက်နေတယ်ဆိုတော့ လက်ရှိလုပ်နေတဲ့ ဥပဒေကြမ်းက ဘယ်အဆင့် အထိ ရောက်နေပြီလဲ သိချင်ပါတယ်။
ဖြေ။ ။ ဥပဒေကြမ်းတွေ ပြုဖို့အတွက် မနှစ်တုန်းကတော့ မူးယစ်ဗဟိုအဖွဲ့ (CCDAC) နဲ့ UN အေဂျင်စီတွေက Organize လုပ်တဲ့ပွဲမှာ တက်ရောက်ပြီး ပူးပေါင်း ပါဝင်ပြီး မူဝါဒ ပြောင်းလဲဖို့ အတွက် ဆွေးနွေးခဲ့တယ်။ အဲဒီအထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို အပြစ်ဒဏ် လျော့ပေါ့ပေးဖို့ နဲ့ သူတို့ကို မူးယစ်ဆေးဝါး သုံးစွဲတာကြောင့် အပြစ်မယူဘဲ ဆေးဝါး ကုသမှု ခံခွင့်ရရေး ကူညီ ပေးဖို့၊ ဘိန်းစိုက် တောင်သူတွေ အတွက်လည်း ဥပဒေ လျော့ပါးပေးဖို့ Advocate လုပ်ခဲ့တယ်။
မေး။ ။ မြန်မာပြည်မှာ အစ်မတို့ ကမ်ပိန်း လုပ်နေတဲ့ မူးယစ်ဆေး သုံးစွဲသူတွေ၊ ဘိန်းစိုက် တောင်သူတွေ အတွက် အရေးတကြီး ပြောင်းဖို့ လိုအပ်နေတဲ့ ဥပဒေက ဘယ်လိုဟာမျိုးလဲ။
ဖြေ။ ။ အဓိကအားဖြင့် မူးယစ်ဆေးသုံးစွဲသူတွေနဲ့ ဘိန်းစိုက်တောင်သူတွေကို ရာဇဝတ်သားအဖြစ် မသတ်မှတ်စေချင်ဘူး။ မူးယစ်ဆေးဝါး သုံးစွဲသူပဲ ဖြစ်ဖြစ်၊ အသေးစား ဘိန်းစိုက် တောင်သူပဲ ဖြစ်ဖြစ်၊ အသေးစား ရောင်းဝယ် ဖောက်ကားသူတွေပဲ ဖြစ်ဖြစ် သူတို့ကို ကြီးလေးတဲ့ အပြစ်ဒဏ်တွေ၊ အခုက မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ထောင်ဒဏ်က ၃ နှစ်ကနေ ၅ နှစ်အထိ ချမှတ်နိုင်တယ်။ ဘိန်းစိုက် တောင်သူတွေလည်း ဒီလိုပဲ ဘိန်းစိုက်ပျိုးတဲ့အခါ ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်အထိ ကျနိုင်တယ်။ ဒီလိုဥပဒေတွေကို လျော့ပေါ့စေချင်တယ်။ နောက်တခု က မူးယစ်ဆေးဝါး သုံးစွဲသူတွေအတွက် အန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်တွေကို တရားဝင် ဆောင်ရွက် စေချင်တယ်။